သတင်းပဒေသာ

ကိုကိုးကျွန်းပြန် ဦးခင်ညို ကွယ်လွန် – U Khin Nyo passes away

 
ဧပြီ ၂၇၊ ၂၀၁၂
မိုးမခအထောက်တော် ၊ ရန်ကုန်
ကွယ်လွန်သူ ဦးခင်ညို၏ သမီး နိုင်ငံရေး အကျဉ်းသူဟောင်း မသန္တာကို လွတ်မြောက်သည့်နေ့က တွေ့ရစဉ် (ဓါတ်ပုံ-YPI)


၁၉၅၅ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေအောက် လှုပ်ရှားသူအဖြစ် ဖမ်းဆီးခံရပြီး တသက်တကျွန်း ချမှတ်ခံရသူ ကိုကိုးကျွန်းပြန် နိုင်ငံရေး သမားဟောင်း ဦးခင်ညို (အသက် ၈၀ နှစ်) ယမန်နေ့ (ဧပြီလ ၂၆ ရက်နေ့) နံနက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့၃နှစ်ကတည်းက သမီးဖြစ်သူ အကျဉ်းကျခံနေရစဉ် ဦးခင်ညိုဟာ လေဖြတ်တဲ့ ရောဂါ ခံစားနေရပါတယ်။ တဦးတည်းသော သမီးဖြစ်သူ မသန္တာ (၈၈ ကျောင်းသားဟောင်း) လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့ အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ၃ လခွဲ အကြာမှာ ယခုလို ကွယ်လွန်သွားခဲ့တာပါ။

မသန္တာအကျဉ်းထောင်မှလွတ်မြောက်လာပြီးနောက် ဖခင်ဖြစ်သူကို အိမ်တလှည့်၊ ရန်ကုန်ဆေးရုံကြီးတလှည့်နဲ့ ပြုစု စောင့်ရှောက်ခဲ့ရာမှ မကြာမီ သီတင်းပတ်က မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို ပို့ဆောင်ခဲ့ပြီး ယင်းနေရာမှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

၂၀၀၆ခုနှစ်မှာအဖမ်းခံရတဲ့ သမီးဖြစ်သူ အကျဉ်းကျနေစဉ် အစောပိုင်းကာလမှာ ထောင်ဝင်စာ ပို့နိုင်ပေမယ့်၂၀၀၉ ခုနှစ် လေဖြတ်ပြီးနောက်မှာ အိပ်ယာထဲ လဲနေခဲ့တာ သမီး လွတ်မြောက်လာတဲ့အထိ ဖြစ်ပါတယ်။

ဦးခင်ညိုဟာ အိမ်မဲဇာတိဖြစ်ပြီး မြောင်းမြမြို့နဲ့ ရန်ကုန်မြို့မကျောင်းတို့မှာ ကျောင်းတက်ခဲ့ပါတယ်။ အဲဒီနောက်ရန်ကုန်မြို့မှာ လေထီးဦးအုန်းမောင်၊ ဦးကိုကိုကြီးတို့နဲ့အတူတွဲ လုပ်ကိုင်နေစဉ် ဗမာပြည် ကွန်မြူနစ်ပါတီ မြေအောက်လှုပ်ရှားသူ (ကျောင်းသားနယ်ပယ်) အဖြစ် ၁၉၅၅ ခုနှစ်မှာ ဖမ်းဆီးခံရပါတယ်။

ပုဒ်မ၁၂၃ ဖြင့်စွဲဆိုခံရတဲ့ အမှုကို ဘဘဦးထွန်းတင်က ရှေ့နေအဖြစ် လိုက်ပေးခဲ့သော်လည်း ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံခဲ့ရပါတယ်။ အဲဒီနောက် ကိုးကိုးကျွန်းသို့ စာရေးဆရာမြသန်းတင့်၊ လူထုဦးလှ၊ ဗိုလ်မှူးချစ်ကောင်း တို့နဲ့အတူ ပို့ဆောင်ခံရပြီး ၁၉၆၂ ခုနှစ်မှာ ကျွန်းမှ ပြန်လာရပါတယ်။

အဲဒီနောက် နိုင်ငံရေး လှုပ်ရှားမှု လုပ်ဆောင်တာ မတွေ့ရသော်လည်းမဆလ ခေတ် မဆလ အစိုးရနဲ့ လုံးဝ ပူးပေါင်း ဆောင်ရွက်ခြင်း မလုပ်ခဲ့ပါဘူး။ အဲဒီခေတ်မှာ ကွန်မြူနစ်ဟောင်းတွေထဲက အစိုးရနဲ့ လုံးဝ မပူးပေါင်းသူ ၄၊ ၅ ယောက်သာရှိတဲ့အထဲက တယောက်လို့ နိုင်ငံရေးသမားဟောင်းကြီးတွေ မှတ်ချက်ပြုခဲ့တာကို မသန္တာက ပြန်ပြောပြပါတယ်။ သူတို့ငယ်စဉ်ကလည်း အစိုးရထံ မှာ လျှပ်စစ်မီတာလျှောက်ရင်တောင် အသိအမှတ်ပြု လက်မှတ်ထိုးရမှာကို မလိုလားလို့ ဖယောင်းတိုင်မီးနဲ့သာ နေထိုင်ခဲ့ရတယ်လို့ မသန္တာက ပြောပါတယ်။

အဖေတခုသမီးတခုဖြစ်တဲ့ ဦးခင်ညိုရဲ့ သမီးမသန္တာဟာလည်း ၁၉၈၈ ကတည်းက ကျောင်းသားလှုပ်ရှားမှု၊ အန်အယ်လ်ဒီပါတီ တို့မှာ ပါဝင် လှုပ်ရှားခဲ့ပြီး ခင်ပွန်းဖြစ်သူက ၁၉၈၈ ခုနှစ် ၀န်းကျင် ကာလက လူသိများတဲ့ သုံးရောင်ခြယ် အဖွဲ့ဝင် ယခုအခါ နယ်စပ်မှာ နေထိုင်နေသူ ကိုပါကြီးဖြစ်ပါတယ်။ မသန္တာရဲ့ သမီးဖြစ်သူကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တက္ကသိုလ် တက်ရောက်နေတာကြောင့် ဖခင်၊ ခင်ပွန်း၊ သမီးနဲ့ တကွဲတပြား ဖြစ်နေခဲ့ကြတာပါ။ မသန္တာအနေနဲ့ လွတ်မြောက်လာပြီးနောက် လေဖြတ်နေတဲ့ ဖခင်ဖြစ်သူကို ပြုစု စောင့်ရှောက်နေရတာကြောင့် မိသားစု ပြန်လည် မဆုံစည်းနိုင်ကြသေးပါဘူး။

ဦးခင်ညို၊ သမီး မသန္တာ နဲ့ မသန္တာရဲ့ ခင်ပွန်းဖြစ်သူ ကိုပါကြီး (နယ်စပ်ရောက် ယခင် သုံးရောင်ခြယ်အဖွဲ့ဝင်) တို့ရဲ့ အကြောင်းကို ယခုနှစ် ပြင်သစ်သံရုံး ယဉ်ကျေးမှု ဋ္ဌာနက ပြုလုပ်တဲ့ ဓါတ်ပုံပြိုင်ပွဲမှာ ကိုထွန်းထွန်းအေးက သတင်းဓါတ်ပုံဆောင်းပါးအဖြစ် ရိုက်ကူးပြီး ပါဝင် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

ကွယ်လွန်သူဦးခင်ညိုရဲ့ ဈာပနကို မနက်ဖြန် (ဧပြီ ၂၈ ရက်) နံနက် ၁၀နာရီ ရေဝေးသုဿန်မှာ မီးသဂြိုဟ်မှာဖြစ်ပါတယ်။ ဦးခင်ညိုရဲ့ နေအိမ် အလုံ ဆရာဆောင်းလမ်း အမှတ် ၁ မှ နံနက် ၈ နာရီမှာ ကားများ ထွက်ခွာမယ် လို့လည်း သိရပါတယ်။ ရက်လည်ဆွမ်းကိုတော့ လာမယ့် လာမယ့် ဗုဒ္ဓဟူးနေ့ နံနက်မှာ အလုံရှိနေအိမ်မှာ ဆက်ကပ်မှာဖြစ်တယ်လို့ သိရပါတယ်။

မသန္တာဟာ ကလောင်နာမည် မဏိ နဲ့လည်း အကျဉ်းထောင်တွင်း ရှိစဉ် ကာလကတည်းက ပေးစာ ၊ ကဗျာတွေ ရေးသားလျက်ရှိပြီး မိုးမခ စာမျက်နှာမှာ အခါအားလျော်စွာ ဖေါ်ပြခဲ့ပါတယ်။

 

( ဈာပနကိစ္စနဲ့ ပတ်သက်လို့ သိရှိလိုတဲ့ အချက်အလက် ရှိပါက ၀၉၄၂၀၀၅၅၅၂၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။)


မိုးမခ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကိုကိုးကျွန်းပြန် ဦးခင်ညို ကွယ်လွန် – U Khin Nyo passes away
  1. passed away.
    I don’t believe ‘ passes away ‘ is used in such way.

    ‘ passed away ‘

    please double check.

Comments are closed.