သတင်းပဒေသာ

Overseas Burmese – ပြည်ပရောက် မြန်မာပညာရှင်များအား တိုင်းပြည်ပြန်လာလုပ်ကိုင်ဖို့ ထပ်မံဖိတ်ခေါ်

မိုးမခ အထောက်တော်၊ ရန်ကုန်
မေလ ၁၂ ရက်၊ ၂၀၁၂
ယမန်နေ့က နိုင်ငံတော် သမ္မတရုံး၌ ကျင်းပသည့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးတွင် သမ္မတ ဦးသိန်းစိန်က တိုင်းပြည်ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆာင်ရွက်နေရာတွင် ကျွမ်းကျင်သည့် လူ့စွမ်းအား လိုအပ်လျှက်ရှိသဖြင့် ပြည်ပရောက် မြန်မာပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်သူများ နိုင်ငံတိုးတက်ရေး အတွက်ပြန်လာလုပ်ကိုင်ဖို့ ထပ်မံဖိတ်ခေါ်လိုက်သည်။
ယင်းစည်းဝေးတွင် ဦးသိန်းစိန်က “နိုင်ငံခြား တိုင်းပြည်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မန်မာနိုင်ငံသားများ စဉ်ဆက်မပြတ် ဖိတ်ခေါ်လျှက်ရှိကြောင်းနှင့် ယခုအခါ ငွေကြေးအရင်းအနှီးအပြင် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ပါတွေ့ကြုံနေရကြောင်း ” ထုတ်ဖေါ်ပြောဆိုကာ ပြန်လာမည့်
ပြည်ပရောက် မြန်မာပညာရှင်များ အနေဖြင့် အခက်အခဲရှိပါက တင်ပြလာလျှင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြထားသည်။
ယမန်နှစ် သြဂုတ်လကလည်း သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး သဘောထားအမြင်မတူသူ ပြည်ပရောက်မြန်မာများ အကြောင်းကြောင်းကြောင့် ပြည်ပထွက်ခွာသွားသူများအား ပြန်လာရန် ဖိတ်ခေါ်ခဲ့ဖူးသည်။
ယင်းသို့ဖိတ်ခေါ်ပြီး လအနည်းငယ်အကြာတွင် ပြည်ပအခြေစိုက် မြန်မာမီဒီယာ အချို့၊ ဗဟုအဖွဲ့ဝင် ဒေါက်တာ ဦးဇော်ဦး၊ ဦးအောင်နိုင်ဦး အစရှိသည့် ပြည်ပရောက် မြန်မာအချို့ ပြန်လာခဲ့ကြသည်။ သို့ရာတွင် အချို့သော ပည်ပရောက် အစိုးရနှင့် သဘောထား ကွဲလွဲသူများမှာ ပြည်ဝင်ခွင့်ဗီဇာရရှိဖို့ ခက်ခဲနေဆဲ ဖစ်သည်ဟု နိုင်ငံရေး အဖွဲ့အစည်းခေါင်းဆောင် တဦးက ပြောသည်။ ၎င်းတို့အုပ်စုအနေဖြင့် ဦးအောင်မင်းနှင့် ထိုင်းနိုင်ငံတွင် ဆွေးနွေးခဲ့သည့်နောက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာတွင် အတော်များများ
မရရှိသေးကြောင်းလည်း ပြောဆိုသည်။
ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်မှု တနှစ်ကျော်ကြာမြင့်လာသည့်နောက်တွင် အနောက်နိုင်ငံ င့် သြစတေလျ၊ ကနေဒါတို့က ပိတ်ဆို့မှုများကို ရပ်ဆိုင်းလိုက်ခြင်း ဆိုင်းငံ့ခြင်းတို့ ပြုလုပ်ပေးခဲ့ကြသည်ကိုတွေ့ရသည်။
အမေရိကန်၊ သြစတြေးလျ နှင့် စင်္ကာပူနိုင်ငံတို့တွင် မြန်မာတို့ နိုင်ငံသားကူးပြောင်းခံယူထားမှု အများဆုံးဖြစ်သည်ဟု နယူးယောက်အခြေချနေထိုင်သူ လုပ်ငန်းရှင်တဦးက ခန့်မှန်းပြောဆိုသည်။ အဆိုပါနိုင်ငံများတွင် ပြောင်းရွှေ့နေထိုင်သူ မြန်မာတိုင်းရင်းသားအတော်များများအနက်နိုင်ငံရေးနှင့် ပတ်သက်ခြင်း သိသာထင်ရှားမှု မရှိသူများ၊ သံရုံးနှင့် ဗီဇာပိုင်းဆိုင်ရာ နိုင်ငံကူးလက်မှတ်ပိုင်း ရင်းနှီးနီးစပ်သူများအနေဖြင့် မြန်မာပြည်သို့ လည်ပတ်သွားလာနေထိုင်ရန် နဂိုကတည်းက အခက်အခဲ မရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ နိုင်ငံရေးဒုက္ခသည်အဖြစ်ရွှေ့ပြောင်းအခြေချနေထိုင်သူ မြန်မာမိသားစုများအတွက်မူ ကြားဝင်ဆောင်ရွက်ပေးသည့် ၀န်ဆောင်မှုတို့ လိုအပ်နေဆဲဖြစ်သည်ဟု ထင်မြင်ကြောင်း ၎င်းက ပြောဆိုသည်။
မြန်မာပြည်၏ အထွေထွေအကြပ်အတည်း အခက်အခဲများကြောင့် နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံများသို့ရွေ့ပြောင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားများ၊ အလုပ်သမားများ၊ မိသားစုများ၏ ဘ၀လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေး၊ မိသားစု ပြန်လည်ပေါင်းစည်းရေးအတွက်ကိုမူ လက်ရှိအစိုးရက အသိအမှတ်ပြု ထုတ်ဖော်ပြောကြား ဆွေးနွေးခြင်း မရှိသေးပေ။
“ပြည်တော်ပြန်တဲ့ ပြည်ပအခြေစိုက်တွေ ဘက်ကလည်း လူတန်းစားအားလုံးကို ကိုယ်စားပြုပြီး မြန်မာပြည်သားတွေပေါင်းစည်းရေး၊ ပြန်လည်ထူထောင်ရေးကို အလွှာအသီးသီးမှာ ဆောင်ရွက်ဖို့ ပြောစေချင်ပါတယ်” ဟု မဲဆောက်အခြေစိုက် ကလေးစာသင်ကျောင်းတွင် လုပ်ကိုင်နေသူ စေတနာ့ဝန်ထမ်း ကျောင်းဆရာတဦးက မိုးမခကို မှတ်ချက်ပေးသည်။
(photo – Mizzima)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts