သတင်းပဒေသာ

ဦးဝီရသူ (မစိုးရိမ်) မြို့လှမြို့၊ ဆွမ်းစားကျောင်းဆောင်ရေစက်ချ၊ ရဟန်းခံရှင်ပြု နားသအလှူတော်မင်္ဂလာဓမ္မသဘင်၌ တရားဟောကြား

မိုးမခမိတ်ဆွေ (မြို့လှ)
မေ ၉၊ ၂၀၁၂
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော် ဦးဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) သည် 6.5.2012- ၆၊ ၅၊ ၂၀၁၂ ရက်နေ့တွင် ပဲခူးတိုင်း မြို့လှမြို့၌ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ဟောကြားခဲ့ကြောင်းသိရပါသည်။

အဓိကရုဏ်းမီးများ ငြိမ်းရေးနှင့်ပတ်သက်၍ထုတ်ပြန်ထားသော ဝီရသူသဘောထား ၁/၇၄ ကို အကျယ်တဝင့် ရှင်းလင်းဟောကြားခဲ့ပြီး တကယ်ငြိမ်းချမ်းချင်သည်ဆိုလျှင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ညီညွတ်ဖို့လိုကြောင်း၊ ထိုသို့ နိုင်ငံသူနိုင်ငံသား အားလုံး တွဲလက်မဖြုတ် နောက်မဆုတ်တမ်း ညီညွတ်စွာကြိုးပမ်းနိုင်မှ ထာဝရငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်း၊ မညီညွတ်ခြင်းကြောင့် အ သက်ဆုံးရှုံးခဲ့ရသော ငုံးငှက်များအကြောင်းပါဝင်သည့် သမ္မောဒမာနဇာတ်၊ အထင်လွဲမှားမှုကြောင့် အတိဒုက္ခရောက်ရရှာသော ကြို့ပင်နှင့် ဝက်ဝံအကြောင်းပါဝင်သည့် ဖန္ဒနဇာတ်နှင့် သံဝရဇာတ်၊ မဟာဂေါဝိန္ဒသုတ်တို့ကိုအခြေခံ၍ ဟောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မြို့လှမြို့၌ အရှင်ဝီရသူ တရားဟောခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၆၊ ၂၊ ၂၀၁၂ ရက်နေ့တွင် ပထမအကြိမ် ဟောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ဟောတရားဖြစ်သော “ဂလိုဘယ်လ်မျက်လုံး” တရားတော်သည် စာကြည့်တိုက်ထွန်းကားရေး၊ စာကြည့်တိုက်သာသနာပြု တရားတော်ဖြစ်ကြောင်း၊ ထိုတရားကြောင့် စာကြည့်တိုက်အသင်းဝင်သူများ၊ စာအုပ်ငှားသူများ၊ စာအုပ်လှူသူများ ပိုများလာကြောင်း နှစ် ပေါင်းသုံးဆယ်နီးပါး ခါးဆက်ပြတ်ခဲ့ရသော အထူးတရားပွဲကြီးများကိုလည်း ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြို့လှပြည်သူများက ပြော ကြား၍ သိရှိခဲ့ရပါသည်။

အဆိုပါတရားပွဲသို့ မြို့လှ NLD ပါတီဝင်များ၊ သကြားစက်ရုံအရာရှိများ၊ ဝန်ထမ်းများနှင့် အများပြည်သူ တရားနာပရိသတ်များ စည်ကား သိုက်မြိုက်စွာ နာယူကြကြောင်း သိရှိရပါသည်။

ခိုက်ရန်ပျိုးခဲ့၊ ရန်ငြှိုးဖွဲ့၊ ကျိုးမဲ့ပျက်စီးမည်။
ကြို့ပင်လည်းတုံး၊ ဝံလည်းဆုံး၊ အရှုံးတွေကိုယ်စီ။
သံဝရထုံး၊ ကိုယ်စီသုံး၊ အပြုံးဝေကြမည်။
မေတ္တာဝေမျှ၊ ညီညွတ်မှ၊ မုချငြိမ်းချမ်းမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts