ရသဆောင်းပါးစုံ

ကဆုန်လပြည့်နေ့နှင့် ဆက်စပ်၍

ဝင်းနီအောင်
ဧပြီ ၂၆၊ ၂၀၁၂
မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်ကို မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပြီး မဟာ သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံတွင် အာသဝေါတရားတို့ အလုံးစုံကင်းစင်၍ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဘုရားအဖြစ် ရောက်တော်မူပြီးသည့်နောက် ၄၅ ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုး စီးပွားကို မနားမနေဆောင်ရွက်တော်မူပြီး သက်တော် (၈၀) အရွယ် မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင် တော်မူခဲ့ပါသည်။

သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရားသည် မိမိတစ်ဦးတည်းလွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာကိုရယူနိုင်ပါလျက် သံသရာဆင်းရဲ ဒုက္ခဝဲထဲ တွင် နစ်မွန်းနေကြကုန်သော သတ္တဝါဝေနေယျအပေါင်းတို့ကို ကယ်တင်လိုသည့် မဟာဂရုဏာတော်ကြောင့် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပတ်လုံး ဘဝပေါင်းများစွာ မရေမတွက်နိုင်အောင် အကြိမ်ကြိမ်အဖန်အဖန် မွေးလျက် သေလျက် ပါရမီတို့ကိုဖြည့်ကျင့်ခဲ့ရသည်။ ဘုရား အလောင်းတော်၏ နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘဝတွင် စင်္ကြာဝတေးမင်းအဖြစ်နှင့်တကွ အလုံးစုံကိုစွန့်လွှတ်၍ မွေးခြင်းနှင့် သေခြင်းတို့ ကို အဆုံးသတ်နိုင်မည့်လမ်းကို ရှာဖွေခဲ့တွေ့ရှိခဲ့သည်။

ဂေါတမမြတ်စွာဘုရားရှင်၏ နောက်ဆုံးမွေးနေ့၊ မွေးခြင်းသေခြင်း ဒုက္ခခပ်သိမ်းတို့ချုပ်ရာလမ်းမှန်ကို ရှာဖွေတွေ့ရှိသည့်နေ့နှင့် နောက်ဆုံး သေနေ့ (ပရိနိဗ္ဗာန်စံတော်မူသည့်နေ့) ဖြစ်သော ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ် ပါသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဆင်းရဲခြင်း၊ ဆင်းရဲရခြင်းအကြောင်း၊ ဆင်းရဲခြင်းမှလွတ်လမ်းနှင့် အလုံးစုံသောဆင်းရဲတို့မှ အပြီးတိုင်လွတ်မြောက် ခြင်းဟူသော အကြွင်းမဲ့အမှန်တရားသစ္စာလေးပါးကို နားလည်လက်ခံသူများဖြစ်ကြပါသည်။

ဗုဒ္ဓမြတ်စွာ သာ မပွင့်ပေါ်ခဲ့ပါလျင် ထိုအမှန်တရားများကို မသိနိုင်၊ လွတ်လမ်းလည် မသိ လွတ်မြောက်ဖွယ်လည်း မရှိ။ ယနေ့ကမ္ဘာပေါ်တွင် လူအပေါင်းတို့ လက်ခံယုံကြည်ကိုးကွယ်ရာ အမျိုးမျိုးသောဘာသာကြီးများ၏ ကျင့်သုံးလိုက်နာဖွယ် အခြေခံဆုံးမသွန်သင်မှုများမှာ အများ အားဖြင့်တူညီကြပါသည်။ သို့သော် အကြွင်းမဲ့အမှန်တရားလေးပါးကို ပြသနိုင်သော၊ မှန်မမှန် မိမိကိုယ်တိုင်ဝေဖန်ဆန်းစစ် ခွင့်ရှိသော၊ မည် သူမဆိုလည်း ဝေဖန်ဆန်းစစ်နိုင် စစ်ဆေးနိုင်သော ခိုင်ခိုင်မာမာ အစမ်းသပ်ခံနိုင်သည့် တစ်ခုတည်းသောဘာသာကား ဗုဒ္ဓဘာသာတည်း။

ဗုဒ္ဓဘာသာဝင်ဟုဆိုလိုက်သည်နှင့် ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဆည်းကပ်ရာဟု အကြွင်းမဲ့ယုံကြည်သူ၊ တ နည်း သရဏဂုံတည်သူဟု မှတ်ယူရပါသည်။ ရတနာမြတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်းသည် လမ်းမှန်ကိုလျှောက်လှမ်းခြင်းမည်၍ လက်ငင်းကောင်းကျိုးချမ်းသာဖြစ်စေသလို သံသရာဝဋ်ဆင်းရဲအပေါင်းမှ မုချလွတ်မြောက်ရာဖြစ်သည်ဟု မိမိကိုယ်တိုင်မမှိတ်မသုံ ယုံကြည် ၍ ကိုးကွယ်ခြင်းသာဖြစ်ရပါသည်။ ဗုဒ္ဓသည်လည်းကောင်း၊ ဗုဒ္ဓဝါဒသည်လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခြိမ်းခြောက်၍၊ တ ဦးတယောက်၏ သြဇာအာဏာလွှမ်းမိုးစေ၍၊ ရာထူး စည်းစိမ် ရွှေငွေ လာဘ်လာဘပေး၍ ဘာသာမဝင်ခိုင်းပါ။

မြန်မာနိုင်ငံသားအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ မိဘဘိုးဘွားအစဉ်အဆက်ဘာသာအဖြစ် ဗုဒ္ဓဘာသာကိုးကွယ်ကြသူများက အ များစုဖြစ်ကြပြီး အမှန်တရားကို ရှာဖွေစမ်းသပ်တွေ့ရှိကာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်လာသူဘာသာခြားများလည်း ရှိပါသည်။ မြတ် စွာဘုရား၏သားတော် သံဃာတော်အရှင်သူမြတ်အပေါင်းတို့သည် ကမ္ဘာအရပ်ရပ်သို့လှည့်လည်၍ အခက်အခဲများကြားမှ ဗုဒ္ဓမြတ်စွာ၏ တ ရားတော်များကို ပြန်လည်ဟောပြောပြခြင်း၊ လမ်းမှန်ကိုညွှန်ပြပေးခြင်း၊ သစ္စာလေးပါးတရားတော်ကို ထင်ရှားနားလည်အောင် သင်ကြားပေး ခြင်းတို့သာပြုကြပါသည်။ မည်သည့်ဘာသာဝင်ကိုမျှ မည်သည့်ဆွဲဆောင်မှုနှင့်မျှ ဗုဒ္ဓဘာသာသို့ သွတ်သွင်းခြင်းမပြုကြပါ။

မြန်မာနိုင်ငံသာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် ကျမ်းစာအခန်း (၄) ဗုဒ္ဓဘာသာ အဖြစ်မှ ပျက်ဆီးပုံအခန်းတွင် လောကီသရဏဂုံတည်ခြင်း (၄) မျိုးကို မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းခြင်း၊ မိမိကိုယ်ကို ရတနာ သုံးပါးသာလျှင် ကိုးကွယ်လဲလျောင်းရာရှိသည်၏ အဖြစ်ကိုပြုခြင်း (ဝါ) ရတနာသုံးပါးအပေါ်လုံးဝအားကိုးထားခြင်း၊ မိမိကိုယ်ကို ရတနာသုံး ပါး၏ တပည့်အဖြစ်ခံယူခြင်းနှင့် ရတနာသုံးပါးအားဝပ်တွားခယ မိမိကိုယ်ကိုနှိမ့်ချ၍ အလွန်ရိုသေသောအခြင်းအရာကိုပြသခြင်းဟု စကား ပြေဖြင့် ရှင်းလင်းဖေါ်ပြထားပါသည်။

ရတနာသုံးပါးမှ တပါးသောပုဂ္ဂိုလ်တို့၌ သီလ၊ သမာဓိ၊ ပညာဂုဏ်ကြီးမြတ်မှုကိုရည်မှတ်လျှက် အထက်ဖေါ်ပြပါ လောကီသရဏဂုံ (၄) မျိုး ကိုပြုလုပ်လျှင်သော်လည်းကောင်း၊ သရဏဂုံဆောက်တည်ထားသူ သေဆုံးလျှင်သော်လည်းကောင်း သရဏဂုံလုံးဝပျက်စီးသည်ဟုလည်း ဖေါ်ပြထားပါသည်။

နိုင်ငံရပ်ခြားတွင် အကြောင်းကြောင်းနှင့်ရောက်ရှိနေထိုင်ကြကုန်သော မြန်မာနိုင်ငံသားအများစုမှာလည်း ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ ဘု ရား၊ တရား၊ သံဃာကို အလွန်တမ်းတရသူများဖြစ်ကြပါသည်။ ဥပမာတစ်ခုပြရပါလျင် မိဘနှင့်အတူနေစဉ်က အလေးမထားမိခဲ့သော သွန်သင်ဆုံးမလမ်းညွှန်မှုများကို ဝေးနေသောအခါမှ အတကြီးတရသလိုပင်။ ဗုဒ္ဓတရားများ အဆုံးအမများသည် သံသရာလွတ်ကြောင်း သာမက လောကီကိစ္စအဝဝတွင် အံဝင်ခွင်က သော အဆုံးအမများဖြစ်ကြောင်း မငြင်းနိုင်ကြပါ။ ပညာကြီးလေ ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့် လေ၊ ဗဟုသုတများလေ ဗုဒ္ဓဘာသာ၏ စစ်မှန်သောတန်ဖိုးကို သိလေ လက်ခံလေ ဖြစ်တော့သည်။

ဤတွင် တမြေရပ်ခြား၌ မိမိတို့၏ဘဝကံအကြောင်းအားလျော်စွာ ပညာနည်းရှာသဖြင့် ကာယခွန်အားနှင့် အသက်မွေးကြရသူများ၊ အ လယ်အလတ်မျှသောပညာဖြင့် ထိုက်သင့်စွာအလုပ်လုပ်ကြသူများ၊ အသိအမှတ်ပြုဘွဲ့ အဆင့်မြင့်ဘွဲ့ စသည်တို့ဖြင့် ပညာသည်အဆင့် ဂုဏ်ရှိစွာ တာဝန်ထမ်းဆောင်နေသူများအနက် ပညာရှင် ဗုဒ္ဓဘာသာဝင်တို့ သရဏဂုံပျက်ခြင်းသည် ရင်နာဖွယ်အကောင်းဆုံးဖြစ်ပါတော့ သည်။

အချို့သောနိုင်ငံများတွင် မိမိတို့နှင့် ယုံကြည်ကိုးကွယ်မှုတူသော နိုင်ငံခြားသားများကို အခွင့်အရေးခံစားမှုများ ပိုပေးတတ်သည်မှာ မငြင်းနိုင် သော အချက်ဖြစ်ပေသည်။ သို့သော် အများနှင့်သက်ဆိုင်သော အခြေခံ ခံစားခွင့်များကတော့ စာချုပ်ပါအတိုင်း အားလုံးသောပညာရှင်များ ခံစားရရှိကြပါသည်။ ကျေနပ်သင့်ပါသည်။ ဥပမာ မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသား မိဘအစဉ်အဆက် အစ္စလမ်ဘာသာဝင် ပညာသည် တစ်ဦးသည် မလေးရှားကဲ့သို့ အစ္စလမ်ကိုးကွယ်သည့်နိုင်ငံတွင် ပိုပြီးအခွင့်အရေးရသည်မှာ အံ့သြဖွယ်မဟုတ်သလို အားကျဖွယ်လည်း မဖြစ်သင့်ပါ။ သူ၏မွေးရာပါ ဘာသာကိုးကွယ်မှုနှင့် သူရသင့်သောအခွင့်သာဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ မိမိတို့ပညာနှင့် ထိုက်တန် စွာရထားသည့် ရာထူးလစာအတွက်၊ မိမိနိုင်ငံနှင့် မိမိလူမျိုးဂုဏ်အတွက် မြန်မာနိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်မှု အရည်အချင်းရှိမှု တို့ကိုပြသရန်သာ အရေးကြီးဆုံးဖြစ်ပါသည်။

နိုင်ငံခြားရောက်ပညာသည်တို့သည် ယေဘုယျအားဖြင့် အသက် (၄၀) နှစ်ဝန်းကျင်နှင့် အထက်များသာဖြစ်ကြပါသည်။ အနည်းဆုံး လော ကီဘွဲ့ တစ်ဘွဲ့မှ ၂ ဘွဲ့ ၃ ဘွဲ့အထိလည်း ရရှိကြပြီးသူများ ဖြစ်ကြပါသည်။ မိမိတို့ထက် အသက်ငယ်သူများ၊ မိမိတို့လို ပညာရှင်အဆင့်လစာ ဝင်ငွေနှင့်ခံစားခွင့် မရကြရှာသူများ၊ ကာယအားဖြင့်ပင်ပန်းစွာ ရှာဖွေနေကြရသူများက ရှားရှားပါးပါး တရားစခန်းများ တရားပွဲများ ကျင်းပနိုင် ရေး ကြိုးပမ်းကြ တရားထိုင်ကြ၊ မိမိတို့နေထိုင်ရသည့်နေရာအလိုက် ဗုဒ္ဓပုံတော်နှင့် သောက်တော်ရေချမ်းခွက်ကို နေရာရသလို အထွဋ်အ ထိပ်တင်၍ ကိုးကွယ်ဆည်းကပ်ကြစဉ် ကာယအားဖြင့်မပင်မပန်းဘဲ လစာအားဖြင့်လည်းပိုရကြသော ပညာရှင်အချို့က ပုံမှန်ထက်ပိုသော အခွင့်အရေးအတွက် ဒီအသက် ဒီအရွယ်ထိ ကိုးကွယ်ရာဟုဆည်းကပ်ခဲ့သော ဗုဒ္ဓဘာသာကိုစွန့်လွှတ်၍ ထိုဘာသာသို့ပြောင်းကြသော အခါ … ။ သားသမီးများ ငယ်လို့ရူးတဲ့မိုက်တဲ့အရွယ်မို့၊ ပညာတွေ ဆင်ခြင်တုံတရားတွေ မပြည့်ဝသေးလို့၊ အချစ်ကိုသာ ကိုးကွယ်ရာမှတ်လို့၊ ဘာသာမတူသူနှင့် ခိုးရာလိုက်ပြေးတော့ မိဘများရင်ကွဲရပါတယ်လို့ ပြောလေ့ ဖွင့်ဟလေ့ရှိပါတယ်။

အဲဒီပညာသည်တွေအတွက်တော့ ဖွင့်ဟစရာစကားလုံး ရှာမရနိုင်ပါ။

သရဏဂုံပျက်သွားသူများအတွက်တော့ သူပြုသည့်ကံ သူနှင့်သာသက်ဆိုင်တာမို့ ဥပက္ခာပြုရပါသော်လည်း အခြားသော မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအတွက် စိုးရိမ်မိပါသည်။ ဗုဒ္ဓဘာသာဆိုင်ရာစာပေများ၊ အဆုံးအမများ၊ တရားတော်များကို လေ့လာဖတ်ရှုနိုင် နာကြား နိုင်သော ဘာသာရေး ဝက် (ဘ) ဆိုက်များနှင့် အလှမ်းဝေးနေသူများ လေ့လာဖို့အချိန်မရသူများ၊ ငယ်ရွယ်ပြီး နိုင်ငံခြားအတွေ့အကြုံ နည်း သေးသူများ၊ အတွေ့အကြုံပညာများသော်လည်း လောဘကြောင့် အမြီးဖြတ်ဖို့သွေးဆောင်ခြင်းခံရနိုင်သူများ သတိရှိကြစေချင်ပါတယ်။

မျက်စိစုံမှိတ်၍ ဗုဒ္ဓဘာသာလုပ်ကြပါလို့ ဗုဒ္ဓဘာသာမှကောင်းပါတယ်လို့မအော်ပါ။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးများ၏ ကျမ်း စာများ၊ မြန်မာနိုင်ငံသာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာလက်ဆွဲကျမ်းများ၊ ဗုဒ္ဓဘာသာကို အခြေခံမှ စ၍ အလွန်နားလည် လွယ်အောင် ဟောပြောတော်မူကြသည့် တရားတော်များကို ကိုယ်တိုင်လေ့လာဖတ်ရှုနာကြားမှ သိကြပါလိမ့်မည်။ သာသနာပြုသူ သာသနာစောင့်ရှောက်သူ တရားလှူသူ သူတော်ကောင်းများ၏ကျေးဇူးကြောင့် အင်တာနက်စာမျက်နှာများပေါ်နှင့် ပြင်ပ လောကမှာပါ ယခုအချိန်လောက် ဗုဒ္ဓစာပေတရားတော်များ အလွယ်တကူ ပြည့်ပြည့်ဝဝ ရနိုင်တာမကြုံဘူးသေးပါ။

မြန်မာနိုင်ငံ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက်ကျမ်းစာ၏နိဒါန်းတွင် ဖေါ်ပြ ထားသော ပညာရှင်ကြီး စလေဦးပုည၏ ယုန်မင်းဝတ္ထုပါစာပိုဒ်ကို ကူးယူဖေါ်ပြရင်း ဤစာစုကို အဆုံးသတ်လိုက်ရပါသည်။

ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား
ဟောကြားမည့်သူ၊လူလည်းမရှား
သို့ပါလျက်သားနှင့်မူ……..
တရားမကြိုက်၊ အမှားကိုကြိုက်ကြလျင်
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည် …။

ကျမ်းကိုး
ခရစ်နှစ် ၂၀၀၅ ခုတွင် မြန်မာနိုင်ငံ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် ကျမ်း စာ http://www.dhammadownload.com/eBook-Myanmar.htm မှရရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကဆုန်လပြည့်နေ့နှင့် ဆက်စပ်၍
  1. သိပ်ဟုတ်တာပေါ့။ အဲလိုလူမျိုးတွေ နိုင်ငံခြားမှာ အများကြီးပဲ ။ တစ်ဘ၀ ရတဲ့ အခွင့်အရေးလေးကို သံသရာနဲ့ ချီပြီး ပေးဆပ်ချင်လို့ ပြောင်းသွားတော့လည်း ပြောင်းပေါ့။ စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေရတာပေါ့။ သားသမီးမိုက်လို့ ခံနေရတဲ့ မိုက်ပြစ်ကို မိဘက ၀င် ပြီး ခံချင်လို့ မရတော့ ဘေးကနေကြည့်နေရသလို သာ ကြည့်နေရတော့မှာပေါ့လို့သာ ပြောချင်ပါတယ်။ မြတ်စွာဘုရားရဲ့ သာသနာက တစ်ကယ့်ယုံကြည်တဲ့လူပဲ လိုပါတယ်။ ယောင်တောင်တောင် ဘာသာဝင်တွေမလိုချင်ပါဘူး။ တစ်ကယ်မယုံကြည့်ပဲနဲ့ ယုံကြည်ချင်ယောင်ဆောင်တာတွေကို ဘုရားလည်း အလိုမရှိပါဘူး။ သာသနာသန့်သွားတယ်လို့သာ မှတ်ယူစေချင်ပါတယ် စာရေးဆရာရေ။ အရေအတွက် မလိုဘူး အရည်အချင်းသာ လိုပါတယ်

Comments are closed.