ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

၂၀၁၂ သောက်သုံးရေအလှူ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၇၊ ၂၀၁၂

၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍ နွေရာသီ၌ ထူးခြားလာသည်မှာ ရေရှားပါးခြင်းဖြစ်တော့သည်။ အထူးသဖြင့် သောက်ရေရှားပါးခြင်းဖြစ်သည်။ သောက်ရေမရှိတော့မှ လူ့ခန္ဓာကိုယ်ကြီး ဒုက္ခရောက်တော့မည်ဖြစ်သည်။ လူ့ခန္ဓာကိုယ်ကြီးထဲတွင် ရေဓါတ် ၇ဝ ရာခိုင်နှုန်းမျှပါဝင်သည်။ လူ့ခန္ဓာကိုယ်ကြီးအား ရေနှင့်တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အသက်ရှင်သန်ခြင်းသည် ရေကြောင့်ဖြစ်သည်။

သောက်သုံးရေကန်များခန်းခြောက်ပြီး သောက်သုံးရေပြတ်လပ်မှုကို ရင်ဆိုင်နေကြရသည့် ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အ တွင်းတွင် သောက်သုံးရေများ လုံလောက်စွာရရှိရန်အတွက် ၄.၅.၂၀၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ အလုပ်အမှုဆောင် ဦးတင်မောင်အေးတို့ဦးဆောင်၍ အသင်းသားများတို့သည် ရွှေပြည် သာမြို့နယ်ရှိ Tun Linn Group Construction Co.,Ltd. မြေသယ်ယာဉ်၊ ယန္တရားများနှင့် Tran sporter ငှားရမ်းခြင်းလုပ်ငန်းမှ ရေဂါလံ (၂၄၀၀) ဆန့်မော်တော်ယာဉ်တစ်စီး (အခမဲ့) ကူညီပံ့ပိုးပေးမှုနှင့်အတူ တွံတေးတံတားအဆင်းရှိ (ရန်ကုန်ပေါက်) ရှိ လူနေအိမ်မှ အဝီစိရေ တွင်းမှ ရေလှူဒါန်းသည့်အတွက် ရေဂါလံ (၂၄၀၀) ဆန့်မော်တော်ယာဉ်ပေါ်သို့ရေဖြည့်ကာ ကျန်စစ်သားရပ်ကွက်ရှိ ရေဒုက္ခသည်များ ထံ သို့ နှစ်ခေါက်တိုင်တိုင်သယ်ယူပို့ဆောင်ခဲ့ရာ သောက်သုံးရေ (၄၈၀၀) ဂါလံအား အိမ်ထောင်စု (၁၂၀၀) ကျော်ခန့်အတွက် လှူဒါန်းခဲ့ကြသည်။ ကျန်စစ်သားရပ်ကွက်ရှိ သောက်သုံးရေလှောင်ကန် ဂါလံ (၄၈၀၀) ဆန့်အုတ်ကန်တွင်းသို့ ဖြည့်တင်းပေးပြီး ရပ်ကွက်တွင်းရှိ ရေဒုက္ခသည် အိမ်ထောင်စုများ (တစ်အိမ်မကျန်) သောက်ရေရရှိနိုင်ရန် တိုကင်စနစ်ဖြင့် ဒေသခံတို့မှ စီစဉ်ဆောင်ရွက်ကာ သောက်ရေများ ဝေငှလှူဒါန်း ခဲ့ကြပြီး ယင်းနေ့ ည (၈း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

၅.၅.၂၀၁၂ ရက်နေ့ (ကဆုန်လပြည့်) နေ့ နံနက် (၅း၃၀) နာရီအချိန်တွင် ဆက်လက်၍ ဒလမြို့နယ်တွင်းရှိ သောက်သုံးရေလိုအပ်နေသည့် ကမာကသွယ်၊ တပင်ရွှေထီး၊ ကျောင်းစု အစရှိသည့်ကျေးရွာများသို့လည်း ရေဂါလံ (၇၂၀၀) တို့အားသွားရောက်၍ ဝေငှလှူဒါန်းခဲ့ကြပြီး ည (၈း၀၀) နာရီအချိန်မှ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ယင်းကဲ့သို့ သောက်သုံးရေများ အရေး ပေါ်ဝေငှရာ၌ ဒေသခံလူမှုရေးသမားများတို့မှ ဝိုင်းဝန်း၍ပံ့ပိုးကူညီခဲ့ကြသည်။

 

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဇွဲတွန်ကျေးရွာရှိ အိမ်ခြေ (၁၁၈)၊ လူဦးရေ (၅၅၂) ဦးခန့်နေထိုင်လျက်ရှိပြီး သောက်သုံးရေကန်များ ခမ်းခြောက် နေသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒေသခံ လူမှုရေးသမားများနှင့်လက်တွဲကာ “အများပြည်သူအတွက် အများပြည်သူ ကောင်းမှု” ကဗျည်းရေးထိုး၍ ဇွဲတွန် ဘုန်းတော်ကြီးကျောင်းအတွင်း၌ အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းအား အကောင်အထည်ဖော် လှူဒါန်းပေးခဲ့သည်။ ထို့အပြင် ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ပေါင်းတည် မြို့နယ်ရှိ ကြာနီကန်ကျေးရွာ၊ ပဲခူးတိုင်၊ ကဝမြို့နယ်၊ ကမာပုန်းကျေးရွာနှင့် အောင်သာကျေးရွာတို့တွင်လည်း အဝီစိစက်ရေတွင်းများအား အများပြည်သူအတွက် အများ ပြည်သူကောင်းမှုအဖြစ် ဆက်လက်၍တူးဖော်လှူဒါန်းပေးလျှက်ရှိပေသည်။

အများပြည်သူအတွက် … အများပြည်သူကောင်းမှုတော်အတွက် သာဓုခေါ်ဆိုနိုင်ပါစေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts