ကဗျာ

လူသွားလမ်း

နိုင်ဦးညို (ဖိုးဇီးရိုး)၊
မေ ၁၀၊ ၂၀၁၂

လူတချို့တွေက
လမ်းတခြမ်းခင်းဖို့ကို
စကားလုံးစစ်တွေ
ထိုးနေကြတယ်
ဘယ်လမ်းမဆို
တခြမ်းဘဲခင်းခင်း
အကြမ်းဘဲခင်းခင်း
လူသွားမှလမ်းဖြစ်တာလေ ….။

လမ်းဆိုတာ
လျှောက်မဲ့သူမရှိဘဲ
လမ်းဖောက်တဲ့သူက
သူ့သဘောသူဆောင်
ရောက်ချင်တဲ့နေရာရောက်
ဖောက်ချင်တိုင်းဖောက်နေလို့
ပေါက်နိုင်ပါ့မလား ရောက်နိုင်ပါ့မလား …။

သွားတဲ့လမ်းတစ်လမ်းဟာ
အနှေးယဉ်များအတွက်သာဘဲဖြစ်ဖြစ်
သုံးတန်အထက်ယဉ်များမဝင်ရဘဲဖြစ်ဖြစ်
ရှစ်လမ်းသွားအမြန်လမ်းမကြီးဘဲဖြစ်ဖြစ်
လူတယောက်စာလျှောက်သာရုံဘဲဘဲဖြစ်ဖြစ် ၊
မူရင်းအကြောင်းကတော့
လားရာအရပ်ကိုရောက်ဖို့
အချိန်ကုန်သက်သာစေဖို့
အင်အားတွေမပြုန်းတီးစေဖို့
ကမ္ဘာဦးခေတ်ကာလကစ
လူတွေကိုယ်တိုင်ဖြတ်သန်းခဲ့လို့
လမ်းဆိုတာဖြစ်ခဲ့တာပါ …။

လူမသွားဘဲ
လမ်းဘယ်လိုဖြစ်မလဲ ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts