ဓာတ်ပုံသတင်း

ဝေဠုမြိုင်တောရကျောင်း၊ ပထမအကြိမ်မြောက် စိန္တာမုနိဘုရားပွဲတော်ကျင်းပ

(ဓာတ်ပုံသတင်း)
ဧပြီ ၂၃၊ ၂၀၁၂

၂၀၁၂ ခု၊ ဧပြီ ၁၄ – ၁၅ ရက်နေ့တွေက အမေရိကန်ပြည်ထောင်စု၊ ကဲင်တပ်ကီပြည်နယ်၊ ဘိုလိင်းဂရင်းမြို့၊ အမှတ် ၁၀၄၄ ဂါမင်းလမ်းသွယ်ရှိ၊ ဝေဠုမြိုင်တောရကျောင်းမှာ သီတင်းသုံးစံပယ်တော်မူနေတဲ့ စိန္တာမုနိရုပ်ပွားတော်မြတ်ကြီးရဲ့ ဘုရားပွဲတော်ကို ပထမအကြိမ်အဖြစ် ဝေဠုမြိုင် ဆရာတော် ဦးစန္ဒောဘာသနှင့် မြန်မာပြည်တိုင်းရင်းသားများ ဗုဒ္ဓဘာသာအသင်းတို့က ဦးစီးကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ၁၄ ရက်နေ့ ညနေ ၆ နာရီမှာ ဝေဠုမြိုင် ဆရာတော် ဦးစန္ဒောဘာသက ဖွင့်လှစ်ပေးခဲ့ပြီး ကြွရောက်လာတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုတွေက စိန္တာမုနိရုပ်ပွားတော်မြတ်ကြီးကို ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး စတဲ့လှူဖွယ်ပစ္စည်းများနဲ့ ဆက်ကပ်ပူဇော်ကြပါတယ်။

ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်များကို အလှူရှင်များက အုံးနို့ခေါက်ဆွဲ၊ အချိုရည်၊ ရေ စသည့်စားဖွယ်များနဲ့ ဧည့်ခံကျွေးမွေးပြီး သမီး ငယ်များက အဆိုအက၊ တေးသီချင်းများနဲ့ ဖျော်ဖြေဧည့်ခံခဲ့ကြပါတယ်။

ည ၇ နာရီအချိန်မှာတော့ North Coralina ဓမ္မဗိမာန်ကျောင်းဆရာတော် ဦးနန္ဒ၀ံသ၊ ဝေဠုမြိုင် ဆရာတော် ဦးစန္ဒောဘာသတို့ထံမှ ငါးပါးသီ လခံယူဆောက်တည်ကြပြီး တက်ရောက်လာကြတဲ့ ဗုဒ္ဓဘာသာဝင်အပေါင်းက ဓမ္မစင်္ကြာသုတ်တော်ကို ရွတ်ဆိုကြပါတယ်။ အဲ့ဒီနောက် ကုသိုလ်ကောင်းမှု အစုစုတို့ကို အမျှပေးဝေပြီး ဘုရားပွဲအကြိုနေ့အစီအစဉ်ကို ရပ်နားပါတယ်။

နောက်တနေ့ ဧပြီ ၁၅ ရက်၊ နံနက် ၁၀း ၃၀ မှာတော့ စိန္တာမုနိဘုရားကြီးကို ဆွမ်းတော်တင်ပြီး နံနက် ၁၁ နာရီမှာတော့ သံဃာတော်မြတ်များကို ဆွမ်းကပ်လှူကြပါတယ်။ ထို့နောက် ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်များကိုလည်း ထမင်း၊ ဟင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အချိုရည်၊ ရေ၊ မုန့် စသည်တို့နဲ့ ဧည့်ခံကျွေးမွေးပါတယ်။ ၀ါသနာရှင်များကလည်း အဆိုအက အတီးအမှုတ်များနဲ့ ဖျော်ဖြေကြပါတယ်။

နေ့လည် ၁ နာရီအချိန်မှာတော့ ဆရာတော် ဦးစန္ဒောဘာထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါတယ်။ ဆရာတော် ဦးနန္ဒ၀ံသကလည်း မြတ်စွာဘုရားရဲ့လက္ခဏာတော်ကြီး (၃၂) ခုအကြောင်းကို ဟောကြားတော်မူပါတယ်။ အဲ့ဒီနောက်မှာတော့ ဆရာတော်များက အန္တရာယ် ကင်းပရိတ်တရားတော်တွေ ရွတ်ဖတ်ဿရဇျယ်ပြီး မေတ္တာပို့ဆုတောင်းပေးကြပါတယ်။ ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်များကလည်း ဝေဠုမြိုင်တောရကျောင်း တိုးချဲ့ဆောက်လုပ်ရေးနဲ့ ဆရာတော်များအတွက်န၀ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပါတယ်။

ထို့နောက် စိန္တာမုနိဘုရားပွဲတော်မှာ ပြုလုပ်ခဲ့ကြတဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို ရေစက်ချအမျှဝေခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာအသင်းရဲ့ နာယကကြီး ဦးခင်းမောင်ညွှန့်၊ အသင်းဥက္ကဌ ဦးလွယ်ဘူးတို့ကလည်း ဘုးရားပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ကြသူအပေါင်းနဲ့ တက်ရောက်လာကြတဲ့ ပရိတ်သတ်အပေါင်းကို ကျေးဇူးတင် မှတ်တမ်းတင်တဲ့အကြောင်းပြောကြားပြီး စိန္တာမုနိဘုရားပွဲကို ညနေ ၃ နာရီမှာ ရုပ်သိမ်းခဲ့ပါတယ်။

သတင်းပြန်ကြားရေးအဖွဲ့ (မြန်မာပြည်တိုင်းရင်းသားများ ဗုဒ္ဓဘာသာအသင်း – ဘိုးလိင်းဂရင်း၊ ကဲင်တပ်ကီပြည်နယ်၊ ယူအက်စ်အေ)
ဖုန်း
၂၇၀ – ၇၈၃ – ၉၂၁၂
၂၇၀ – ၈၄၃ – ၅၅၄၉၊
၂၇၀ – ၅၃၅ – ၅၅၂၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts