ဓာတ်ပုံသတင်း

Utica Thagyan – နယူးယောက်ပြည်၊ ယူတီကာ သန္တိသုခသင်္ကြန် စည်ကား

 
 နယူးယောက်ပြည်၊ ယူတီကာ သန္တိသုခသင်္ကြန် စည်ကား
မြင့်မိုရ်ဦး၊ မိုးမခဓာတ်ပုံသတင်း၊ ဧပြီ ၁၇၊ ၂၀၁၂
နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ ၊သန္တိသုခကျောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၉) မြောက် အတာသင်္ကြန်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ဧပြီလ ၁၅ ရက်နေ့ က စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သတင်းရရှိပါသည်။  
 မနက်(၁၀)နာရီအချိန်တွင် “နမောတ” သုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ကာဗုဒ္ဓရုပ်ပွားတော်မြတ်အား ရေသပ္ပါယ်ခြင်း၊ သံဃာတော် အရှင်သူမြတ်တို့ အားဆွမ်းကပ်လှူဒါန်းခြင်း   စသော နှစ်သစ်ကူး ကောင်းမှုမင်္ဂလာများ
ပြုကြပါသည်။ နေ့လည် (၁) နာရီတွင် ကျောင်းထိုင်ဆရာတော် အရှင်ပညာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာကြားခြင်း၊ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းသာယာပါစေကြောင်း စုပေါင်းမေတ္တာပို့ သခြင်းနှင့် လှူဘွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ 
            ထို့နောက် အကန်တော့ခံ အဘိုး အဘွား (၁၃) ဦးတို့အား ခြေသည်း လက်သည်း လှီးဖြတ်ပေးခြင်း၊ အဘိုး၊ အဘွားတို့ အားစုပေါင်းကန်တော့ခြင်းများပြုလုပ်ကာ အခမ်းအနားကို နေ့လည် (၁း၃၀) တွင် “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။
အခမ်းအနားသို့ ဧည့်ပရိသတ် (၁၅၀) ခန့် တက်ရောက်ခဲ့ကြပြီး သင်္ကြန်ထမင်းနှင့် မြန်မာ့ရိုးရာမုန့်ဟင်းခါးတို့နှင့် ကျွေးမွေးဧည့်ခံခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts