ရသဆောင်းပါးစုံ

Globalization: ကမ္ဘာလုံးပတ်လည် စီးပွားလုပ်ဆောင်မှု

ငြိမ်းချမ်းအေး
ဧပြီ ၂၇၊ ၂၀၁၂
လက်ရှိ ဗမာပြည်ရဲ့စီးပွားရေးဟာ နိုင်ငံရေးအရ အထိုက်အလျှောက် ပြုပြင်ပြောင်းလဲမှုရဲ့အကျိုးအနေနဲ့ ကမ္ဘာ့စီးပွားရေးနဲ့ အရင်ကထက် ပိုပြီး ထဲထဲဝင်ဝင် ထိတွေ့ခွင့်ရပါတော့မယ်။ တနည်းအားဖြင့် ကမ္ဘာထဲကို ဝင်ပါရတော့ပါမယ်။ ဒီလိုဖြစ်စဉ်မှာ ဝင်ရောက်ပါဝင်ရင်းနဲ့ တိုင်း ပြည်ရဲ့စီးပွားရေးကို တိုးတက်လာအောင်၊ ကိုယ့်တိုင်းပြည်က ပြည်သူအများစု စီးပွား၊ လူမှုအဆင့်အတန်းတွေတိုးတက်လာအောင် တပါ တည်း အသုံးချတတ်ရပါမယ်။ ဒီလိုအကျိုးရှိအောင် အသုံးချနိုင်ဖို့က ကမ္ဘာ့လုံးပတ်လည် စီးပွားလုပ်ဆောင်မှုအကြောင်း သဘောတရား တွေနဲ့ သူ့ရဲ့ အကျိုး၊ အပြစ်၊ အဆိုး၊ အကောင်းတွေကို နားလည်ထားဖို့လိုပါမယ်။

• ဂလိုဘယ်လိုင်ဇေးရှင်းဆိုတာ ဘာလဲ (What is Globalization?)
ဘောဂဗေဒ ပညာရပ် အနေနဲ့ ဂလိုဘယ်လိုင်ဇေးရှင်းကို အဓိပ္ပာယ်ဖွင့်ရင် ကမ္ဘာ့စီးပွားရေးမှာ ကမ္ဘာအနှံ့ နိုင်ငံတွေ ပိုမိုပူးပေါင်းဆောင်ရွက် လာမှုနဲ့ အပြန်အလှန်မှီခိုမှု ပိုများလာမှုလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ အရင်တုန်းက ဘယ်လိုမှဆက်စပ်ပတ်သက်မယ်လို့ ယူဆမထားတဲ့ ကမ္ဘာ့တနေရာစီမှာရှိနေတဲ့ ဈေးကွက်တွေ၊ ကုန်ထုတ်လုပ်မှုဖြစ်စဉ်တွေ ပူးပေါင်းလုပ်ဆောင်လာတဲ့သဘောပါပဲ။ ဒီလိုလုပ်ဆောင်ရာမှာ အ ပြန်အလှန် မှီခို၊ ပူးပေါင်းတဲ့ကမ္ဘာ့ဈေးကွက် (Globalization of Markets) နဲ့ အပြန်အလှန် မှီခို၊ ပူးပေါင်းထုတ်လုပ်တဲ့ ကမ္ဘာ့ကုန်ထုတ်လုပ်မှု (Globalization of Production) ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။

• အပြန်အလှန် မှီခို၊ ပူးပေါင်းတဲ့ ကမ္ဘာ့ဈေးကွက် (Globalization of Markets)
နိုင်ငံတစ်နိုင်ငံ (သို့) ကုမ္မဏီ (သို့) နိုင်ငံပေါင်းစုံပါဝင်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုကတင်ပို့တဲ့ ထုတ်ကုန်၊ နည်းပညာ၊ ဝန်ဆောင်မှုတစ်ခု ရဲ့ဈေးကွက်ဟာ ကမ္ဘာတစ်ခုလုံးဖြန့်ကျက်လာမှုကို ဆိုလိုပါတယ်။ ဥပမာ – ဂျပန်ရဲ့ကားတင်ပို့မှုဈေးကွက်ဟာ ကမ္ဘာတစ်ခုလုံးဖြစ်သလို၊ အမေရိကန်ရဲ့ အင်တယ်လ် (Intel)၊ မိုင်ကရိုဆော့ (Microsoft)၊ အယ်ပယ်လ် (Apple)၊ ဆစ်စကို (Cisco) လို နည်းပညာဝန်ဆောင်မှုတွေရဲ့ ဈေးကွက်ဟာလည်း ကမ္ဘာနဲ့ချီပြီး ကျယ်ပြန့်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဈေးကွက်တွေ ကမ္ဘာနဲ့ချီလာတဲ့အတွက် အပြန်အလှန်မှီခိုမှု၊ အဆိုး၊ အကောင်းဆက်စပ်ပတ်သက်မှုက ကြီးမားလာပါတယ်။ ညောင်ဦးကမ်းပါးပြိုလို့ စမ္ပာနဂိုက နွားမပေါင်ကျိုးရတယ်ဆိုသလိုမျိုးဟာ ကမ္ဘာ့စီးပွားရေးမှာ တကယ်ဖြစ်လေ့ရှိတဲ့သဘောတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ကဖြစ်ခဲ့တဲ့ ဥရောပတိုက် အိုက်စလန်နိုင်ငံက မီးတောင် ပေါက်ကွဲပြီး လေထုထဲပြာဖုန်းလွှမ်းမှုကြောင့် ဥရောပတစ်တိုက်လုံး ကုန်တင်၊ လူစီးလေယာဉ်တွေ မပျံသန်းနိုင်ဘဲ၊ ဈေးကွက်ကို ကုန်ပစ္စည်း တင်ပို့နိုင်မှု ရပ်တန့်ခဲ့တဲ့ဖြစ်ရပ်ရဲ့အကျိုးဆက်အနေနဲ့ ဥရောပတိုက်ရဲ့စီးပွားရေးသာမက အာဖရိကက သစ်သီးဝလံ၊ ပန်းမန်စိုက်တဲ့ လယ် သမား၊ ယာသမားတွေ၊ ကရစ်ဘီယန်ဒေသက ငှက်ပျောစိုက် တောင်သူတွေ၊ အာရှပစိဖိတ်ဒေသ၊ သြစတေးလျ၊ နယူးဇီလန်လို နိုင်ငံတွေက ငါးဖမ်းလုပ်သားတွေ၊ ဂျပန်နဲ့တောင်ကိုရီးယားက ကား၊ လျှပ်စစ်ပစ္စည်းစတာတွေထုတ်တဲ့ အကြီးစားစက်မှုလုပ်ငန်းတွေ၊ နိုင်ငံပေါင်းစုံက လေကြောင်းလုပ်ငန်းတွေ စတဲ့ ကမ္ဘာအရပ်ရပ်က လူပေါင်းများစွာ၊ လုပ်ငန်းပေါင်းများစွာရဲ့စီးပွားရေးဟာ ထိခိုက်ခဲ့ရတယ်။

ထိုနည်းတူ အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းမှုသဘောအရ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအကျိုးဖြစ်ထွန်းမှုကိုလည်း အခြားနိုင်ငံက ပိုမိုလို လားလာတဲ့သဘောကို ကမ္ဘာ့စီးပွားရေးမှာ ဦးဆောင်နေတဲ့၊ အဓိက စီးပွားပြိုင်ဘက်လို့လည်းဆိုနိုင်တဲ့ အမေရိကန်နဲ့တရုတ်ရဲ့ အပြန်အလှန် ကူညီထောက်ပံ့၊ အကျိုးစီးပွားဖြစ်ထွန်းနေမှုက သက်သေပြုတယ်။ ဥပမာ – ၁၉၃၀ စီးပွားပျက်ကပ် (Great Depression) နောက်ပိုင်း အ ကြီးကျယ်ဆုံးဖြစ်တဲ့ ၂၀၀၈ စီးပွားရေးကပ် (လက်ရှိထိလည်း အပြည့်အဝနာလန်မထူနိုင်သေးတဲ့ စီးပွားရေးကပ်မှာ) မှာ အမေရိကန်ကို တ ရုတ်ရဲ့ ငွေကြေးဝင်ရောက်ထောက်ပံ့မှုက ပိုများလာတယ်။ အကြောင်းက တရုတ်ရဲ့ကြွယ်ဝမှုဓနအင်အားအများစုဟာ အမေရိကန်မှာ အရင်းတည်တော့ အမေရိကန်လဲရင် တရုတ်ရဲ့စီးပွားရေးလည်း အကြီးအကျယ်ထိခိုက်မှာဖြစ်တဲ့အတွက်ဖြစ်တယ်။ စီးပွားပြိုင်ဘက်ဆိုတာ ထက် စီးပွားဖက်၊ သူလည်းနိုင်၊ ကိုယ်လည်းနိုင်၊ သူလည်းအကျိုးစီးပွားဖြစ်၊ ကိုယ်လည်းအကျိုးစီးပွားဖြစ်ဆိုတဲ့သဘောဆောင်လာခြင်းလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာကျယ့်ပြန့်တဲ့ ဈေးကွက်ဖြစ်ထွန်းစေမှုပိုမိုလာစေတဲ့ မောင်းနှင်အားတွေကတော့ ခေတ်နည်းပညာ၊ အင်တာနက်၊ သတင်း အချက်အလက် နည်းပညာ၊ ဆက်သွယ်ရေး၊ ခရီးလမ်းပန်းပိုမိုမြန် ဆန် ချောမွေ့လာမှု၊ ရေပန်းစားယဉ်ကျေးမှုပိုမို ဖြစ်ထွန်းလာမှုတို့ဖြစ်ပါ တယ်။ တိကျ၊ လျင်မြန်၊ မြန်ဆန်တဲ့ ခေတ်မီနည်းပညာ၊ ဆက်သွယ်ရေးစနစ်တွေကြောင့် နိုင်ငံနယ်နိမိတ်ဖြတ်ကျော် စီးပွားလုပ်ရာမှာ အရင်ခေတ်တွေကထက် အဟန့်အတားတွေ၊ အခက်အခဲတွေနည်း လာပြီး နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စတာတွေဟာ ယခင်ခေတ်တွေကထက် ပိုမိုများပြားကျယ်ပြန့်လာပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ပိုမို ထိတွေ့ဆက်ဆံလာတာနဲ့အမျှ စားသုံးသူ ယဉ်ကျေးမှု (Consumer Culture) (သို့) ဈေးကွက်ယဉ်ကျေးမှု (Market Culture) အလေ့အထ၊ ဓလေ့တွေကလည်း ပြောင်း လဲတိုးတက် ကျယ်ပြန့်လာပြီး ကမ္ဘာ့လုံးဆိုင်ရာ သဘောဆောင်လာလို့ ကျယ့်ပြန့်တဲ့ ကမ္ဘာ့ဈေးကွက်ဖြစ်ထွန်းမှုကို တွန်းအားပေးစေပါတယ်။ ဥပမာ – ကမ္ဘာအနှံ့ရေပန်းစားတဲ့ Apple ရဲ့ iPhone လို ရေပန်းစား နည်းပညာ၊ ကိုကာကိုလာ၊ မက်ဒေါ်နယ်၊ ကင်တာကီ ကြက်ကြော်၊ ပီဇာ၊ ဆူရှီလို ရေပန်းစား စားသုံးမှုပုံစံတွေ ပိုမိုဖြစ်ထွန်းလာမှုတို့ကြောင့် ဖြစ်ပါတယ်။

• အပြန်အလှန် မှီခို၊ ပူးပေါင်းထုတ်လုပ်တဲ့ ကမ္ဘာ့ကုန်ထုတ်လုပ်မှု (Globalization of Production)
ကုန်ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုလုံးကို အရင်ကလို နေရာတစ်နေရာတည်း၊ နိုင်ငံတစ်နိုင်ငံတည်းမှာပဲ အကုန်လုံးမလုပ်တော့ပဲ ကမ္ဘာအနှံ့ ဖြန့် ကျက်လုပ်ဆောင်လာတဲ့ သဘောဖြစ်ပါတယ်။ အကြောင်းက နိုင်ငံတစ်နိုင်ငံချင်းရဲ့ အားသာတဲ့အချက်တွေအပေါ် အကျိုးရှိအောင် အသုံးချ ပြီး ခွဲဝေလုပ်ကိုင်မှုဖြစ်ပါတယ်။ အလုပ်သမား၊ လူ့စွမ်းအား၊ စွမ်းအင်၊ မြေ၊ အရင်းအနှီး၊ နည်းပညာ စတာတွေအပေါ်မူတည်ပြီး နိုင်ငံတစ်နိုင်ငံ၊ တစ်နိုင်ငံ အားသာတဲ့အချက်တွေကွာပါတယ်။ အရင်းအနှီးအများကြီးရှိတဲ့၊ နည်းပညာမှ ထိပ်တန်းရောက်တဲ့ အမေရိကန်လိုနိုင်ငံတွေက ကုန်ကျစရိတ်များတဲ့၊ နည်းပညာလိုတဲ့ သုတေသနလုပ်ငန်းတွေ၊ ဒီဇိုင်းပိုင်းတွေကို အဓိကလုပ်ဆောင်ပြီး တပ်ဆင်မှု၊ ထုတ်လုပ်မှုကိုတော့ အခြားလုပ်အားပေါတဲ့၊ လုပ်ခသက်သာတဲ့၊ စွမ်းအင်ပေါတဲ့ နိုင်ငံတွေမှာလုပ်ဆောင်စေတဲ့ သဘောဖြစ်ပါတယ်။ ဥပမာ – နီကေးလို အဝတ် အထည်၊ အားကစား၊ အသုံးအဆောင်ပစ္စည်းတွေထုတ်တဲ့ အမေရိကန်ထုတ်လုပ်သူတွေဟာ ဒီဇိုင်းပိုင်း၊ သုတေသနပိုင်း၊ အရည်အသွေး မြှင့်တင်ရေးနဲ့စီစစ်ရေးပိုင်း၊ ဈေးကွက်မြှင့်တင်ရေးပိုင်းတွေကိုသာ အမေရိကန်မှာလုပ်ဆောင်ပြီး တကယ့်ကုန်ပစ္စည်းထုတ်လုပ်မှု အဆင့်ကို တော့ လုပ်အားပေါတဲ့၊ လုပ်ခနည်းတဲ့ အင်ဒိုနီးရှားလိုနိုင်ငံတွေမှာ ထုတ်လုပ်စေတာမျိုးဖြစ်ပါတယ်။ ကမ္ဘာတစ်ခုလုံးဖြန့်ပြီး ကုန်ကြမ်း၊ ကုန် ချော၊ အရင်းအနှီး၊ လူ့စွမ်းအား၊ နည်းပညာစတဲ့ အရင်းအမြစ်တွေ ပူးပေါင်းစီးဆင်းပြီး စားသုံးသူထံတင်ပို့တဲ့သဘော (Global Supply Chain) ဖြစ်စဉ်ကို လူတွေ နေ့စဉ် နိစ္စဓူဝသုံးစွဲနေတဲ့ မိုလ်ဗိုင်းဖုန်းတွေ၊ တကိုယ်ရည်သုံး လက်ဆွဲ ကွန်ပျူတာလို အသုံးအဆောင်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။ ဒီလိုအသုံးအဆောင်ပစ္စည်းတွေဟာ ကမ္ဘာ့ပထဝီနေရာအနှံ့အပြားမှာတည်ရှိတဲ့ အနည်းဆုံး နိုင်ငံသုံး၊ လေးနိုင်ငံမှာ ပေါင်း စပ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ထုတ်လုပ်သူတွေဟာ ကုန်ပစ္စည်း အရည်အသွေးကိုထိန်းသိမ်းနိုင်ပြီး ကုန်ထုတ်လုပ်မှု စရိတ်တွေပါ လျှော့ချနိုင်ကာ အပြိုင်အဆိုင် ဈေးချထားတဲ့ ပစ္စည်းတွေ၊ နည်းပညာ ဝန်ဆောင်မှုတွေ နဲ့ဈေးကွက်မှာ ပိုမို ပြိုင်ဆိုင်လာကြပါတယ်။

• ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးများ ဖြစ်ပေါ်လာမှု (Emergence of Global Institutions)
ကမ္ဘာပတ်လည် စီးပွားရေးလုပ်ဆောင်ရာမှ တစ်နိုင်ငံချင်းရဲ့ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ သဘော၊ သဘာဝ တွေဟာ ကွဲပြားလေ့ရှိကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးကွက်နဲ့ကမ္ဘာ့ထုတ်လုပ်မှုဖြစ်စဉ်သဘော ကြီးထွားလာမှုကြောင့် နိုင်ငံအားလုံးပါဝင်နိုင်တဲ့၊ သဘောတူပါဝင်ပူးပေါင်း လုပ်ဆောင်နိုင်တဲ့ စံစနစ်တွေ၊ နည်းဥပဒေတွေဖော်ဆောင်ပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေရဲ့အခန်းကဏ္ဍက ပိုမိုအရေးပါလာပါ တယ်။ ဥပမာ – ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ ကမ္ဘာ့ဘဏ် (World Bank)၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကုလသမဂ္ဂ (UN) စတာတွေဖြစ်တယ်။ ဒီလို အဖွဲ့အစည်းတွေဟာ နိုင်ငံတစ်နိုင်ငံတည်း (သို့) နိုင်ငံတစ်ချို့က ကမ္ဘာ့စီးပွားရေးကိုဦးဆောင်၊ လက်ဝါးကြီး အုပ်ချယ်လှယ်၊ ဦးဆောင်နေမှုကိုလျှော့ချနိုင်ပြီး နိုင်ငံအားလုံး မျှတစွာအကျိုးရှိစေတဲ့ နည်းဥပဒေ၊ စီမံချက်တွေဖော်ဆောင်၊ စီမံကွပ်ကဲပါ တယ်။ ဒီလို နိုင်ငံတကာအဖွဲ့အစည်းကြီးတွေရဲ့အရေးပါမှုကြီးလာတာနဲ့အမျှ နိုင်ငံတွေအားလုံးဟာလည်း ကမ္ဘာ့စီးပွားဖြစ်စဉ်ထဲကို ဝင်နိုင် ဖို့အတွက် မိမိတို့နိုင်ငံတွေမှာလည်း နိုင်ငံတကာအဖွဲ့အစည်းကြီးတွေက သတ်မှတ်ပြဌာန်းထားတဲ့ စံနှုန်းတွေနဲ့အညီ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အတွေးအခေါ်၊ သဘောထား၊ ခိုင်မာတဲ့စနစ်၊ အဖွဲ့အစည်းတည်ဆောက်မှု စတဲ့ နိုင်ငံတကာအဆင့်မီ ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်မနေ လုပ်ဆောင်ရလေ့ရှိပါတယ်။

အထက်ပါ တင်ပြခဲ့တဲ့ ဂလိုဘယ်လိုင်ဇေးရှင်းလို့ခေါ်တဲ့၊ အရင်းအနှီး၊ ငွေကြေး၊ ကုန်စည်၊ နည်းပညာ၊ လူ့အရင်းအမြစ်တွေ ကမ္ဘာလုံးပတ်လည်လှည့်ပြီး စီးပွားလုပ်ကြတဲ့သဘောဟာ အများယေဘုယျယူဆထားတဲ့၊ မျှော်လင့်ထားတဲ့၊ ဆင်းရဲတဲ့ ဖွံ့ဖြိုးစတိုင်းပြည်တွေရဲ့ လူမှု၊ စီး ပွားရေးကို နတ်ရေကန်ထဲတွန်းချသလို တမဟုတ်ခြင်း ပြောင်းလဲတိုးတက်လာစေတာမဟုတ်ပါဘူး။ ရည်မှန်းချက်အတိုင်း အောင်မြင်ဖို့က အခြေခံကျတဲ့ ချဉ်းကပ်မှုရှိတဲ့၊ ကောင်းမွန်တဲ့၊ လက်တွေ့အလုပ်ဖြစ်တဲ့ မဟာဗျူဟာတွေချမှတ်နိုင်တဲ့ မူဝါဒတွေရှိရမယ်၊ ဒီမူဝါဒကို လက် တွေ့အကောင်အထည်ဖော်နိုင်ဖို့ တိကျတဲ့အစီအစဉ်တွေ၊ စီမံချက်တွေရှိရမယ်။ မူဝါဒဖော်ဆောင်သူတွေမှာလည်း ရေရှည်တစိုက်မတ်မတ်လုပ်ဆောင်ချင်စိတ်၊ ဇွဲ၊ ကျယ်ပြန့်တဲ့ ပညာ၊ ဗဟုသုတ၊ အမြင်၊ အတွေးအခ်ါတွေ ရှိရမယ်၊ စတဲ့ ကျယ့်ပြန့်တဲ့သဘောတရားရေးရာ၊ လက်တွေ့လုပ်ဆောင်မှုရေးရာလိုအပ်ချက်တွေ အများကြီးရှိပါတယ်။

၁၉၉၀ ခုနှစ်များရဲ့ စီးပွားရေးစန်းပွင့်မှုနဲ့အတူ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ခေတ်ဦး ဆီဦးထောပတ်အဆီအနှစ်ကို စားသုံးခွင့်ရပြီး စီးပွားရေးတိုး တက်လာခဲ့တဲ့ အရှေ့ဥရောပနဲ့ အာရှကျားနိုင်ငံတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေဟာ ခုအချိန်မှာ သမိုင်းဖြစ်သွားပါပြီ။ သမိုင်းကို အဆိုး၊ အ ကောင်းလေ့လာပြီး အကျိုးရှိအောင်အသုံးချနိုင်ဖို့ပဲ ရှိပါတော့တယ်။ ဒီအတိုင်း ထပ်တူပြောင်းလဲတိုးတက်လာမှာပဲလို့ တသမတ်တည်း ကောက်ချက်ဆွဲလို့ ယခုအချိန်မှာ မရတော့ပါ။ အထက်မှာ အကျဉ်းတင်ပြသလို ကောင်းမွန်မှန်ကန်တဲ့ ချဉ်းကပ်မှု၊ မူဝါဒတွေနဲ့တိုင်းပြည် အတွက် အကျိုးအများဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ ဖွံ့ဖြိုးစနိုင်ငံတွေရဲ့စီးပွားရေးအပေါ် အ ထောက်အပံ့ပေးမှု အကျိုး၊ ဆုတ်ယုတ်စေမှု အပြစ်၊ ဖွံ့ဖြိုးစနိုင်ငံတွေမှာ ပြင်ဆင်ရမယ့် အချက်၊ မူဝါဒဖော်ဆောင်ရာမှာ လိုအပ်တဲ့အချက်၊ အနေအထား၊ အခင်းအကျင်း စတာတွေကို ရှေ့လာမယ့်ဆာင်းပါးမှာ ဆက်လက်ဆွေးနွေးတင်ပြပါမယ်။

ရည်ညွှန်း – နိုင်ငံတကာ စီးပွားရေး၊ ချားလ် ဒဗလျူ အယ်လ် ဟေးလ်၊ အဋ္ဌမအကြိမ်၊ ၂၀၁၀။
Photo: Global Economy Cartoon by Bill Day from www.caglecartoons.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts