အခန်းဆက်များ

May Kha – မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၂၇)

မေခ (Twilight Over Burma – 27)
မေ ၁၄၊ ၂၀၁၂
အခန်း (၁၃)

သုံးရက်မြောက်နေ့တွင် စဝ်သည် အဝတ်အစားလဲခွင့်နှင့် တဲအပြင်ဘက်တွင် ရေချိုးခွင့်ရလေသည်။ဒီလိုပုံမျိုးအပြင်မှာ သူရေမချိုးခဲ့ဖူးချေ။ သို့ရာတွင် အစောင့်ကသယ်ယူလာပေးသော ရေပုံးနှစ်ပုံးထဲက ရေအေးအေးကိုသူ နှစ်ခြိုက်စွာပင် ချိုးချလိုက်သည်။ သူသည် ခေါင်းမှစ၍ ပုခုံးပေါ်မှစီးကျသွားအောင် အသေအချာစဉ်းစားပြီး လောင်းချလိုက်သည်။ သူ့တကိုယ်လုံးကို တလက်မမကျန်ထိတွေ့ပြီး သန့်ရှင်းသွား အောင် သူလောင်းလေသည်။ သူရေချိုးနေချိန်တွင် သူ့အားနှိမ်ချသောအားဖြင့် လက်နက်ကိုင်ဆောင်ထားသော အစောင့်လေးယောက်က စောင့်နေကြသည်။ စဝ်သည် သူအဖမ်းခံရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ခန္ဓာကိုယ်သည် ပြန်လည်လန်းဆန်းလာသည်ဟု ခံစားရ သည်။ သူသည် ပုံမှန်အတိုင်း သူ့ရုပ်ရော စိတ်ပါပြန်လည်အားရှိလာဖို့ သူပြန်တည်ဆောက်မည်ဟု ဆုံးဖြတ်လိုက်သည်။

တကျွိကျွိမြည်သော ဝါးကြမ်းခင်းပြင် တဲလေးအတွင်းသူပြန်ရောက်သောအခါ သူသည် ယောဂကျင့်စဉ်များကို ပြန်လည်စဉ်းစားပြီး လေ့ကျင့် သည်။ ညောင်းနေသောခြေထောက်တွေကိုဆန့်ထုတ်ပြီး အသက်ရှူလေ့ကျင့်ခန်းပါ တွဲလုပ်သည်။ သူတို့အရင်က ဘယ်အချိန်မှာဖြစ်ဖြစ် အတူတွဲလုပ်လေ့ရှိသောကြောင့် အခု သုစန္ဒာကတယောက်တည်း ယောဂကျင့်စဉ်များကိုဆက်လုပ်ပါ့မလားဟု တွေးပူမိလိုက်သေးသည်။ သူသည် အိမ်မှ မကြာခဏပင်ခရီးထွက်တတ်လေရာ အခုနောက်ကျမှပင် သူသည် အလွန်နောင်တရနေမိတော့သည်။ သူ့ကြိုးစားအား ထုတ် မှုနှင့် အနစ်နာခံခဲ့မှုများသည် ၁၅ နှစ်ကြာခဲ့သော်လည်း မတ်လနွေနံနက်ခင်းတရက်တွင် အလကားဖြစ်သွားခဲ့ရလေတော့သည်။


အမေရိကန်မှဘွဲ့ရပြီး မြန်မာနိုင်ငံသို့အပြန်တွင် မိန်းတိုင်းနယ်က သူ့ကို တိုက်ရိုက်ဒီမိုကရေစီနည်းလမ်းကျကျ ရွေးချယ်တင်မြှောက်လိုက် သောအခါ သူသည် ပြဿနာများနှင့်ရင်ဆိုင်ရတော့မည်ကိုသိခဲ့ကြောင်း ပြန်အမှတ်ရမိလေသည်။ ထိုစဉ်က သူသည် ပြည်နယ်တွေ၏ အကျိုးစီးပွားအတွက် လုပ်စရာများကို ထင်ထင်ရှားရှား သိမြင်လာခဲ့သည်။ နောက်တွင် ပြည်နယ်များ၌ စက်ရုံအသစ်များ၊ ဆောက်လုပ်ရေး စီမံကိန်းများ၊ လူမှုရေးအစီအစဉ်များ စသည်တို့လုပ်ဖို့ ဘတ်ဂျက်လိုနေခဲ့သည်။ သည်လိုအပ်ချက်များကို သူသည် လွှတ်တော်တွင်တင်ပြဖို့ လုပ်ထားသည်။ ဘယ်လောက်များ ရယ်စရာကောင်းပြီး အရူးဖြစ်နေလိုက်ပါသလဲ။
….. ….. …..

စဝ်တို့မှာ မကြာခဏ ကြမ်းကြမ်းတမ်းတမ်း ကျူးလွန်စော်ကားခံခဲ့ကြရသည်။ မတရားတိုက်ခိုက်လုယက်၊ မုဒိန်းကျင့်သတ်ဖြတ်မှုများကို သောင်းကျန်းသူတွေ ကျူးလွန်နေကြကြောင်းကို နမ်လန်၊ မုန်းကု၊ ကလာကွေတို့က ဘူဟန်းများသည် စဝ်ထံသို့လာရောက် တိုင်ကြားကြလေ သည်။ သူတို့သည် နယ်မြေကိုကာကွယ်သည်ထက် ရိုင်းစိုင်းယုတ်မာသော ဓါးပြအဖွဲ့လို ပြုမှုနေကြလေသည်။ စဝ်ရောက်ရှိသွားသော ရွာ တွေတွင် မီးလောင်ထားပြီး မီးခိုးငွေ့များတငွေ့ငွေ့လောင်နေတာတောင် ကြုံတွေ့ခဲ့ရလေသည်။ ဒုက္ခသည်များကို ကူညီနေရတာနှင့်ပင် သူ၏သတ္ထုရှာဖွေရေးကိုပင် မလုပ်နိုင်တော့ချေ။ မိသားစုများသည် ပိုင်ဆိုင်မှုများအားလုံးဆုံးရှုံးခဲ့ကြရပြီး သူတို့သည် အလွန်ကြောက်ရွံ့တုန် လှုပ်နေကြတော့သည်။ သူတို့တခါ ပေါ်တာဆွဲကြပြန်သေးလေသည်။ စဝ်သည် အလွန်ကြောက်ရွံ့အံ့အားသင့်သွားပြီး အရာရာသည် ပျက်စီးသွားရသလိုမျိုး ခံစားလိုက်ရသည်။ စဝ်က သက်သေအဖြစ် ရွာတွေကိုသွားရောက် ကြည့်ရှုတာကို သောင်းကျန်းသူတို့သိသွားပြီး ပို၍ဒေါသပုန်ထကြသည်။ စဝ်က ဒီလိုအဖြစ်မျိုးကို နောက်ထပ်မဖြစ်စေရပါဖူးဟု သူ့နယ်ကလူထုကို အာမခံချက်မပေးနိုင်ခဲ့ချေ။ ထိုအဖြစ် အပျက်များအတွက် စစ်ဆေးလေ့လာပြီး အပြစ်ပေးတုန့်ပြန်ဖို့တာဝန် သူ့မှာရှိသည်ကို သတိရနေမိပြန်လေသည်။ စဝ်က သောင်းကျန်းသူခေါင်း ဆောင်ကိုပြောဆိုသောအခါ သူတို့က မောက်မာစွာပြန်လည်တုန့်ပြန်ကြပြီး သရော်စော်ကားမှုသာပြခဲ့ကြလေသည်။ အားလုံးခြုံကြည့်လိုက် သော် သူတို့မှာလက်နက်ရှိသည်။

အခုပဲကြည့် စဝ်သည် သူဝတ်ထားသော ထောင်သားအင်္ကျီကိုကြည့်လိုက်သည်။ သူအခုထိ အပြစ်ဒဏ်ကိုခံနေရသည်။ သူ မဟာတ္တမဂန္ဒီ ကို စဉ်းစားနေမိသည်။ မရှိတော့သည့်မျှော်လင့်ချက်ကို သူငြင်းဆန်နေသလိုဖြစ်နေသည်။

သူနှင့်လုပ်ဖော်ကိုင်ဖက်များလည်း အကျဉ်းကျခံနေရမည်ထင်သည်။ သူ့အား တဲအပြင်ဘက်ထွက်ခွင့်ပြုစဉ်က ဖြတ်ကနဲတွေ့လိုက်ရသော ရင်းနှီးသည့်မျက်နှာမျိုးကို သူရအောင်ပြန်တွေးနေသည်။ သို့သော် သူနှင့်သိကျွမ်းသော အကျဉ်းသားမျက်နှာမျိုးကို တယောက်မှ မတွေ့ရ ချေ။ ထူးဆန်းသည်မှာ သူ့အကိုကျတော့ သည်မှာဖမ်းဆီးထားခြင်းမရှိခြင်းဖြစ်သည်။ စဝ်အားဖမ်းဆီးအပြီးတွင် တောင်ကြီးမြို့အထွက် ဂိတ် တွင် သူတို့ကိုတွေ့ခဲ့ရသော်လည်း စကားပြောခွင့်မရခဲ့ချေ။ စဝ်ကိုတယောက်တည်း သီးခြားခွဲထားသည်ကို သံသယရှိနေမိသည်။ သူ့မူလ အစီအစဉ်က တောင်ကြီးသွားရမည့်အစား သူသည်ရန်ကုန်မှာနေခဲ့ဖို့ရှိလေသည်။ သူ့ကို အခြားလူတွေထဲမှ တယောက်တည်းရွေးပြီး အ ကျဉ်းချထားပုံရလေသည်။ သူအံ့သြတာက သောင်းကျန်းသူတွေစိတ်ထဲတွင် သူ့ကို မည်သို့တွေးနေကြသည်ကို နားမလည်ဖြစ်ရသည်။

သူသံသယဖြစ်ရသည်မှာ သူ့ကို ဂရုမစိုက်ပဲပစ်ထားကြသည့်အကြောင်းရင်းကိုဖြစ်သည်။ သူ့ကိုဖမ်းလာစဉ်က တကြိမ်သာ လာရောက်မေးခွန်း တွေ မေးသေးလေသည်။ သူသည် ရက်စက်ကြမ်းကြုတ်သော သူတို့ခေါင်းဆောင်နှင့်တပည့်များထံမှ သနားကြင်နာမှုကိုတောင်းဖို့ အင်အား မရှိသလိုဖြစ်နေတာ သူသိသည်။ သည့်မတိုင်ခင်က သူသည် သည်လိုအခြေနေမျိုးကို တခါမှမနေခဲ့ဖူးချေ။ သည်လို အတိဒုက္ခရောက်နေ တာတောင်မှ သူသည် တည်ငြိမ်အေးချမ်းစွာဖြင့် အကြောက်ကင်းမဲ့ပြီး ရင်ဆိုင်နိုင်နေတာကို အံ့သြနေမိလေသည်။ သည်နေရာတွင် သူလုပ် နိုင်တာနည်းနည်းလေးရှိပြီး ထိုအရာသည် နောက်ထပ်လာမည့် ယူနီဖောင်းဝတ်သောင်းကျန်းသူကို စောင့်နေခြင်းပဲဖြစ်လေသည်။

စဝ်သည် အမြဲပင်စဉ်းစားပြီး အနာဂတ်အတွက် စီမံကိန်းများချနေတတ်လေသည်။ အခုတော့မူ သူသည် နာကျင်စွာဖြင့် နောက်လာမယ့်နေ့ လာမယ့်အပတ် လာမယ့်လတွေကို မျှော်လင့်နေရသည်။ ထိုနေ့ အပတ် လတို့သည် တကယ်ဖြစ်လာမလား သူမသိ။ စဝ်သည်သူ့အတွေးကို အတိတ်ဆီပြန်သွားလိုက်သည်။ မှတ်ဉာဏ်ထဲမှ အင်အားနှင့်မျှော်လင့်ချက်တို့ကို ပြန်ရှာရမည်။

သူ့မိန်းမနှင့်သမီးတွေအကြောင်း မတွေးတော့လျှင် သူကြိုက်နှစ်သက်သော စီမံကိန်းတွေအကြောင်းတွေးလေသည်။

သတ္ထုတူးဖော်ရေးနှင့် လယ်ယာစိုက်ပျိုးရေးသည် စဝ်အတွက် အတူတူပင် အရေးကြီးလှသည်။ သူအမေရိကန်တွင် ကျောင်းတက်နေစဉ်က ဘာလို့ သူသည် သတ္ထုတူးဖော်ရေးကို လယ်ယာစိုက်ပျိုးရေး ကောလိပ်ထက်ပိုသဘောကျပြီး တက်ဖို့ဆုံးဖြတ်ခဲ့တာလဲဆိုတာကို အံ့သြ သည်။ သို့သော် သူပြန်လာသောအခါ သူသည် စိတ်ဝင်စားမှုနှစ်ခုလုံးကို အမိဖမ်းဆုတ်ကိုင်နိုင်ခဲ့သည့်အတွက် အဆင်ပြေခဲ့သည်။ သူသည် တခု၊ ဒါမှမဟုတ် တခြားဟာတွေရွေးနေစရာမလိုတော့ချေ။ သူသည် လယ်သမားတွေအတွက် လုပ်ပေးနိုင်စွမ်းရှိနေသည်။ အဘယ့်ကြောင့် ဆိုသော် သူသည် သီးနှံပေါ်တွင်မှီခိုပြီး ဘဝကိုရပ်တည်နေသူမဟုတ်သောကြောင့်ဟု သုစန္ဒာက မကြာခဏထုတ်ပြခဲ့ဖူးသည်။ သူသည် လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သော အတွေ့အကြုံအလွန်နည်းပါးပြီး ရင်းနှီးစိုက်ထုတ်မှုသာပေးခဲ့သူဖြစ်သည်ကို စဝ်ဝန်ခံရလေသည်။ သို့ရာတွင် သူ၏လိမ္မော်စိုက်ပျိုးရေးသည် တနေ့တွင် အရင်ကအရှုံးတွေကို ကာမိမည်ဟု သဘောပေါက်နေလေသည်။

စဝ်သည် လွိုင်ကော်တွင်စိုက်သော နာနတ်သီးအကြောင်းကိုတွေးသည်။ လွန်ခဲ့သောသုံးနှစ်က သူအလွန်သဘောကျခဲ့သော စီမံကိန်းတခု လည်း ဖြစ်သည်။ သူသည် တောကိုခုတ်ထွင်ရှင်းလင်းဖို့ရွာသား ရာပေါင်းများစွာကို အလုပ်ပေးနိုင်ခဲ့သည်။ ထိုနေရာသည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃ဝဝဝ အမြင့်တွင်ရှိပြီး တောင်ကုန်းနှစ်ခု ကွယ်နေခါ လွိုင်ကော်ရွာအနီးတွင်တည်လေသည်။ သူ့အလုပ်သမားများ သည် အလွန်ဦးနှောက်ကောင်းကြသူများဖြစ်သည်။ အလွန်ကြီးမားသောသစ်မြစ်ကြီးများကို လယ်ထွန်စက်ဖြင့် ထိုးပြီးရွေ့ပစ်သည်။ ပြီး နောက် မြေနီများကို စိုက်ပျိုးဖို့ပြင်သည်။ ထိုအပင်များကို မေမြို့မှကြီးမားသော ထရပ်ကားများဖြင့် သယ်ဆောင်လာကြသည်။ နောက်ဆုံးတွင် ယာကွင်းသည် မဆုံးနိုင်အောင်ပေါများလှသည့် နာနတ်ပင်ပေါက်လေးတွေတန်းစီစိုက်ထားရာ ယာတောတခုလုံးပြည့်ပြီးနေတော့သည်။ စဝ်သည် သူ့စွမ်းဆောင်နိုင်မှုကို အလွန်အမင်းကျေနပ်ခဲ့လေသည်။ ထိုအချိန်တွင် စပါးစိုက်သောလယ်သမား ၄ဝဝ သည် သူ့ကိုလာပြီး အရို အသေပေးကန်တော့ကြသည်ကိုလည်း အမှတ်ရနေမိလေသည်။ အရှေ့စံအိမ်တော်တွင် အခမ်းအနားပြီးသွားသောအခါ စဝ်က သူ့နာနတ် ခင်းတွေကို လယ်သမားများအားဖိတ်ခေါ်ပြသဖို့လုပ်လေသည်။ သို့သော်ငြားလည်း နာနတ်ခင်းဆီ ခဏလေးသွားဖို့ မဖြစ်နိုင်သော စီစဉ်မှု ဖြင့် ဘတ်စကား ၁ဝ စီးသာ ခရီးတိုလေးအတွက်လုပ်ပေးနိုင်ခဲ့သည်။ စပါးစိုက်သောလယ်သမားများသည် မဆုံးနိုင်သော နာနတ်ခင်းတန်း ကြီး၏အလယ်တွင်ရပ် ကြည့်နေကြသည်။ တောဖုံးနေသော တောင်တဘက်ခြမ်းကို နာနတ်ခင်းအဖြစ်ပြောင်းလဲပစ်လိုက်သည့်အတွက် အံ့ သြ လန့်ဖျပ်နေကြလေသည်။

“ကျွန်တော့်ကလေးတွေကို ဒီခေါ်လာမယ်” လယ်သမားတယောက်က စဝ်ကိုပြောသည်။
“သူတို့ ဒါကိုမြင်စေချင်တယ်။ ဒါမှ သူတို့အတွက် အနာဂါတ် အိပ်မက်ရှိလာမှာ” စဝ်က သူ့လူတွေကို ဘာလုပ်နိုင်လဲဆိုတာကိုပြချင်နေတာဖြစ်သည်။

သူတို့ထွန်ယက်စိုက်ပျိုးချိန်တွင် ပြဿနာကစတတ်လေရာ သူတို့မျက်လုံးထဲတွင် သူတို့အောင်မြင်မှုကို မလျော့ပါးသွားစေချင်သလို လယ် ယာစိုက်ပျိုးသောအတွေ့အကြုံကြောင့်လည်း စိတ်ဓာတ်မကျစေချင်ပေ။

အလွန်အရသာရှိသော ချိုစိမ့်ရွှမ်းစိုသောနာနတ်သီးများသည် ရန်ကုန် မန္တလေးဈေးကွက်သို့ပို့ရန် အဆင်သင့်ဖြစ်နေလေပြီ။ ထိုအချိန်တွင် နာနတ်သီးဈေးများ ဗြုံန်းဆိုထိုးကျသွားသည်။ ခူးဆွတ်စရိတ်နှင့် သယ်ယူပို့ဆောင်စရိတ်တွေကို မကာမိချေ။ စဝ်သည် ဖြစ်ပေါ်လာမည့်အ ရာများကို ကြိုတင်မတွေးထားခဲ့ချေ။ ထွက်လာသောနာနတ်သီးများကို ချက်ခြင်း စည်သွတ်ဗူးသွင်းဖို့စီစဉ်လိုက်နိုင်လျှင် မရှုံးနိုင်တော့ပေ။ နောက်ဆုံး ထွက်လာသောအဖြေမှာ ဈေးကွက်ပြဿနာပင်ဖြစ်လေ၏။ သူသည် အသေးစိတ် အနီးကပ်စစ်ဆေးပြီးသောအခါ သည်စီမံ ကိန်းကို ပစ်လိုက်ရတော့သည်။

သူ့လယ်မှထွက်သော နာနတ်သီးများသည် စည်သွတ်ဗူးထည့်လျှင် အလုပ်အများဆုံး တနှစ်တွင် ၃ ပတ်စာသာရှိလေသည်။ ဒေသခံတောင် သူများသည် ဆုံးဖြတ်ချက်ချပြီး ကြိုးစားအားထုတ်၍ စိုက်ပျိုးကြမည်ဆိုလျှင်တော့ စည်သွတ်ဗူးအတွက် လိုအပ်သောအရေအတွက်ကို ထွက်နိုင်သည် ဖြစ်နိုင်ချေရှိသည်ဟု လူတယောက်က ထင်မြင်ယူဆလေသည်။

စဝ်သည် အခြားသီးနှံများကိုလည်း သူ၏မြေနည်းနည်းလေးပေါ်တွင် စမ်းသပ်စိုက်ပျိုးခဲ့ဖူးလေသည်။ အထူးသဖြင့်ကတော့ ဂျင်းနှင့် ကော်ဖီ ဖြစ်သည်။ နှစ်မျိုးလုံးက အလားအလာကောင်းသဖြင့် သူသည်စိတ်လှုပ်ရှားစွာဖြင့် သူ့စိုက်ပျိုးရေးဘက်ကို ပြန်လှည့်လာသည်။

သူ အဓိက အာရုံစူးစိုက်ထားပြီး ဆက်လုပ်ရမည်မှာ သတ္ထုတူးဖော်ရေးလုပ်ငန်းဖြစ်လေသည်။ နှစ်ပေါင်းများစွာ သူပြင်ဆင်ထားခဲ့သော တိုင်းမိုင်းကုမ္ပဏီသည် စတင်လည်ပတ်နိုင်ပေပြီ။ သြစတေးလျယား ဘူမိဗေဒပညာရှင်ကို ခေါ်ယူငှားရမ်း၍ ဝေးကွာလှသောပြည်နယ်အစွန် အဖျားတွေအထိ လမ်းလျှောက်ပြီး အလားအလာရှိနိုင်သော သတ္ထုရိုင်းမြေအမှုန်များကို လေ့လာသည်။ ခဲနှင့် ငွေသတ္ထုရိုင်းကြောကြီးကို ကလာကွေ့ဒေသတွင်တွေ့ရှိကြောင်း သူတို့အတူတကွဆုံးဖြတ်ခဲ့ကြပြီး ပထမဆုံးသော မိုင်းရှာဖွေတွေ့ရှိမှုဖြစ်သည်။ နေရာကတော့ အ ဆင်သင့်ဖြစ်နေသည်။ တူးဖော်မည့်အဖွဲ့နှင့် လိုအပ်သောစက်ပစ္စည်းကိရိယာများကတော့ လမ်းခရီးတွင်သာရှိနေသေးလေသည်။ စဝ်သည် အရဲစွန့်ပြီး ဖြစ်လိုရာဖြစ်သဘောထားကာ နောက်တခါ လွတ်လပ်ချင်သည်။ မိုင်းအလုပ်ကို လွတ်လပ်စွာ၊ လယ်အလုပ်ကိုလွတ်လပ်စွာ၊ ဆားထုတ်လုပ်ရေးလုပ်ငန်းကို လွတ်လပ်စွာဖြင့် အလုပ်များကို လုပ်လိုက်ချင်သေးသည်။ ထိုအလုပ်များကို လွန်ခဲ့သော ၂ ပတ်က သူသည် နမ့်ပန်းတွင် ထားခဲ့ရလေသည်။

စဝ် မီးခိုးနံ့ရသည်။ ပထမတော့ သူသည် စိတ်ထဲကလှည့်စားပြီးရနေသည်ဟု ထင်လိုက်သေးလေသည်။

သူမိုင်းနေရာကိုသွားစဉ်က စခန်းနေရာတွင် တညလုံးလောင်သောမီးအကြောင်းကို သွားအမှတ်ရမိပြန်လေသည်။ သို့သော် မီးခိုးနံ့က ပိုလို့ များပြား သိပ်သည်းလာသည်။ သည်နားတဝိုက်တွင် မီးအကြီးအကျယ်လောင်နေပြီဖြစ်ကြောင်းသူသိလိုက်သည်။ စဝ်သည်အမြဲပင် နမ့်ပန်း တဝိုက်၌ မီးလောင်သည်ဆိုသောအနံ့ရလိုက်သည်နှင့် ချက်ခြင်းပင် မီးလောင်ရာနေရာသို့ မီးငြိမ်းသတ်ဖို့ အမြန်ဆောင်ရွက်သည်။

သူသိလိုက်သည်။ အိမ်မီးလောင်နေသောအနံ့ဖြစ်သည်။ သူသည် နံရံလေးဘက်ကို ဖိတိုးပြီး လှည့်ပတ်နေမိတော့သည်။ ဝါးထရံကပ်ကြားမှ အပြင်ကို သူချောင်းကြည့်သည်။ မီးလောင်နေသောမြင်ကွင်း ဘာတခုမှသူမမြင်ရ။ သူ့နှာခေါင်းကသာ အနံ့ရနေတာဖြစ်သည်။ သူ့စိတ် ထဲဖြတ်ဝင်လာသောအတွေးမှာ သောင်းကျန်းသူတွေ ရွာကိုမီးရှို့နေကြပြန်ပြီလား။ ကံကောင်းကြပါစေဟု သူမဝံ့မရဲ ဆုတောင်းနေမိလေ သည်။ ဥသြဆွဲသံလည်း မကြားရ၊ လူတွေပြေးလွှားအော်ဟစ်သံလည်း မကြားရ။ ဒါမှမဟုတ် အနီးအနားကရွာတွေကို သောင်းကျန်းသူတွေ မီးတင်ရှို့နေပြီထင်သည်။ ရွာကလူတွေကို အပြစ်ပေးတဲ့အနေနဲ့ သူတို့ကို ရိုကျိုးရအောင်လုပ်တာဖြစ်နိုင်သည်။

စဝ်ရင်ထဲတွင် အတွေးများရောက်လာသောအခါ ဒေါသလှိုင်းတွေကြွတက်လာလေသည်။ နမ့်ပန်းနှင့်သိပ်မဝေးသောနေရာရှိ ရွာတွေကို သောင်းကျန်းသူတွေက မီးရှို့ခဲ့ဖူးသည်။ အိမ်ပေါင်း ၂ဝဝ ကျော်မီးထဲပါသွားခဲ့သည်။ သူတို့သည် ရွာတွေကိုဝိုင်းထားလိုက်ပြီး ရွာသားအား လုံးကိုဖမ်းဆီး၍ မီးတောက်မီးလျံငရဲသို့ ပို့လေသည်။ လူပေါင်းများစွာကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့လေသည်။ အသက်မသေပဲ ကျန်ရစ် ခဲ့သူတို့က စဝ်ထံလာပြီး သူတို့အကြောင်းကို ပြန်ပြောပြကြလေသည်။

သောင်းကျန်းသူတွေက အစိုးရတပ်တွေနှင့် ရွာကဆက်သွယ်သည် သတင်းပေးသည်ဟုဆိုပြီး ပြန်လည်ပြုလုပ်ကြခြင်းဖြစ်လေသည်။

တချိန်တည်းမှာပင် နမ့်ပန်းအနီး၌ အခြားအဖြစ်တခုကလည်း ဖြစ်ပေါ်ခဲ့ပြန်သည်။ စန္ဒကူးမြစ်၏ကမ်းနှစ်ဘက်စလုံး၊ မီးရထားဘူတာရုံ၊ နမ့် ပန်းမြို့သို့ဦးတည်နေသော လမ်းသုံးလမ်းနှင့် သတိထားရမည့်တောင်တွေအားလုံးသည် စစ်ရေးအရ အရေးပါသောနေရာများဖြစ်ကြလို့ သောင်းကျန်းသူတွေက သည်နယ်မြေကို အလွန်အာရုံထားနေကြခြင်းဖြစ်လေသည်။ သောင်းကျန်းသူတပ်များသည် မဟာဗျူဟာအရအရေး ပါသောနေရာများအားလုံးတွင် တပ်စွဲထားလိုက်လေသည်။ သောင်းကျန်းသူတပ်စိတ်တစိတ်သည် နမ့်ပန်းသို့ရောက်လာပြီး မြို့မြောက်ဘက် တွင်ပျက်ကျခဲ့သော လေယာဉ်ကိုရှာကြလေသည်။ ထိုနေရာသည် ပလောင်တောင်ခြေရင်းတွင်ရှိနေသည်။ ပလောင်ရွာသားတယောက် သည် လက်ဖက်ခူးပြီးအပြန်တွင် လေယာဉ်ပျက်ကိုတွေ့ခဲ့ကြောင်း သတင်းပို့လေသည်။

သော့ပိတ်ထားသောတဲအိမ်လေးထဲတွင် နေ့တဝက်လောက်အချိန်ကုန်အောင်ကြိုးစားနေခဲ့ရပုံကို သူကပြောပြလေသည်။ သောင်းကျန်းသူ တွေသည် အရင်ကတည်းက ထိတ်လန့်စိုးရိမ်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးအမည်မသိသောလေယာဉ်များသည် ခပ်မြင့်မြင့်မှ မကြာခဏ ဖြတ်ပျံသန်းနေသောကြောင့်ဖြစ်လေသည်။ လေယာဉ်သည်အလွန်အဆင့်မြင့်ပြီး စုံစမ်းထောက်လှမ်းတာလည်းဖြစ်နိုင်သည်။ သောင်းကျန်းသူတွေသည် လက်ဖက်ခူးသောပလောင်ရွာသားကို လမ်းပြအဖြစ်ခေါ်ပြီး လေယာဉ်ပျက်ကိုနှစ်ရက်တိုင်တိုင်ရှာကြသည်။ သူ တို့ ဘာလေယာဉ် ဘာသဲလွန်စ အစအနမှ မတွေ့ကြရပါ။ ထိုအခါကျမှ လက်ဖက်ခူးသမား ပလောင်ရွာသားက သူသည်ပျင်းလို့ အိမ်အပြန် တွင် သူ့ပလိုင်းထဲ၌ ဘာမှပါမလာလို့ သူကလုပ်ကြံပြီး ဇာတ်လမ်းဆင်ပြောခဲ့တာပါဟု ဝန်ခံလေသည်။ သူသည် လက်ဖက်များများမခူး နိုင်ခဲ့သောကြောင့် ထူးဆန်းသောလေယာဉ်တစီးအကြောင်းလုပ်ကြံပြီး ဇာတ်လမ်းဆင်ကာ ထိုလေယာဉ်ကို သွားကြည့်နေရလို့ လက်ဖက် မခူးနိုင်ခဲ့ကြောင်း အကြောင်းပြပြောခြင်းဖြစ်လေသည်။ အလွန် စိတ်ဆိုးဒေါသထွက်နေသော သောင်းကျန်းသူခေါင်းဆောင်သည် ဤကိစ္စ အားလုံးနှင့် ပလောင်ရွာသား၏ကံကြမ္မာကိုလည်း လုံးဝလျှို့ဝှက်ပိတ်ပင်ထားလိုက်လေသည်။ နောက်တခါ ထိုရွာသားကိုမြင်လည်း မမြင် ရ။ သူ့အကြောင်းလည်း မကြားရတော့ချေ။

နောက်အပတ်အနည်းငယ်ကြာသောအခါ နမ့်ပန်းတဝိုက်အနီးရှိ မဟာဗျူဟာကျသောနေရာများမှာရှိသော အစောင့်တပ်တွေ ဆုတ်ခွာသွားခဲ့ လေသည်။ စဝ်သည် ဖြစ်ပျက်သမျှအားလုံးနှင့် သောင်းကျန်းသူတွေ၏ ပြစ်မှုကျူးလွန်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို မိန်းတိုင်းနယ်ကောင် စီကို တင်ပြခဲ့လေသည်။ မိန်းတိုင်းနယ်ကောင်စီသည်ခွန်မိန်းများ တရားဝင်အာဏာစွန့်ပြီးကတည်းက တရားဝင်အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ သူသည် ၆၆ ယောက်သော အရွေးချယ်ခံ ကိုယ်စားလှယ်ထဲကတယောက်ဖြစ်သည်။ အားလုံးသောကိုယ်စားလှယ်တိုင်းစီတွင် ပြောစရာ အကြောင်းများအသီးသီးရှိနေကြလေသည် ။

စဝ်သည် သူ့ကိုယ်သူကျိန်ဆဲမိရလေသည်။ သူသည် မျက်ကန်းတယောက်လို နိုင်ငံရေးအကြောင်းကို ဘာမှမမြင်ခဲ့သူဖြစ်သည်။

သူသည် သောင်းကျန်းသူတွေအကြောင်း သရုပ်မှန်ကိုပိုလို့ပင်သိထားခဲ့သူဖြစ်သည်။သူသည် အကျဉ်းသား ဖြစ်ကို မဖြစ်သင့်ချေ။ ပြီးတော့ သူ့စိတ်က သူ့မိန်းမနှင့်သမီးတို့အတွက် ကြောက်ရွံ့စိုးရိမ်စိတ်ဖြင့် သူ့ကိုယ်သူ မညှင်းပန်း မနှိပ်စက်သင့်ချေ။ သူ့အတွက်တော့ မစိုးရိမ်ခဲ့ချေ။ ညှင်းပန်းနှိပ်စက်ပြီးသတ်ပစ်လျှင်တောင်မှ သူ မကြောက်ချေ။ သို့သော် သူ့စိတ်သည် သုစန္ဒာနှင့်သူ့သမီးတွေ၏ဖြစ်နိုင်သော ကံကြမ္မာဆီ အတွေးရောက်သွားသောအခါ စဝ်သည် စိတ်ဆိုးဒေါသများထွက်လာပြီး မျှော်လင့်ချက်များ ပြိုပျက်သွားရလေသည်။
………. ….. ….
အခန်း (၁၄)
သုစန္ဒာသည် ကြမ်းခင်းပေါ်လမ်းမှန်မှန်လျှောက်နေရာမှရပ်လိုက်ပြီး ဘယ်အချိန်မှာများ ငြိမ်သက်တိတ်ဆိတ်နေခြင်းကို ပုံမှန်မဟုတ်သော အသံတခုခုက ဖျက်ဆီးပစ်လိုက်မှာပါလိမ့် ဟုတွေးနေသည်။ အပတ်စဉ် လားရှိုးသို့သွားသောလေယာဉ်သည် နမ့်ပန်းအပေါ်မှ ပုံမှန် အ ချိန်အတိုင်း ပျံသန်းသွားသည်။ စဝ်အိမ်ပြန်လာရင် ဘယ်လောက်ကောင်းမလဲဟု မျှော်လင့်ချက်သေးသေးမှိန်မှိန်လေးကို သူမဆက်ပြီး မွေး ထားလေသည်။ ဒါတောင်မှ စဝ်သည် လေယာဉ်ဖြင့်ပါလာပြီး လေယာဉ်ပေါ်မှဆင်းလာလျှင် သူမသည် လေယာဉ်ကွင်းသို့ မသွားခဲ့သည့် အတွက် တွေ့ရမည်မဟုတ်ချေ။ ဒါအသိဉာဏ်မဲ့တဲ့ သူရဲ့မျှော်လင့်ချက်အတွေးပဲ စဝ်ကို အခုထိ ရန်သူတွေကမဖမ်းမိသေးပဲ လိုက်လံ ရှာဖွေနေတုန်းပဲဟု သူမ ပြောင်းတွေးလိုက်သည်။

ဂျစ်ကားတစီးသည် စံအိမ်တော်ဝင်းအတွင်းသို့မောင်းဝင်လာပြီး ပေါ်တီကိုဆင်ဝင်အောက်မှာရပ်လိုက်သည်။ ကောလိန်ကို အော်ခေါ်နေသော သုစန္ဒာရင်းနှီးသည့်အသံကို ကြားလိုက်သည်။

“ကျေးဇူးပြုပြီး မဟာဒေဝီကိုပြောပေးပါ။ ကျွန်တော်တို့ တွေ့ဖို့ရောက်နေတယ်လို့”

မြို့ခံဆရာဝန်နှင့်သူ့မိန်းမတို့သည် လာဖို့ကြိုတင်ခွင့်တောင်းမထားပဲ အတူရောက်လာပြီး

“သွားဒီ အပ်နဲ့ဆေးထိုးပြွန်တွေကို ၁ဝ မိနစ်လောက်သွားပြုပ်လိုက်”

သူသည် အသံကျယ်ကျယ်ဖြင့်ပြောလိုက်ရာ ကောလိန်သည်ပစ္စည်းများကိုသယ်ပြီး အစောင့်အိမ်သို့သွားလေသည်။

ပြီးနောက် ဒေါက်တာခင်အောင်နှင့် သူ့မိန်းမတို့သည် သုစန္ဒာနောက်မှ အိပ်ခန်းအတွင်းသို့လိုက်ချသွားကြလေသည်။

“ဒီမှာပြောလို့ရမလား” သူက မေးလိုက်သည်။
“ဟုတ်ကဲ့ပြောနိုင်ပါတယ်” သုစန္ဒာက သူ့ကို အသေအချာပြန်ပြောသည်။

“ကျေးဇူးပြုပြီးပြောပြစမ်းပါဦး။ ကျမယောက်ျားသတင်းမဟုတ်လား” သူမသည် တောင်းတောင်းပန်ပန်ဖြင့် မမျှော်လင့်ပဲရောက်လာကြသော ဧည့်သည်နှစ်ယောက်ကို ထိုင်ခိုင်းလိုက်သည်။

“ကျွန်တော်ကြားတာတွေအားလုံးပြောပြဖို့လာခဲ့တာပဲ မဟာဒေဝီ။ ကျွန်တော်က ဒီအိမ်သားမဟုတ်ပဲနဲ့ တယောက်တည်းသော ဝင်လို့ရတဲ့ လူပဲ။ အပြင်ဂိတ်ပေါက်မှာ အစောင့်သောင်းကျန်းသူချထားတယ်။ ဘယ်မှမသွားသေးဖူး။ ကျွန်တော်တို့ ကြာကြာနေလို့ရမှာမဟုတ်ဖူး။ ကျွန် တော်ပြောသမျှကို သေသေချာချာနားထောင်ပါ။ နောက်တခါ ဘယ်တော့ပြန်လာနိုင်မယ်ဆိုတာ ကျွန်တော်လည်းမသိဖူး” ဒေါက်တာ ခင်အောင်က ထိုင်ခုံအစွန်းတွင်ထိုင်နေသည်။ သူ့လက်နှစ်ဖက်ကို မေးစေ့အောက်တွင်ခေါက်ထားသည်။ သူ့မျက်လုံးများသည် သေချာသော စိုးရိမ်မှုများဖြင့် သူမမျက်နှာကို စူးစူးကြည့်နေသည်။

“ဘာတွေဖြစ်နေတာလဲ ပြောပြပါ။ ဘာဆက်လုပ်ရမှာလဲ” သုစန္ဒာက တောင်းပန်နေသည်။
“ဘာလို့ သောင်းကျန်းသူတွေက ခွန်မိန်းကိုရှာရတာလဲ။ ဘာလို့ ကျမက အိမ်မှာအကျယ်ချုပ်နဲ့နေရတာလဲ”

“တွေ့လား ကိုယ်မှန်တယ်” ဒေါက်တာခင်အောင်က သူ့မိန်းမဘက်လှည့်ပြောလိုက်သည်။
“မဟာဒေဝီ ဘာတွေဖြစ်နေတယ်ဆိုတာ တကယ်ဘာမှမသိဖူး” ပြီးနောက် သူသည် သုစန္ဒာဘက်ပြန်လှည့်ပြီးပြောသည်။

“ရန်ကုန်မှာ အတော်ရှုပ်ထွေးနေပြီ”
“မဖြစ်နိုင်ဖူး” သုစန္ဒာ ထရပ်လိုက်သည်။ “သေချာလို့လားဒေါက်တာ”

“ဟုတ်ပါတယ် သေချာပါတယ်။ မဟာဒေဝီ ။ကျွန်တော်ပြောတာ လုံးဝကို သေချာပါတယ် မဟာဒေဝီကိုရော ကျွန်တော်တို့ရော အားလုံး အတွက် သိပ်ကိုစိုးရိမ်နေပါတယ်”

“ကျမယောက်ျားရောဒေါက်တာ။ သူ့အကြောင်း ဘာတွေသိထားသေးလဲ” သူမသည် ဒေါက်တာရှေ့မှာ ရပ်လျက်ရှိနေသေးသည်။ သူ့မိန်းမ က သုစန္ဒာ၏လက်ကိုကိုင်ကာ ပုခုံးကိုဆွဲချ၍ ဆိုဖာပေါ်အထိုင်ခိုင်းရသည်။
“သူ့ကို ရန်ကုန်မှာမတွေ့ကြဖူးတဲ့။ ဂျင်မီယန်းအိမ်တောင် သွားရှာကြည့်ကြသေးတယ်တဲ့။ ကျွန်တော်တို့တော့ သေချာပေါက်ထင်နေတာ သူ ရန်ကုန်ကနေထွက်သွားပြီလို့လေ။ မဟာဓေဝီ အခု သိပ်ကိုသတိထားနေရတော့မယ်။ သောင်းကျန်းသူတွေက ဘာမဆိုလုပ်နိုင်တာပဲ အခုအခြေအနေတွေကသိပ်ရှုပ်ထွေးနေချိန်ဆိုတော့လေ။ ကလေးတွေအတွက် ထည့်စဉ်းစားပါ။ အားလုံးက မဟာဒေဝီကိုပဲ အားကိုးနေကြ ရတာ။ ကျွန်တော်တို့ ကြိုးစားပြီးလာကြည့်ပါ့မယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ်”

အပြင်တွင် မွိုင်းက ပြုပ်ထားသောဆေးထိုးအပ် ပြွန်အိုးနှင့်အတူ ရပ်စောင့်နေသည်။ ဒေါက်တာခင်အောင်က ဆေးထိုးပြွန်များကို အသုံးမပြုပဲ သူ့အိတ်ထဲပြန်ထည့်နေတာကိုမြင်နေရသော်လည်း မအံ့သြချေ။ သူမက ဒေါက်တာ၏ဆေးအိတ်ကို ဂျစ်ကားဆီသယ်သွားဖို့ပြင်သည်။ သို့ သော် သူကမွိုင်းကို သုစန္ဒာဘေးနားမှာနေခဲ့ခိုင်းပြီး တယောက်ထဲမနေစေနဲ့ဟု မှာသည်။

သုစန္ဒာသည် ဆိုဖာပေါ်တွင်ထိုင်လျက်ရှိနေသေးပြီး သူမမျက်လုံးသည် မျက်နှာကျက်ပေါ်တွင် သူ့အစာပိုးကောင်တွေကိုစောင့်နေသော တောက်တဲ့အား စူးစိုက်ငေးကြည့်နေလေသည်။ သူမ၏အတွေးတွေသည် အဝေးသို့ပြေးလေပြီ။ စဝ်နှင့်အဆက်အသွယ်ရဖို့ ကြိုးစားကြည့် လိုက်သည်။ အခုချိန်မှာ စဝ်ဘယ်နေရာကိုရောက်နေသလဲ။ သူမသည် သူ့အလိုလိုပင် စဝ်အသက်ရှင်လျက်ရှိနေတာကို သိနေသည်။ သူ လွတ်မြောက်နေပါစေဟု သူမမျှော်လင့်နေမိသည်။ ဖြစ်နိုင်တာက သူသည် အခုလမ်းပေါ်မှာရောက်နေတာဖြစ်နိုင်သည်။ သူ့ထံလာပြီး ခေါင်းဆောင်လုပ်ပေးဖို့ပြောသော တိုင်းယိုင်တော်လှန်ရေး နူးဆွတ်ဟန်အဖွဲ့ထံ ပူးပေါင်းဖို့သွားနေပြီလား။ စဝ်က သူ့ကို တခါမက နှင်လွှတ် ခဲ့ဖူးသည်။ စဝ်က သူတို့ခေါင်းဆောင်လုပ်ဖို့ငြင်းဆိုခဲ့ပြီး မိန်းတိုင်းနယ်၏နစ်နာချက်များရရှိရမည့်အခွင့်အရေးများကို လက်နက်မကိုင်ပဲ လွှတ်တော်တွင် တရားနည်းလမ်းကျကျတောင်းဆိုမည်ဟု ပြောခဲ့ဖူးလေသည်။

သူမသည် ငြိမ်သက်စွာနေရမည်ကို သုစန္ဒာသိလိုက်သည်။ သူမသည် သူတို့ထံဧည့်သည်အဖြစ်လာနေကြသော တရားပြဆရာတော်များ၏ ပို၍တော်သောကျောင်းသားတယောက်ဖြစ်ခဲ့ချင်မိလေသည်။

“စဝ်မေ စဝ်မေ” စံအိမ်တော်ရှေ့နား ကျုံးထိပ် ကလေးထိန်းကျောင်းလေးမှပြန်လာသော သူမသမီးခေါ်သံကိုကြားလိုက်သည်။

သူမ ကလေးတွေရှေ့မှာ သူမသည် အတည်ငြိမ်ဆုံးနေပြရမည်။ သူမသည် လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။ ပြီးနောက် သူမ သမီး လေးကို ပွေ့ဖက်လိုက်လေသည်။

“စဝ်မေ သမီးရေသွားကူးချင်တယ်” မာလာက သူမအမေကို တိုင်းယိုင်လိုပြောလိုက်သည်။

သူမသမီး၏တိုက်တွန်းပြောနေသံကြားလိုက်ရသောကြောင့် သူမမှာ စိတ်သက်သာရာရသွားလေသည်။ သမီးက သူမဘာသာဆုံးဖြတ်ချက်မချနိုင်ဖြစ်နေပုံရသည်။ ရေကူးကန်ထဲတွင် သူ့မိသားစုရေပက်ဆော့ကြဖို့ သည်ကန်ဒီဇိုင်းကို စဝ်ကိုယ်တိုင်ရေးဆွဲပြီးဆောက်ခဲ့သည်။ အခု သုစန္ဒာအတွက် တကယ်ပင်တင်းကြပ်နေသောစိတ်တွေကို ဖယ်ရှားပစ်ဖို့နှင့် အချိန်တွေကုန်လွန်သွားဖို့ လိုအပ်နေပြီဖြစ်သည်။ နေ့ခင်းက အဖြစ်ကြောင့် ကလေးတွေက စိုးရိမ်ထိတ်လန့်မှုမပြကြပေ။ စံအိမ်တော်အထွက်ကဂိတ်ရှိ အစောင့်များ၏ ယူနီဖောင်းပြောင်းနေတာကို မာ လာက သတိပြုမိပုံမရချေ။ ကလေးနှစ်ယောက်လုံးသည် သူတို့အဖေသည် စံအိမ်တော်မှ အပတ်ပေါင်းများစွာခွဲခွာပြီး ရန်ကုန်နှင့် တောင် ကြီးတွင် အစည်းဝေးပြီး အစည်းဝေးသွားတက်နေရတာကိုသိကြလို့ ကျင့်သားရနေကြလေသည်။

သူမသမီးနှစ်ယောက် ကုတင်ပေါ်၌ သူတို့အဖေအိပ်သည့်ဘက်တွင် အိပ်မောကျနေသောအခါကျမှ သုစန္ဒာတွေးမိလေသည်။

နိုင်ငံတော်ဗေဒင်ဆရာ၏ အရင်လ ဖေဖော်ဝါရီတုန်းကသတိပေးချက်ကို သွားသတိရလိုက်မိသည်။ သူတို့သည် ဂြိုဟ်ဆိုးပေါ်ကျရောက်နေသည်ဟုဟောခဲ့သည်။ အန္တရာယ်ကျရောက်မည့် အရိပ်လက္ခာဏာမြင်သည်။ ထိုဂြိုဟ်ဆိုးကို ဘီစီ ၃ဝဝဝ ကတည်းက မတွေ့တာကြာပြီ ဟုဆိုသည်။ ကြီးမားသော ကပ်ဆိုးကြီးကျရောက်မှာဖြစ်လို့ တတိုင်းပြည်လုံး လူတိုင်း ဆုတောင်းကြရမည် ။ ဖေဖော်ဝါရီလကုန်သွားသောအခါ ငြိမ်းချမ်းစွာပြီးစီးသွားခဲ့သည်။ လူတိုင်းသည် စိတ်လက်ပေါ့ပါးသွားကြသည်။ ဆုတောင်းသည့်တန်ခိုးကြောင့်ဟု သူတို့ ပိုမိုအခိုင်အမာ ယုံ ကြည်သွားကြလေသည်။

နှစ်ပတ်စောစောပိုင်းက စံအိမ်တော်သို့ ကျောက်မဲမှလာသော ယူနန်တရုတ်အဖွဲ့သည် တရုတ်နှစ်သစ်ကူးအတွက် တနှစ်လုံး ကံကောင်း ကြစေရန် ဘေးရန်အပေါင်းမှကင်းဝေးကြစေရန် နဂါးရုပ်ကြီးဖြင့် စံအိမ်တော်သို့ အရင်ဆုံးလာရောက်ကပြဆုတောင်းခဲ့ကြလေသည်။ သူ တို့ကလည်း ရှေ့နှစ်တွင်ကျရောက်မည့် ကပ်ဆိုးကြီးအတွက် စိုးရိမ်ပူပန်ခဲ့ကြသည်။ လူငယ် ၁၄ ယောက် ဝင်ထမ်းလာသော နဂါးရုပ်ကြီးနှင့် ရေမင်းသမီးလေးတွေ စံအိမ်တော်ရှေ့က မြက်ခင်းပြင်ပေါ်တွင်ကပြီး လိုက်လာကြသည်။ သူတို့က မကောင်းသောဂြိုဟ်ဆိုးနှင့် မကောင်း ဆိုးဝါးဝိညာဉ်များကို မောင်းထုတ်ဖို့ဆုံးဖြတ်ထားကြသည်။ အညှို့ခံရသလို သူတို့သည် နဂါးကြီးကိုစောင့်ကြည့်နေမိကြလေသည်။

ကြောက်စရာကောင်းသောနဂါးကြီးသည် လှည့်ပတ်ပြေးနေရာ သူ့နောက်မှလူတန်းကြီးကလည်း အနီရောင်ကိုယ်လုံးကြီးအောက်မှ ပြေး လိုက်ကြရသည်။ စိတ်ဆိုးဒေါပွနေသောမျက်နှာဖြင့် နဂါးကြီးသည် ကမ္ဘာလုံးကြီးကို ပတ်ပတ်လည်ကာ လိုက်ဖမ်းနေသည်။ ကလေးတွေက ထို အံ့သြဖွယ်ရာ ကမ္ဘာလုံးဥကြီးကို မျက်တောင်မခတ် စူးစိုက်ကြည့်နေကြသည်။

ထို့နောက် ဥခွံကြီးပွင့်လာပြီး အထဲမှ ဆံပင်တွင် မီးရောင်လေးဖြင့်လှပသော ကောင်မလေးတယောက်ထွက်လာသည်။ နဂါးကြီး၏ ဝင် ရောက် တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။ သူမသည် ဥခွံထဲတွင် ဘေးကင်းလုံခြုံစွာနေထိုင်ရကြောင်း အခိုင်အမာပြနေသလိုဖြစ်သည်။ သုစန္ဒာသည် သူမနှင့် သူမ၏မိသားစုသည်လည်း အန္တရာယ်အပေါင်းမှ အကာအကွယ်ယူရန် ဥခွံထဲတွင်နေချင်မိလေသည်။ သူမ ပထမဆုံး နမ့်ပန်းစံအိမ်တော်ကိုရောက်ကတည်းကပင် သူမသည် လုံခြုံစိတ်ချစွာနေထိုင်ခဲ့ရသော အနောက်တိုင်းကဘဝနှင့် စတင်ဝေးလာပြီဖြစ် ကြောင်း သိခဲ့ပါသည်။

မောပန်း၍ စည်းချက်မှန်မှန် အသက်ရှူထုတ်နေပြီး နောက်ဆုံးတွင် သူမ၏သမီးနှစ်ယောက်မှာ အိပ်မောကျသွားလေတော့သည်။

နောက်တနေ့မနက်တွင် သုစန္ဒာသည် မနေ့ကဖြစ်ခဲ့သောအဖြစ်တွေကို အိပ်မက်ဆိုးတွေဟုသာ ထင်လိုက်ချင်မိလေသည်။ သို့သော် အိပ် မက်ဆိုးက ဆက်မက်နေရသည်။ သူမက အခုထိအပေါ်ထပ်မှာပဲ ရှိနေသေးသည်။ ကောလိန်ရောက်လာပြီးပြောသည်။

“စဝ်မေ သောင်းကျန်းသူတပ်ကြပ်နဲ့ သူ့လူတွေ အမိန့်အရဆိုပြီး စံအိမ်တော်က တယ်လီဖုန်းကိုလာဖြုတ်သိမ်းပြီး ယူသွားတယ်”

“သူတို့နဲ့ သွားပြီးငြင်းခုံမနေနဲ့။ ငါဒီကိစ္စကို သူတို့ဗိုလ်မှူးနဲ့ပြောမယ်” သုစန္ဒာက တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သော်လည်း သူမစိတ်ထဲမှာ တော့ သတိပေးသံကစတင်မြည်လာလေပြီ။ ဟုတ်တယ်။ သူတို့က အရှေ့စံအိမ်တော်ကို အကျဉ်းထောင်လုပ်ဖို့စနေလေပြီတည်း။ ခဏ လေးနေတော့ ထမင်းချက်မေတ္တာသည် ဈေးမှစက်ဘီးဖြင့်ပြန်လာသည်။ သောင်းကျန်းသူစစ်သားက သူ့ဈေးခြင်းတောင်းကိုရှာသည်။ သူ နှင့်အတူ ဈေးခေါ်သွားသောသူ့သမီးလေးကိုပါ ရှာလေသည်။ ပြီးနောက် သူသည် ဇယားစာရွက်ပေါ်လက်မှတ်ထိုးရသည်။ စံအိမ်တော်အတွင်း ဝင်သူရော ထွက်သူပါ လက်မှတ်ထိုးကြရလေသည်။

စာပို့သမားသည် သူ့မှာပါလာသော စံအိမ်တော်အတွက်ပို့ရမည့်စာအားလုံးကို ဂိတ်ဝအစောင့်ထံတွင်ပေးခဲ့ရသည်။ အမြဲပင် စာတွေက ပုံနေ သည်။ အစောင့်က ဒီစာတွေကို သူ၏အထက်ကိုပေးပို့လေသည်။ သုစန္ဒာကစမ်းသည့်သဘောဖြင့် စာတစောင်ကို ကောလိန်အား စာတိုက် သို့သွားပို့ခိုင်းလိုက်ရာ ထိုစာကို ဂိတ်ဝအစောင့်က ကောလိန်ထံမှယူထားလိုက်သည်။ စဝ်ထံမှလာမည့်စာလည်း ဂိတ်ဝကိုဖြတ်လာနိုင်မှာ မဟုတ်သည့်အတွက် သူမမျှော်လင့်ချက်တွေ ကြေပျက်ပြုန်းရလေသည်။ သူသတင်းပို့နိုင်မည့်နည်းလမ်း ရှာကိုရှာကြံပို့မှာပါဟု သူမကိုယ် သူမ အားပေးနေရလေသည်။

သုစန္ဒာက အဖမ်းခံထားရသောအခိုင်းစေများ၏မိန်းမများကို အားလုံးစုခေါ်လိုက်သည်။

“အားလုံးသိကြတယ်နော်” သုစန္ဒာ သူတို့ကိုပြောသည်။ “မနေ့က စပြီးပြောင်းလဲသွားပြီ။ သောင်းကျန်းသူတွေက စံအိမ်တော်ကို သိမ်းထား တယ်။ ခွန်မိန်းလည်း မရှိဖူး။ ငါလည်း အခုအိမ်မှာ အကျယ်ချုပ်နဲ့နေနေရတယ်။ တကယ်လို့ မင်းတို့ ငါနဲ့အတူနေကြမယ်ဆိုရင် မင်းတို့ကို သောင်းကျန်းသူတွေက စော်ကားတာကိုခံကြရမယ်။ ပြီးတော့ မင်းတို့မိတ်ဆွေတွေလည်း မင်းတို့ဆီလာတွေ့ကြဖို့ကြောက်နေကြလိမ့် မယ်။ မင်းတို့ဒီမှာ အလုပ်လုပ်ကြတာကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့ အခု လွတ်လွတ်လပ်လပ်သွားချင်ရာကို သွားလို့ရတယ်။ မင်းတို့ထဲက တယောက်ပဲဖြစ်ဖြစ် အားလုံးပဲဖြစ်ဖြစ် သွားချင်တဲ့လူသွားပါ။ နောက်ထပ်အလုပ်ရှာချင်ရှာလို့ရတယ် ငါခွင့်ပြုတယ်။ အဖမ်းခံထားရတဲ့ လင် ယောက်ျားတွေအတွက် လခကိုစိတ်မပူကြပါနဲ့။ သူတို့ဘယ်နေရာမှာပဲ ရှိနေ ရှိနေ။ သူတို့လခကိုတော့ ပေးနေမှာပါပဲ”

သူမပြောပြီးသောအခါ အားလုံးငြိမ်သက်သွားကြသည်။ ထို့နောက် ကောလိန် ထရပ်ပြီးပြောသည်။

“ကျွန်တော်က စဝ်မေနဲ့အတူနေပါ့မယ်”

“မင်းငါနဲ့အတူနေရင် မင်းပါအဖမ်းခံရနိုင်တယ်ဆိုတာ မင်းစဉ်းစားမိရဲ့လား” သုစန္ဒာက သူ့ကို မေးလိုက်သည်။
“ကျွန်တော် သူတို့ကို မကြောက်ပါဖူး” သူက တိုတိုပြတ်ပြတ်ဖြေလိုက်သည်။ ထို့နောက် မွိုင်းထပြောသည်။

ပြီးနောက် နိုင်းနိုင်း။ ပြီးနောက် မေတ္တာ။ ပြီးနောက်မာလီ အိုက်စံ၊ ဖစောနှင့် အားလုံးက သူတို့ မဟာဒေဝီနှင့်အတူ နေချင်ကြပါသည်ဟု ပြောကြလေသည်။ ဘူကောင်း၏မိန်းမက သုစန္ဒာကိုပြောသည်။ “သူတို့က သူတို့ရဲ့ရိုသေလေးစားမှုကို စဝ်မေထံပေးချင်ပါတယ်။ စဝ်မေရဲ့ လက်ထဲမှာ ကောင်းကောင်းနေထိုင်သွားကြဖို့ ပြင်ဆင်ထားကြပါတယ်” သူတို့၏သစ္စာရှိမှုတို့ကြောင့် သုစန္ဒာမှာ အားအင်များပြည့်လာသ လိုခံစားလိုက်ရသည်။ သို့သော် သူတို့၏တာဝန်အရပ်ရပ်ကို သူမအပေါ် ထပ်ပေါင်းကျရောက်လာမှာကို ချက်ခြင်းသိလိုက်သည်။ တအိမ်လုံး အတွက် တနှစ်စာလည်ပတ်ဖို့လိုအပ်သောငွေများထုတ်ပေးဖို့ သူမဆုံးဖြတ်လိုက်ပြီး ပျော်သွားမိလေသည်။

သူတို့အားလုံးထွက်သွားပြီးသောအခါ သူမတယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ သူမစောင့်နေသည်။ ဧည့်သည်ကိုစောင့်သည်။ စာကို စောင့်သည်။ စဝ်သတင်းကို စောင့်သည်။ နာရီကြီးက ရပ်နေသလိုထင်ရသည်။ ဘာမှမလာပါ။

နောက်နေ့တွေမှာ ဧည့်သည်တွေထပ်လာသော်လည်း လာစေ့ချင်သူတွေမဟုတ်ပါ။ နောက်ထပ် သောင်းကျန်းသူ တပ်သားအသစ်များ စံအိမ်တော်ကိုရောက်လာကြပြီး ဘုရားကျောင်း၊ ရေစက်အိမ်၊ အင်္ဂတေလျှောက်လမ်းနှင့် ရေကူးကန်တို့ကို ပြင်းပြင်းထန်ထန် ပိုက်စိတ်တိုက် ရှာကြလေသည်။ သူတို့အားလုံးသည် ဘုရားကျောင်းခေါင်မိုးပေါ်တွင်တင်ကျန်နေရစ်သော ဒုတိယကမ္ဘာစစ်တုန်းက ကျည်ဆံခွံလေးတ တောင့်သာ ရှာဖွေတွေ့ရှိကြလေသည်။

မသေချာမှု စိုးရိမ်မှုများဖြင့် မဆုံးနိုင်သော လေးရက်လုံးလုံးပြီးသွားသောအခါ သူမ ဆက်ကြာကြာစောင့်မနေသင့်တော့ဖူးဟု ဆုံးဖြတ်ချက်ချ လိုက်သည်။ ကလေးနှစ်ယောက်ကျောင်းသွားပြီး နာရီအနည်းငယ်ကြာသောအခါ သူမ မရှိတာကို သူတို့အားပေးမသိစေပဲ စံအိမ်တော်မှ ကားဖြင့်မောင်းထွက်ဖို့လုပ်လေသည်။ သူတို့အိမ်မှာရှိနေလျှင် သူတို့အမေသည် မျက်စိအောက်မှအပျောက်မခံပဲ သူတို့ကိုကြောက် မနေရ အောင်နေလေသည်။ အဖမ်းခံရပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် စံအိမ်တော်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သုစန္ဒာထွက်လာပြီး မာစီဒီး ကားကို ကားရုံမှထုတ်လိုက်သည်။ ပြီးနောက်သူမသည် မွိုင်းကို သူမနှင့်အတူအဖော်လိုက်ပေးဖို့ခေါ်သည်။ သူမတို့ ၂၄ မိုင်ဝေးသော ကျောက်မဲအနီးက စခန်းတခုဆီသို့သွားကြမည်။

“ဒါပေမဲ့ စဝ်မေကို စံအိမ်တော်ကနေထွက်ခွင့်ပြုမယ်မထင်ဖူး” မွိုင်းကထောက်ပြသည်။
“ငါဂရုမစိုက်ဖူး။ ငါသွားကိုသွားရမယ်။ စဝ်ဘယ်မှာရှိလဲဆိုတာ သိအောင်လုပ်ရမယ်” သူမက သူ့အထိန်းတော်ကိုပြောလိုက်သည်။ “ပြီးတော့ သူတို့ ငါ့ကိုဂိတ်မှာ ဘယ်လိုမှတားလို့မရဖူး”

“သူတို့ ပစ်လိမ့်မယ်” မွိုင်း ပြန်ပြောသည်။
“ငါတို့လုပ်ကြည့်ရမှာပဲ ဘာလို့မရရမှာလဲ။ ငါနဲ့အတူမလိုက်နိုင်ဖူးလား မွိုင်း။ ဒါဆိုရင် ငါတယောက်ထည်းပဲသွားမယ်”

“ကျမ ကျမအတွက်မကြောက်ပါဖူး။ စဝ်မေအတွက် ကြောက်တာပါ” မွိုင်းက ပြန်ပြောလိုက်သည်။
“ပြီးတာပဲ သွားစို့” သုစန္ဒာမပြောခင်မှာပဲ ကောလိန်နှင့်နိုင်းနိုင်းတို့ ပြေးထွက်လာကြပြီး အပြင်းအထန်တားကြလေသည်။

သုစန္ဒာသည် လေးလံသောကားမည်းကြီးကို ဇွတ်မောင်းထွက်လာခဲ့သည်။ မွိုင်းသည် သုစန္ဒာနှင့်ဝေးရာ နောက်ခုံတွင် ထိုင်လိုက်လာသည်။ သူမသည် ဂိတ်ဝအစောင့်စစ်သား ၆ ယောက်ရှိရာသို့ မောင်းထွက်ခဲ့ပြီး ဂိတ်ရှေ့မှာရပ်လိုက်သည်။

တာဝန်ကျသောင်းကျန်းသူ တပ်ကြပ်တယောက်သည် ဂိတ်ထဲမှပြေးထွက်လာပြီး ကားတံခါးဘေး ပြတင်းပေါက်မှာ အမြန်လာရပ်ပြော သည်။

“မဟာဒေဝီ စံအိမ်တော်ကွန်ပေါင်းကလွဲလို့ ဘယ်ကိုမှထွက်ခွင့်မပြုရဖူးလို့ အမိန့်ထုတ်ထားပါတယ်”
“ပြီးရောလေ။ ငါအခု ဗိုလ်မှူးပန်ဖတ်ကို ကျောက်မဲမှာသွားတွေ့မလို့။ ဒီအကြောင်းငါပြောပြလိုက်ပါ့မယ်” သုစန္ဒာပြန်ဖြေလိုက်သည်။

“ကျွန်တော် အမိန့်အရပြောနေတာပါ။ မဟာဒေဝီဆက်သွားမယ်ဆိုရင် ကျွန်တော်ပစ်ရပါလိမ့်မယ်” တပ်ကြပ်က အော်ပြောလိုက်သည်။
“ကောင်းပြီ။ ဆက်လုပ် ပစ်” သုစန္ဒာပြန်အော်လိုက်ပြီး လီဗာပေါ်ခြေထောက်ကိုဖိနင်းလိုက်သည်။ အံ့အားသင့် မင်သက်မိနေသော သောင်း ကျန်းသူစစ်သားတွေကို ဖြတ်မောင်းထွက်သွားသည်။

သူတို့ မပစ်ပါ။

၂၄ မိုင်သာဝေးသော ကျောက်မဲသည် မဆုံးနိုင် မရောက်နိုင် ဟုထင်နေမိလေသည်။ ပထမဆုံးထွက်လာသောခရီးမှာ သုစန္ဒာနှင့် မွိုင်း တို့သည် တယောက်ကိုတယောက် စကားတလုံးမှ မပြောကြချေ။ သူတို့ ကားတောတန်းကိုဖြတ်မောင်းသောအခါ တောထဲမှထွက်လာမည့် ဓါးပြများ၊ သောင်းကျန်းသူများကိုလည်း လမ်းတလျှောက်လုံးကြည့်နေရလေသေးသည်။ သူတို့သည် လမ်းတွင် နွားလှည်းအချို့ ဘတ်စ်ကား အချို့ လမ်းပေါ်ဖြတ်ပြေးသော တောကြက်တကောင်နှစ်ကောင်နှင့် အလွန်ကြီးမားသော လင်းတအုပ်ကြီးသည် သူတို့အစာအတွက်ရှာဖွေရင်း ပျံဝဲနေကြတာကိုသာ တွေ့ကြရလေသည်။ တောသည် အုပ်စိပ်မှိုင်းညို့လာသည်။

လမ်းဘေးတလျှောက် ကျွန်းတောတွေသည် ပြည့်ကြပ်နေသည် ။ ကျွန်းရွက်အင်ရွက်ခြောက်ကြီးများ မြေပေါ်ကြွေကျနေသည်။ တောသည် စိမ့်အေးနေလေသည်။ သုစန္ဒာစိတ်ထဲတွင် ပထမဆုံးစံအိမ်တော်ကိုလာရှာစဉ်ကတွေ့လိုက်ရသောဗိုလ်မှူးကို အမှတ်ရလိုက်ပြီး သူမ နှလုံး သားကို တစစီခြေမွှသွားခဲ့ပုံကို သတိရမိလိုက်သည်။ သူမစိတ်တွေသည် ပြေးနေသည်။ သူမသည် အဆင်ပြေပြေ အောင်အောင်မြင်မြင်မှ တွေ့နိုင်ပါ့မလား။ ဒုက္ခတွေပြဿနာတွေအကြောင်းပြောဖြစ်ပါ့မလား စိုးရိမ်နေမိလေသည်။

တိတ်ဆိတ်နေခြင်းကိုမွိုင်းက ဖျက်ဆီးပေးလိုက်သည်။ “စဝ်မေ ကျေးဇူးပြုပြီးပြန်လှည့်ပါလား။ ကျမ တောင်းပန်ပါတယ်”
“ဘာလို့လဲ နေမကောင်းဘူးလား” သုစန္ဒာသည် ကားအရှိန်ကိုလျော့ချလိုက်ပြီး မွိုင်းဘက်လှည့်ကြည့်လိုက်သည်။

“မဖျားပါဖူး။ ဒါပေမယ့် ကျမတအားကြောက်နေတယ်”
“ဘာကိုကြောက်တာလဲ မွိုင်း”

“သူတို့ ကျမတို့ကို ပစ်မယ်ထင်တယ်။ စဝ်မေ”
“ငါလည်း သံသယရှိတာပဲ။ ဂိတ်ကအစောင့်ကမပစ်တာ သူ့မှာကောင်းတဲ့အကြောင်းတခုရှိမှာပဲ” သုစန္ဒာက ကြိုးစားပြီး အသံကို သဘော ပေါက်အောင်ပြောလိုက်သည်။ သူတို့ကား ကျောက်မဲနားနီးလာသောအခါတွင် သူမစိတ်ထဲတွင် စိုးရိမ်စိတ်များ တဟုန်ထိုးတိုးလာမိပြီး ဒီလို လုပ်တာ မှန်မှမှန်ရဲ့လားဟု သံသယဖြစ်လာမိလေသည်။ ကြောက်ရွံ့စွာတောင်းပန်နေသောမွိုင်း၏စကားတွေက သူမကို ထပ်မံတိုးပြီး သံ သယကိုပွားလာစေသည်။ သို့သော် သူမသည် အခုတော့ ကားကိုပြန်မလှည့်နိုင်တော့ချေ။ တကယ်လို့ သူတယောက်ထည်းဖြစ်နေရင်တောင် သူမအစီအစဉ်ကို ဆက်လုပ်သွားဖို့တွေးလေသည်။

“ငါဗိုလ်မှူးနဲ့သွားတွေ့ရမှာပဲ” သုစန္ဒာပြောသည်။ “ဒါပေမဲ့ မွိုင်းက ကျမကို အခုလာမဲ့ရွာက ကော်ဖီဆိုင်မှာစောင့်နေပေးပါ”
“မဟုတ်ဖူ စဝ်မေ။ ကျမ စဝ်မေနဲ့အတူနေချင်ပါတယ်။ ကျမက ပြန်လှည့်စေချင်တာပါ။ ကျမ စဝ်မေအတွက် သိပ်ကိုစိုးရိမ်လို့ပါ” မွိုင်းသည် သူမလည်ပင်းက ပုတီးကိုဖြုတ်လိုက်ပြီး ပုတီးစိတ်ရင်း ဘုရားစာများရွတ်ရင်းက စိတ်ကိုတည်ငြိမ်အောင်လုပ်နေတော့လေသည်။

သူတို့ကားသည် အစောင့်ချထားသောတပ်အနီးချည်းကပ်လာလေသည်။ သောင်းကျန်းသူတွေ၏ တပ်စခန်းသည်ကျောက်မဲမြို့အနီးက မြေနီတောလမ်းအတိုင်း ကွေ့ဝင်သွားရသည်။ တောလမ်းကြမ်းကြမ်းကို ၁ဝ မိနစ်ခန့်မောင်းသွားပြီးသောအခါမှ စခန်းအဝင် ဂိတ်သို့ရောက် လေသည်။ ဂိတ်က သူတို့ကို စောင့်မျှော်နေဟန်ရှိသည်။ သောင်းကျန်းသူစစ်သားက ယဉ်ကျေးစွာပင် ဗိုလ်မှူးရုံးကို ဘယ်လိုသွားရမည်ကို ရှင်းပြနေလေသည်။ သူမသည် ရုံးကိုတွေ့အောင်ရှာဖို့အာရုံထားနေခိုက် မွိုင်းသည် ပတ်ဝန်းကျင်ဝဲယာကို လှည့်ကြည့်နေဖို့အခွင့်သာလေ သည်။

“စဝ်မေ” သူမအော်လိုက်သည်။ “ညာဘက်ကို ကြည့်လိုက်ပါ”
“ဘာဖြစ်လို့လဲ” သုစန္ဒာမေးလိုက်သည့်အခါ သူမကအောက်ဘက်ကို လက်ညှိုးထိုးပြနေသည်။

“အဲဒီမှာ ကျမတို့ ဇင်းန ဘူကောင်း စံအေး”
“ဘယ်မှာလဲ”

“အဲဒီအိမ်ကြီးဘေးမှာ သူတို့အလုပ်လုပ်နေကြတယ်”

သုစန္ဒာ သူတို့ကိုမြင်လိုက်ပါပြီ။ သူတို့သည် သစ်သားဖြင့်ဆောက်လုပ်ထားသောဘန်ကာအနီး ပတ်ပတ်လည်တွင်ရှိသော မြေကွက်လပ်ကို သန့်ရှင်းရေးလုပ်နေကြသည်။ သူတို့အနီးနားတွင် လက်နက်ကိုင်အစောင့်က ရပ်ကြည့်နေသည်။ သုစန္ဒာက သူ့အလုပ်သမားတွေကို သွေး ဆောင်ပြီး စကားပြောဖို့ကြံကြည့်သည်။ သို့သော် သူမဆုံးဖြတ်ချက်ကိုပြောင်းလိုက်သည်။ နောက်ဖြစ်လာမည့်ဆိုးကျိုးများကို သူတို့ မတွေ့ စေလိုပါ။ သို့သော် သူမသည် မွိုင်းကိုယုံစား၍မရပါ။

မွိုင်းသည် ကားပြတင်းပေါက်မှန်ကိုချလိုက်ပြီး သူ့အကိုကို လှမ်းအော်ခေါ်လိုက်သည်။

“ဇင်းန”

သေနတ်ကိုင်ထားသော သောင်းကျန်းသူနှစ်ယောက်သည် အသံကြားရာဆီလှည့်ကြည့်လိုက်ကြပြီး သူတို့လက်ထဲကသေနတ် ပြောင်းဝ များကို မွိုင်းနှင့်ကားကို ချိန်ထားလိုက်လေသည်။ တိုင်းယိုင်အကျဉ်းသားတို့သည် အသံမကြား၊ လူကိုမမြင်ကြလျှင် သူတို့အလုပ်ကို သူတို့ ဆက်လုပ်နေကြမှာသေချာသည်။

“တိတ်စမ်း မွိုင်း” သုစန္ဒာက ခတ်မာမာပြောလိုက်ရင်းက ကားကိုအရှိန်လျော့ချလိုက်သည်။ “နောက်ထပ်စကားတလုံးထွက်တာနဲ့ ငါရော မင်းရော၊ မင်းအကိုရော တခြားလူတွေရော အားလုံးအပစ်ခံရလိမ့်မယ်”

ထိုသို့မွိုင်းအော်လိုက်သည့်အတွက် အစောင့်စစ်သားတို့သည်သူတို့ကို ပိုမိုခြောက်လှန့်ဟန်ဖြင့် ကြည့်နေကြတော့သည်။ ထိုအထဲတွင် တ ယောက်က အရှေ့စံအိမ်တော်အပြင်ဘက်တွင် အစောင့်တာဝန်ကျခဲ့ဖူးသူဖြစ်နေသည်။

သောင်းကျန်းသူဗိုလ်မှူးပန်ဖတ်သည် အရပ်ရှည်ရှည် ပိန်ပိန် အသားမည်းမည်းဖြစ်ပြီး သူ့ဧည်သည်တွေကိုမြင်သောအခါ အံ့သြဟန်မပြပဲရှိ လေသည်။ လက်ထောက်တယောက်က သုစန္ဒာနှင့်မွိုင်းတို့ကို ရုံခန်းအတွင်းဝင်ဖို့ပြလေသည်။

အခန်းတွင်းသို့သူတို့ဝင်သွားသောအခါ ဗိုလ်မှူးသည်စားပွဲမှထရပ်ပြီး သုစန္ဒာကို ဝမ်းသာအားရပင် လက်ကိုဆန့်ထုတ်ပေးကာ လက်ဆွဲနှုတ် ဆက်လေသည်။ လက်ထောက်အခန်းတွင်းမှထွက်သွားသောအခါ သူသည် သူတို့ကို ထိုင်ဖို့ပြောပုံမှာ ပျော်ပျော်ရွှင်ရွှင်ဟန်နှင့် ဖြစ်သည်။

“ကျွန်တော်ဘာလုပ်ပေးရမလဲ မဟာဒေဝီ”

သူမ ရုတ်ချည်းပြန်မပြောနိုင်သေးပဲရှိနေစဉ် ဗိုလ်မှူးက ဆက်ပြီးမြန်မာလိုပင်ပြောသည်။

“ကျေးဇူးပြုပြီးထိုင်ပါဦး။ ဒီကို ဘာကိစ္စနဲ့လာတာပါလဲ”

သုစန္ဒာထိုင်ခုံမှာ ထိုင်ချလိုက်သည်။ သူမဘေးမှာ မွိုင်းလည်းလိုက်ထိုင်လိုက်သည်။ သူမသခင်မဘေးနား ကပ်ထိုင်လိုက်သည့်အတွက် မွိုင်းမှာ မသက်မသာရှိလေ၏။

“နမ့်ပန်းမှာရှိတဲ့ ရှင်တို့ရဲ့စစ်သားက ဘာလို့ကျမကို ဆိုးဆိုးဝါးဝါးလုပ်ကြတာလဲဓ” သုစန္ဒာက တည့်တည့်ပင်ပြောချလိုက်သည်။ သူမသည် စစခြင်းပြောသည့်စကားကို ညင်ညင်သာသာဖြင့် ကွယ်ဝိုက်ပြောမနေတော့ချေ။ ဒါ မြန်မာတွေလုပ်လေ့ရှိသောနည်းတခုပင်ဖြစ်သည်။

“သူတို့က မဟာဒေဝီကို ဆိုးဆိုးဝါးဝါး ဘာမှမလုပ်ကြပါဖူး” ဗိုလ်မှူးက အလေးအနက်ထားပြောသည်။
“ကျွန်တော်တို့အထက်ကအမိန့်အတိုင်း မဟာဒေဝီကို ကာကွယ်ပေးနေတာပါ”

“ကျမ နားလည်ပါတယ် ” သူမ ပြောသည်။ “ရှင်နဲ့ ရှင့် အထက်ကလူတွေက ကျမကို အိမ်မှာ အကျယ်ချုပ်ထားတယ်။ တယ်လီဖုံးဖြုတ်ပစ်တယ်။ လာသမျှစာတွေကို အားလုံး အသေးစိတ် စစ်ဆေးတယ်။ အလုပ်သမားတွေကိုဖမ်းတယ် ခြိမ်းခြောက်တယ် နှိပ်စက်တယ်။ တခြားရှိသေးတယ် ။ဒါတွေကို ရှင်ကကာကွယ်ပေးနေတာလို့ ပြောချင်တာလား”

ဗိုလ်မှူးကြည့်ရတာ မသက်မသာဖြစ်နေပုံရသော်လည်း တလုံးမှပြန်မပြောချေ။

“တိတိကျကျပြောပါ။ ဘယ်ရန်သူတွေကနေ ကျမတို့ကိုကာကွယ်ပေးတာလဲ ဗိုလ်မှူး” သုစန္ဒာဆက်သည်။

ဗိုလ်မှူးမှာ တိုက်ရိုက်ထိပ်တိုက်ပြောဆိုဖို့အတွက် ပြင်ဆင်ထားခဲ့ပုံမရ။ မြန်မာပြည်တွင် မိန်းမတယောက်သည် အာဏာပိုင် အဖွဲ့အစည်းက လူနှင့် တိုက်ရိုက်ပြောဆိုလေ့မရှိတာကြောင့်လည်း ဖြစ်မည်။သူတို့မျှော်လင့်ထားသည်မှာ ယဉ်ကျေးသိမ်မွေ့စွာ၊ အကူအညီမဲ့စွာ၊ မျက်ရည် ခံထိုးလို့၊ ထိပ်တိုက်မရင်ဆိုင်ရဲ၊ ပြန်လည်အန်မတုဝံ့ စိုးကြောက်ထိတ်လန့်နေသည့်ပုံမျိုး ဖြစ်သည်။

“မဟာဒေဝီက နိုင်ငံခြားသူပဲ” သူနောက်ဆုံးတော့ ပြောသည်။”နိုင်ငံခြားသားတွေက ကျွန်တော်တို့တိုင်းပြည်အတွက် မကောင်းဖူး”
“ကျမ နားလည်ပါတယ်” သုစန္ဒာပြောသည်။

“ကြည့်” သူပြောသည်။ “ကျွန်တော်တို့တပ်တွေ မနေ့ကပဲ နမ့်ပန်းနဲ့ ၁ဝ မိုင်အကွာမှာတိုက်ပွဲဖြစ်တယ်။ ဒါကျွန်တော်တို့က မဟာဒေဝီရဲ့ လုံ ခြုံရေးအတွက် တာဝန်ယူနေတာပဲ”

“ပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ်။ ရှင်တို့ သောင်းကျန်းသူစစ်သားတွေ ကျမစံအိမ်တော်ကနေထွက်သွားပေးတာကမှ ကျမအတွက် ပိုပြီးလုံခြုံ စိတ်ချရပါတယ်ဒီလိုပဲ ကျမထင်တယ်။ မထင်ဖူးလား”

ဗိုလ်မှူးသည် သူမအား ကရုဏာသက်သလိုလိုရှိသည်ဟု သူမစိတ်ထဲခံစားလိုက်ရသည်။ သူသည် သောင်းကျန်းသူတပ်တွေ၏ ချမှတ်ထား သော လမ်းစဉ်အတိုင်း သဘောပေါက်စွာ လုပ်လိုဟန်မရှိချေ။

စိတ်မသက်မသာဖြင့် အတန်ငယ်တိတ်ဆိတ်ငြိမ်နေရာမှ သုစန္ဒာက ထပ်ပြီးပြောလိုက်သည်။ နူးနူးညံ့ညံ့။ ကိုယ်ဘက်ပါအောင် စည်းရုံးသိမ်း သွင်းသော လေသံသိမ်သိမ်မွေ့မွေ့ဖြင့် “ဗိုလ်မှူးကြီး ကျမ ရူးကြောင်ကြောင်အလုပ်တခုခုမလုပ်ခင်မှာ ကျမသမီးလေးနှစ်ယောက်အတွက် အရင်စဉ်းစားပါတယ်”

ဒီစကားကြောင့် သူ့ထံမှ တုန့်ပြန်မှုကို သူမစောင့်နေလိုက်သည်။ ပြီးနောက် သူမ၏ ရည်ရွယ်ချက်ကိုပြောင်းလိုက်သည်။ ထို့နောက် သူမ သည် လက်တွေ့ကျစွာဖြင့် သူ့ကိုကျေးဇူးတင်မိလေသည်။ “ကျေးဇူးပြုပြီး ဗိုလ်မှူးကြီး ကျမမြို့ထဲကို လွတ်လွတ်လပ်လပ်သွားခွင့်ပေးပါ။ တယ်လီဖုံးလည်းပြန်တပ်ပေးပါ။ ကျမစာတွေလည်း ပြန်ပေးပါ။ ဘာဒုက္ခမှမပေးပါဖူး။ ကျမ ကတိပေးပါတယ်”

သူမတောင်းဆိုချက်ကို ဗိုလ်မှူးက စဉ်းစားနေဟန်တူသည်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ သုစန္ဒာတွေးသည်။

သူဇက်ကိုချိုးလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေလိုက်သည်။ ပြီးနောက်သူပြောတာကို ကြားတာဟုတ်ပါ့မလားဟု ထင်လိုက်မိ သည်။ “မဟာဒေဝီ့ တယ်လီဖုံးကို မနက်ဖန်ပြန်တပ်ပေးပါမယ်။ မြို့ထဲ ခဏတဖြုတ်တော့သွားလို့ရပါတယ်။ ဒါပေမဲ့ မဟာဒေဝီအပြင်ထွက် တိုင်း ဘယ်ကိုသွားမယ်ဆိုတာတော့ ဂိတ်ကအစောင့်ကိုပြောကိုပြောပြရမယ်။ စာတွေအတွက်တော့ ကျွန်တော်ဘာကတိမှမပေးနိုင်ပါဖူး။ ကျွန်တော်တို့ စောင့်ပြီးကြည့်ရဦးမယ်”

“ကျေးဇူးပါပဲဗိုလ်မှူးကြီး သိပ်ကိုကျေးဇူးတင်ပါတယ်” အခန်းထဲဝင်လာပြီးကတည်းက ပထမဆုံး သုစန္ဒာပြုံးပြီးပြောလေသည်။

“ကျမ နောက်ထပ်မေးခွန်းတခုမေးလို့ရမလား”
“ရပါတယ် ပြောပါ”

“ကျမ ယောက်ျားဘယ်မှာရှိနေလဲ”

ဗိုလ်မှူးက တုန့်ဆိုင်းမနေပဲ ပြန်ဖြေလိုက်သည်။ “ကျွန်တော်ယူဆတာတော့ သူ့ကို ကာကွယ်ပေးဖို့ထိန်းသိမ်းပေးထားတယ်ထင်တယ်။ ကျွန်တော်တော့ ဆန့်ကျင်ဘက်အနေနဲ့ ဘာမှကိုမကြားပါဖူး”

သူ့အဖြေကို အံ့သြဟန်၊ စိတ်ပျက်ဟန်မပြမိဖို့ သုစန္ဒာ သတိထားနေရလေသည်။

“ကျမဒီထက်ပိုသိချင်ပါတယ် ဗိုလ်မှူးကြီး။ ဘယ်မှာလဲ ဘယ်လိုနေလဲ ပြီးတော့ ကျမ ဘယ်အချိန်မှာတွေ့လို့ရမလဲ။ ကျမ ကျမယောက်ျား အတွက်စိုးရိမ်တယ်။ သူ့အတွက် ဆေးဝါးနဲ့အစာလိုအပ်ပါတယ်” သုစန္ဒာသည် ရှည်ရှည်မပြောပဲ အေးစက်စက်နှင့် ပြည့်စုံအောင်ပြောလိုက် သည်။ သူမ စကားရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“ကျွန်တော်သေချာပေါက်ပြောရဲပါတယ်။ မဟာဒေဝီ ကျွန်တော်တို့ အဖွဲ့က ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကာကွယ်ပေးဖို့ကောင်းကောင်း ထိန်းသိမ်း ပေးနေတာပါ။ မဟာဒေဝီရဲ့ယောက်ျား ဘယ်မှာရှိတယ်။ ဘယ်အချိန်မှာသွားတွေ့လို့ရမယ်။ ဘယ်အချိန်စားစရာဘာပို့လို့ရတယ် ဆိုတာ တွေကို ကျွန်တော်တို့အသိပေးပါ့မယ်”

ဗိုလ်မှူးထရပ်လိုက်သည်။ ဆိုလိုချင်တာကတော့ သူတို့ဆွေးနွေးပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်းကိုပြလိုက်ခြင်းပင်တည်း။

သုစန္ဒာက ကျေးဇူးတင်ကြောင်းပြောပြီး ကားဆီသို့လျှောက်သွားလိုက်သည်။ သူမကားမောင်းထွက်လာသောအခါ သူသည် ရုံးခန်းရှေ့တွင် ရပ်လျက် သူမ၏ မာစီဒီးကား အရှိန်ဖြင့်အဝေးကိုထွက်သွားပုံအား နောက်ဘက်မှငေးကြည့်ကျန်ရစ်ခဲ့သည်ကို နောက်ကြည့်မှန်တွင်မြင်လိုက် ရလေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts