မိုးမခကို ပေးတဲ့စာ

သူမသာ ကိုယ်မသာ (မိုးမခပေးစာ)

ဒီးဒိုး
မေ ၁၄၊ ၂၀၁၂
• သူပုန် ….။

စွယ်စုံကျမ်းလက်ဝယ်မရှိတော့ သူပုန်ဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ဂဂဏဏ မသိဘူး။ စွယ်စုံကျမ်းထဲမှရော သူပုန်ဆိုတဲ့အဓိပ္ပါယ် ပါ မပါ မသိပါဘူး။ (တတ်သိသူများ ဝေငှပေးပါ ရန်လည်း တောင်းဆိုချင်ပါတယ်။) လက်လှမ်းမှီသလောက် ကိုယ့်ထက်ကြီးသူ၊ ငယ်သူနဲ့ ပညာ တတ်သူတွေကို မေးမြန်းကြည့်တော့သူပုန်ဆိုတာ ရည်ရွယ်ချက်တခုကိုဆွဲကိုင်ပြီး အစိုးရကို တော်လှန်ပုန်ကန်ခြားနားသူလို့ အဖြေရတဲ့ အဓိပ္ပါယ် ကို ပေးကြတယ်။

• သောင်းကျန်းသူ….။
ထို့အတူပါဘဲ စွယ်စုံကျမ်းထဲမှာ ရှာမဖြစ်ခဲ့ဘူး။ ပတ်သက်ရာပတ်သက်ကြောင်း ပညာတတ်ဆိုတဲ့သူတွေကို မေးမြန်းကြည့်တော့ အများပြည် သူဆိုင်ရာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ စသည်ဖြင့် အရာအားလုံးကို ဖျက်လိုဖျက်ဆီးလုပ်တယ်၊ သိမ်းဆည်းတယ်ဆိုရင်တော့ သောင်းကျန်း သူပါဘဲတဲ့…။

ဒီလိုနဲ့ သိချင်စိတ်ပိုမိုပြင်းပြလာရတဲ့စကားလုံးတခုက “နိုင်ငံတော် အစိုးရ”..

နိုင်ငံတော်အစိုးရဆိုတာ ဘာလဲ။ နိုင်ငံတော်ကို မင်းကျင့်တရားနှင့်အညီအုပ်ချူပ်သောလူတစုကိုခေါ်တာ အစိုးရဘဲပေါ့။ ဒီနေရာမှာ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်ထားတာ မထားတာကိုတော့ မပြောလိုပါဘူး။ ဒါဆိုရင် မင်းကျင့်တရားနှင့်အညီ မအုပ်ချူပ်နိုင်တဲ့ (နိုင်ငံတော် ကို အုပ်ချူပ်နေတဲ့လူတစုကို) အစိုးရလို့ခေါ်နိုင်ပါ့မလား မသိဘူး။ မခေါ်ချင်ပေမယ့်လည်း ခေါ်နေရတာဘဲပေါ့ဗျာ။ သူက အစိုးရ အာဏာရ ကိုး…။ ဒီလိုအတွေးတွေဝင်လာတော့ ဟိုအရင် အင်္ဂလိပ်တွေအုပ်ချူပ်ခဲ့တဲ့ခေတ်ကို ပြန်ဝင်စားမိတယ်။ အဲဒီအချိန်တုန်းကလည်း ကိုယ်မ နှစ်မသက်ပေမယ့် ခေါင်းငုံ့ခံခဲ့ကြတာပါဘဲလေ။ သူတို့တွေကို သူတို့ ရှေ့မှာ အစိုးရလို့လက်ခံထားကြပေမယ့် နောက်ကွယ်မှာ ဘယ်လို တုန့်ပြန်ခဲ့ကြတယ်ဆိုတာ သိကြမှာပါ။

ဒါဆို ဆက်ပြီးတွေးကြည့်မိတာက အဲဒီအစိုးရထဲမှာ ကိုယ့်ရည်ရွယ်ချက်ကိုစွဲကိုင်ပြီး ကိုယ်ထင်ရာစိုင်းနေတဲ့သူတွေကို “အစိုးရ သူပုန်” လို့ ခေါ်လို့ရမလားမသိဘူး။ ဒီလိုပါဘဲ အများပြည်သူဆိုင်ရာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ စသည်ဖြင့် အရာအားလုံးကို ဖျက်လိုဖျက်ဆီး လုပ်တယ်၊ သိမ်းဆည်းနေတဲ့အစိုးရကိုကော “သောင်းကျန်းသူအစိုးရ” ဖြစ်နေမလားမသိဘူးဗျာ။

ဒီလိုနဲ့ ကျွန်တော် သိတတ်စဉ်းစားတတ်လာတော့ ဘယ်သူတွေက သူပုန်၊ဘယ်သူတွေက သောင်းကျန်းသူ၊ဘယ်သူတွေ က အစိုးရဆိုတာ ကို နည်းနည်းလေး သိတတ်မြင်တတ်သိလာတယ်။ ဒီတော့ ကျွန်တော်တို့တတွေ သိပ်ပြီးငြင်းခုန်နေဖို့ သိပ်မလိုတော့ဘူးလို့ ထင်မိလာ တယ်။ တဖက်နဲ့တဖက် အပြန်အလှန်စွပ်စွဲနကြမယ့်အစား ကိုယ့်အဖွဲ့တွေ ဘာလုပ်ခဲ့ကြတယ်ဆိုတာကိုသုံးသပ်ကြရင် ပိုကောင်းမှာဘဲ နော်။ စွပ်စွဲတဲ့သူဖက်ကလည်း သေချာစဉ်းစား၊ စွပ်စွဲခံရတဲ့သူတွေကလည်း ရင်ထဲမှာမှတ်ထားစရာတော့ လိုမယ်မထင်ပါဘူး။ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ အရေးကြီးတာပါ။ အစိုးရဘဲဖြစ်ဖြစ်၊ သူပုန်ဘဲဖြစ်ဖြစ် မိမိလိုတဲ့လိုအင်ဆန္ဒကိုဆွဲကိုင်ပြီး ကိုယ်ထင်ရာစိုင်းမယ်ဆို သူပုန်ပါဘဲ။

ဒီနေရာမှာ ကရင်အမျိုးသားခေါင်းဆောင် ဖထီး ဘိုမြ မဆလခေတ်မှာပြောသွားတဲ့စကားကို သွားသတိရမိပါတယ်။ ဘယ်သူ့ကို တိုက်ရိုက် ပြောလိုက်တယ်တော့ မသိပါ။ စကားက ဒီလိုဗျ။ “မင်းတို့တတွေ လျှောက်ပြောမနေကြပါနဲ့ကွာ။ မင်းတို့က မြို့ပေါ်က သောင်းကျန်းသူ သူ ပုန်၊ ငါတို့လည်း တောထဲကသောင်းကျန်းသူ သူပုန်ပါဘဲ” တဲ့။

ထို့နည်းတူ သောင်းကျန်းသူဆိုတာရော အများပြည်သူဆိုင်ရာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ စသည်ဖြင့် ဖျက်လိုဖျက်ဆီးလုပ်သူတွေကို ပြော တာဆိုတော့ ဘယ်သူတွေကလုပ်တယ် မလုပ်ဘူးဆိုတာ လုပ်ကိုင်ခဲ့ကြသူတွေက ပိုသိမှာပါ။ အမှန်တရားဆိုတာ ဖုံးကွယ်လို့ မရနိုင်ကောင်း စရာပါ။ ကံ ကံ၏အကျိုးကို ယုံကြည့်တဲ့သူတွေဘဲလေ မဟုတ်လား။

သမိုင်းတွေကို ပြင်ချင်လို့လား ပြင်လိုက်ပါ။ ပထ၀ီကိုရောပြင်မှာလား ပြင်လိုက်ပါ။ တနေ့နေ့တော့ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းဆိုတဲ့ စ ကားတော့ ရှိသားပါဘဲလေ။

နောက်စကားလုံးတလုံးက အရိုင်းအစိုင်း..။
တော်တော်ကြာကြာမြင်နေ၊ ကြားနေ၊ ဖတ်နေရတဲ့ ဘ၀င်မကျချင်စရာစကားလုံး “အရိုင်းအစိုင်း”။ အထူးသဖြင့် ကချင်တွေက အရိုင်းအစိုင်း တွေပါဆိုတဲ့စကား။ တကယ်တော့ ကချင်လို့ဆိုလိုက်တာဟာ ၀ါလုံးရှည်နဲ့သိမ်းကြုံးလိုက်တာပါဘဲ။ ဘယ်လူမျိုးမှာမဆို မိဘ၊ ဘာသာ တ ရားတို့ရဲ့ ဆိုဆုံးမမှုအောက်မှာ ယဉ်ကျေးသိမ့်မွေ့သူရှိသလို ရိုင်းစိုင်းတဲ့လူမျိုးတွေလည်း ရှိနေမှာပါ။

ဒါဆိုရင် ယဉ်ကျေးမှု၊ ယဉ်ကျေးခြင်းဆိုတာ ဘာလဲဆိုတာ သိချင်လာပါတယ်။ လိမ္မာရေးခြားရှိတာကို ဆိုလိုချင်တာလား။ အပြောအဆို အနေအထိုင် နူးညံ့သိမ့်မွေ့တာကို ရည်ညွန်းတာလား။ ယဉ်ကျေးတယ်ဆိုတာတော့ ရိုင်းစိုင်းခြင်းရဲ့ ဆန့်ကျင်ဘက်။ ရိုင်းပြခြင်းဆိုတာ ကြမ်းတမ်းခြင်း၊ ခက်ထန်ခြင်း၊ မဖွယ်မရာရှိခြင်း၊ အမြင်အကြားမတော် တစ်ပါးသူကို အနှောက်အယှက်ဖြစ်စေခြင်းဆိုတဲ့ အဓိပ္ပါယ်မဟုတ် လား။ ဒါဖြင့် ယဉ်ကျေးခြင်းဆိုတာအဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပေါ့။

လူကြီးသူမတွေအရှေ့မှာ ခါးလေးကိုင်းသွားတာ၊ စကားလေးပြောတဲ့အခါရှင့်။ ခင်ဗျာတို့်ထည့်ပြောတာ လက်နှစ်ဘက်နဲ့ ပေးတာယူတာ၊ လက်အုပ်လေးချီ နှုတ်ဆက်ကြိုဆိုတာ။ ဒူးကလေးညွတ်လိုက်တာ။ ဒါတွေဟာ ယဉ်ကျေးမှုလား။ ဒီလိုပါဘဲ ယဉ်ကျေးဖွယ်ရာရှိခြင်းနဲ့ ယဉ် ကျေးမှုဆိုတာကို ရောထွေးယှက်တင်နားလည်နေကြတာလား။ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးခြင်းဆိုတဲ့ ဓလေ့စရိုက်၊ အပြုအမူ Behavior Manner မဟုတ်ပါလား။ အဲဒီအပြုအမူ Behavior Manner ကို ယဉ်ကျေးမှုလို့ သတ်မှတ်လိုက်တဲ့အခါ ရှုပ်ထွေးသွားမှာပါ။

အဲဒီလိုသတ်မှတ်လိုက်တဲ့အခါ ကိုယ်က ယဉ်ကျေးတယ်လို့သတ်မှတ်ထားတာတွေနဲ့ မကိုက်ညီတာမှန်သမျှကို “ရိုင်း” တယ်လို့ သတ်မှတ် လိုက်ကြတော့မှာလား။ ဒါဆိုရင်တော့ ယဉ်ကျေးမှုတန်းဖိုးဖြတ်ချက်တွေ ငြိကုန်တော့မှာပါ။

မှတ်သားဖူးတဲ့ အပြုအမူလေးတခုက ကျွန်တော်တို့မြန်မာနိုင်ငံမှာဆို ဆရာ၊ ဆရာမတွေ စာသင်ရင် လက်ပိုက်ပြီးနေရတယ်။ ငယ်ငယ် က ဆို ဆရာ၊ ဆရာမတွေက လက်ပိုက်ခိုင်းပါတယ်။ ဒီလိုနဲ့ ဆရာ၊ ဆရာမတွေရှေ့ဆို လက်ပိုက်မှ ယဉ်ကျေးတယ်။ လိမ္မာတယ်ပေါ့။ ဒါပေမယ့် အီတလီမှာတော့ ဆရာ၊ ဆရာမတွေ စာသင်ရင် လက်ပိုက်ရင်တော့ ရိုင်းတယ်တဲ့ဗျ။

အဲဒီမှာက ဆရာ၊ ဆရာမတွေရှေ့လက်ပိုက်ရင် ကြိုက်တာမေး ဖြေနိုင်တယ်။ ဆရာကိုယှဉ်နိုင်တယ်ဆိုတဲ့အဓိပ္ပါယ်တဲ့ဗျာ။ စသည်ဖြင့် သာ ဓကများစွာတွေကိုကြည့်ပြီး ငါစွဲတွေနဲ့ ဘယ်သူကယဉ်ကျေးလို့ ဘယ်သူကရိုင်းစိုင်းတယ်ဆိုတာ ဆုံးဖြတ်ကြတော့မလား။

ဒါဆိုရင် မတူခြားနားတဲ့ စရိုက် ဓလေ့အပြုအမူတွေကြားမှာ ဘယ်သူကမှန်လို့ ဘယ်သူကမှားလဲ။ ဘယ်သူက ယဉ်ကျေးလို့၊ ဘယ်သူတွေ ရိုင်းနေလဲဗျာ။ ယဉ်ကျေးမှုလို့သုံးလာပြီဆိုရင်တော့ ကျွန်တော်တို့ သိရမြင်ရမှာက အသိညဏ်၊ အသိတရား၊ ညဏ်နဲ့ပညာဆိုတဲ့ စိတ်ဓါတ် ဆိုင်ရာအခြေအနေဘဲ ဖြစ်ပါတယ်။

ရိုင်းစိုင်းတယ်ဆိုတဲ့ နာခက်စရာပြောဆိုတော့မယ်ဆိုရင်ဖြင့် မိမိရဲ့အသိညဏ်၊ အသိတရား၊ ညဏ်နဲ့ပညာဆိုတဲ့ စိတ်ဓါတ်ဆိုင်ရာ အခြေ အနေကို ပြန်လည်သုံးသပ်ဖို့တော့ လိုမယ်ထင်ပါတယ်။

ဒီလိုနဲ့ အတွေးတွေထဲမှာ လက်ရှိအစိုးရလည်း ရိုင်းစိုင်းတဲ့ အပြုအမူတွေရှောင်ကြဉ်ပြီး ပိုပြီးပညာရှိတဲ့ အစိုးရအဖြစ်မြင်ချင်စမ်းပါရဲ့။ လွမ်း မောဖွယ် ကချင်တောင်တန်းကြီးမှာလည်း ပျော်ရွင်တဲ့ မနောအကနဲ့ ယဉ်ကျေးသိမ့်မွေ့တဲ့ ဓလေ့မြင်ချင်စမ်းပါရဲ့။ လယ်မြေတွေသိမ်းခံရတဲ့ အညာဒေသလေးမှာလည်း စိမ်းညို့ညို့လယ်ကွင်းနဲ့ ဘုရားစေတီတို့ ကြည်းနူးဖွယ်မြင်ချင်စမ်းပါရဲ့။ မတရားသိမ်းခံထားရတဲ့ အိမ်ယာတွေနဲ့ လူတွေရဲ့ဘ၀ မိသားစုဘ၀လေး ပျော်ပျော်ရွင်ရွင် နေထိုင်ကြတာလေးကိုလည်း မြင်ချင်စမ်းပါဘိဗျာ။

photo – James Robert Fuller


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “သူမသာ ကိုယ်မသာ (မိုးမခပေးစာ)
  1. အလွန်ကောင်းမွန်တဲ့ စကားလုံးများနဲ့ရေးထားတဲ့ ဆောင်းပါးကို ဦးညွန့်အလေးပြုပါတယ်..။ ဦးသိန်းစိန်အစိုးရ – အမေရိကန်သမ္မတကြီး ဂျော့ဝါရှင်တန်လို လူမျိုးပေါင်းစုံကို စုစည်းနိုင်ပါစေ ဆုတောင်းပါတယ်…

  2. သူပုန် ဆိုတာတော့ ရခိုင်မှာ ဆပ်ပျာကိုခေါ်တယ်လို့ ကြားဘူးပါတယ်။ ဗိုလ်ခင်ညွန့် ခေတ်က မင်းတို စပယ်ရာတွေသိတ်ရိုင်းတယ်ဆိုပြီး သက်ဆိုင်ရာကားအဖွဲ့ အစည်းကလူကြီးတွေကို ခေါ်ဟောက်ဖူးပါ တယ်။ မှန်ပါတယ် စပယ်ရာ အရိုင်းတွေရှိကောင်းရှိပါ့မယ်။ ဒါပေမဲ့ ဘယ်စပယ်ရာမှ မိဘပြည်သူကို ပါးမရိုက်ဖူးပါ၊ မဆဲဘူးပါ၊ နေပူလှန်းပြီး မညှင်းဆဲဘူးပါ (စစ်ဗိုလ်၊ စစ်သား၊ ထောက်လှန်းရေး) တွေနဲ့ စာ ရင်ပေါ့လေ။ အဏာရှင် အကြီးအသေးတွေနဲ့ ခရိုနီတွေ ဘယ်တော့ ယဉ်ကျေးလာမှာလည်း ? ? ? အရိုင်းအစိုင်းစပယ်ရာတွေ ကို – အရိုင်းစပယ်လေး – တွေလို့ ခေါ်ကြည့်ပါလား သမတကြီး ဦးသိန်စိန် သက်တော်ရာကျော်ရှည် ပါ့စေလို့ ကားနောက်မှီးကနေ အလကားအော်ပေးမယ်၊ မယုံရင်စမ်းကြည့်ပါ။

Comments are closed.