သတင်းပဒေသာ

ဦးဝီရသူ ချင်းပြည်နယ် ထေရ၀ါဒသာသနာပြုကျောင်းအား ငွေကျပ်တစ်သိန်းလှူဒါန်း

မိုးမခအထောက်တော်
မေ ၅၊ ၂၀၁၂

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) သည် ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့၌ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေးရွာ၊ ဗန်းတဲ့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ အလှည့်ကျ ကျောင်းထိုင်ဆရာတော် အရှင်ဉာဏောဘာသ (MA.Buddism) သာသနတက္ကသီလမဟာဓမ္မာစရိယအား ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့ ကြောင်း သိရပါသည်။

ထိုသို့လှူဒါန်းခြင်းမှာ ဗန်းတဲ့ကျောင်းအတွင်းကျင်းပပြုလုပ်လျက်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဦးကုမာရ (ဓမ္မဓရ) က ကျပ်ငွေတစ်သိန်း၊ ဗလာစာအုပ် ၁၂ ဒါဇင်၊ ဘောလ်ပင်(၁၅၀)၊ ပုလဲဆရာတော် (ဦးပညာဝံသ) က ကျပ်ငွေတစ်သိန်း၊ တောင်စလင်းဆရာတော်ကြီး ဘဒ္ဒန္တတိက္ခက ဗလာစာအုပ် ၁၀ ဒါဇင်၊ ခဲတံ ၁၀ ဒါဇင်၊ အဝတ်ထုပ် ၂ ထုပ် လှူဒါန်းကြောင်းလည်း သိရပါသည်။

အဆိုပါ ဗန်းတဲ့ကျောင်းကို ၂၀၀၄ နှစ်မှစ၍တည်ထောင်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှစတင်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း၊ စတင်ဖွင့်လှစ်သင်ကြားပြသခဲ့သောဆရာတော်မှာ ဥသျှစ်ပင်မြို့၊ သာသနာတက္ကသီလဓမ္မာစရိယ အရှင်တိဿ (B.A Buddhism) ဖြစ်ကြောင်း၊ အိမ်ခြေ ၃၅၀ ကျော်ရှိရာတွင် ဗုဒ္ဓဘာသာဝင်မိသားစုက ၇၅ အိမ်ခန့်ရှိကြောင်း၊ ကျောင်းသား/သူပေါင်း ၂၀၃ ဦးရှိပြီး၊ နှစ်ခြင်းခရစ်ယာန် ၃ ယောက်၊ R.C ခရစ်ယာန် ၈၀ တို့ တက်ရောက်ပညာသင်ကြားကြကြောင်း သိရပါသည်။

ယခုလက်ရှိကျောင်းထိုင်ဆရာတော် အရှင်ဉာဏောဘာသသည် ဆရာတော်အရှင်ဝီရသူ၏တပည့်အရင်းဖြစ်ပြီး၊ ကျောက်ဆည်မြို့၊ မင်း ကုန်းကျောင်းတိုက်နှင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တို့မှာ ပညာဆည်းပူးခဲ့သူဖြစ်ကြောင်းလည်းသိရပါသည်။

ဆရာတော် အရှင်ဝီရသူက တပည့်အရှင်ဉာဏောဘာသအား …
ဘာသာရေး လူမျိုးရေးမဖက် ပညာရေးသက်သက်သာ ပို့ချပေးဖို့၊ အခြားဘာသာဝင်များကိုအကျပ်ကိုင်ပြီး ဘုရားရှင်ခိုး ခိုင်းတာမျိုးမလုပ်ဖို့၊ ထိုသို့လုပ်ခြင်းဟာ လွတ်လပ်စွာကိုးကွယ်ခြင်းကို ချိုးဖောက်ရာရောက်လို့ အထူးရှောင်ကြဉ်ဖို့၊ ဗမာစကားတတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးခြင်းဖြင့် မျက်စိဖွင့်ပေးဖို့၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်း ရင်းရင်းနှီးနှီး ထိတွေ့ခွင့်ရရေးကို အဓိကရည်ရွယ်ဖို့၊ ဘာသာမတူသူများ ချစ်ခင်ရင်းနှီးစွာနေထိုင်ခြင်းသည်သာ ငြိမ်းချမ်းရေးအစစ်ဆိုတာ ကမ္ဘာ့ပြည်သူအသီးသီး သိအောင်ပြသဖို့ လိုကြောင်း သြဝါဒစကား ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ဦးဝီရသူ ချင်းပြည်နယ် ထေရ၀ါဒသာသနာပြုကျောင်းအား ငွေကျပ်တစ်သိန်းလှူဒါန်း

Comments are closed.