ဧပြီ ၁၄၊ ၂၀၁၂
နောက်တစ်လလောက် ထပ်စောင့်လိုက်လျှင် တစ်လခန့် ခွင့်ရက်အရှည်ကြီးရနိုင်ပေမယ့် ဧပြီ (၁) ရက်နေ့ကို ရင်ခုန်စွာ ကြုံကြိုက်ချင်သဖြင့် (၂) ပတ်ဆိုသော မလောက်မငှခွင့်ရက်ကိုဘဲ ရွေးချယ်မိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်က “မင်း ဆယ့်ရှစ်နှစ်ပြည့်ပြီလား” ဆိုသည့်မေးခွန်းကို မဖြေနိုင်သေးသောအရွယ်၊ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ ကံကောင်းစွာဖြင့် အမိရွှေမြေကြီးမှ ဝေးရာသို့ရောက်ရှိနေခဲ့သည်။ အခု ကြားဖြတ်ရွေးကောက်ပွဲကို မဲပေးနိုင်သော မြို့နယ်အတွင်းမှာ ကျနော့်နာမည်ပေါက် အိမ်ထောင်စုဇယားမရှိသဖြင့် မဲပေးဖို့ အခွင့်အရေးမရှိပေမယ့် အင်တာနက်သတင်းတွေလောက်နှင့် ကျနော်မတင်းတိမ်နိုင်။ တစ်နှစ်မှ တစ်ခေါက်လောက်သာပြန်နိုင်သော ကျနော့်အတွက် တွေ့စရာလူတွေ၊ သွားစရာနေရာတွေ၊ လုပ်စရာအလုပ်တွေ အများကြီးရှိနေပေမယ့် ၁၄ ရက်ခန့် ခွင့်ရက်တိုလေးကိုဘဲ ကျနော် ကျေကျေနပ်နပ်ရွေးချယ်ကာ ပြန်သွားဖြစ်ခဲ့သည်။
ရွှေပြည်ကြီး အပြောင်းအလဲတွေကို အင်တာနက်ပေါ်မှသာ ကျနော်အရသာခံ အားရနေခဲ့ရသည်။ လက်တွေ့တွေမှာ ဘာတွေများပြောင်း လဲနေပြီလဲ။ မင်္ဂလာဒုံလေယာဉ်ကွင်းကို ရောက်ကတည်းက မွတ်သိပ်၊ ပြင်းပြသော အသိစိတ်နိုးကြားမှုများဖြင့် လိုက်လံကြည့်ရှုမိသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေအ၀င်မှာ တရုတ်စာလုံးတွေပျောက်သွားတာကို သတိထားမိသည်။ ကျနော့်ရှေ့မှ ညီလေးတစ်ယောက် ကျောပိုးအိတ်မှာ NLD တံဆိပ် ရင်ထိုးအနီလေးကိုချိတ်ထားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်၊ ဘယ်သူတွေမှန်းမသိရလောက် အောင် ရှုပ်ရှက်ခပ် နေသည့်လူတွေကြားထဲကို ဖြတ်လျှောက်သွားတာကိုလဲ သတိထားမိသည်။ သူ့ကို ဘယ်သူမှလဲ မလိုတမာမျက်လုံးများဖြင့် လိုက်ကြည့်နေ တာကိုလဲ မတွေ့ရ။ သူကိုယ်တိုင်ကလဲ မောက်မာဝင့်ကြွားသော ဟန်ပန်အမူအရာမရှိ။ နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ်ဝင်စားခွင့်ရှိသည် ဆိုသည့်အဆိုကို သတိတရဖြစ်ကာ ကျနော်ကျေနပ်အားရမိသည်။
လူဝင်မကီးကြပ်ရေး ပြည်သူ့ဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများကို ကျနော်ဖြတ်သန်းသောအခါ အရာအားလုံးက ရှောရှောရှူရှူ။ အ ရင်အခေါက်တွေတုံးကလို တစ်စုံတစ်ရာကို ငံ့လင့်ပြီးသော်လည်းကောင်း၊ မယုံသင်္ကာ ရစ်ချင်ကြသောလူများ လုံးဝမတွေ့ရတော့။ “အဆင် ပြေရင် တစ်ခုခုလုပ်ပေးခဲ့ကွာ” ဆိုသည့်စကားသံတွေ မကြားရသော ကျနော့်အတွက် တာဝန်မကျေသလိုမျိုးကြီးတောင် ခံစားရသည်။
နိုင်ငံခြား တိုင်းပြည်တွေမှာ နှစ်ရှည်လများ အလုပ်တွေအများကြီးလုပ်ပြီး အကြာကြီးနေခဲ့သူများအတွက် မြန်မာနိုင်ငံကြီးသည် တဆင့်နိမ့် ကြည့်စရာအများကြီးဘဲ ရှိမည်ထင်သည်။ သို့သော် ကျနော့်သဘောအရ ထိုသို့ကြည့်ချင်သောသူများကို အားမပေးချင်။ လေယာဉ်ကွင်းစ၀င်ကတည်းက စနစ်မကျ၊ မပြည့်မစုံဖြင့် အစစအရာရာမှာ သူများနိုင်ငံတွေနှင့် မနှိုင်းယှဉ်သာလောက်အောင် နောက်ကျကျန်နေခဲ့တာ သိသာပါသည်။ သို့သော် မင်္ဂလာဒုံလေယာဉ်ကွင်းကို လေယာဉ်ဘီးချပြီဆိုကတည်းက စိတ်လုံခြုံစိတ်ချမှုဆိုသည့် စိတ်ခံစားမှုတခုတည်းဖြင့်ပင် အရာရာကို ကျနော်ကဖြင့် ချစ်ခင်မြတ်နိုးစိတ်ဖြင့်ဘဲ ကြည့်မိ၊ ခံစားမိသည်။
အငှားကားကိုငှားကာ ကျနော့်အိမ်သို့အလာလမ်းမှာ လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်တွင်ရပ်ခိုင်းကာ ကွမ်းဆင်းဝယ်သည်။ အရေမရ အဖတ်မရ လတ်လတ်ဆတ်ဆတ်ကွမ်းယာကို အရသာခံဝါးရင်း ဆိုင်မှတောင်းလာခဲ့သော ပလပ်စတစ်အိတ်ထဲသို့ ကွမ်းထွေးသည်။ သို့သော် ကားရပ်တိုင်း လမ်းပေါ်သို့ ကွမ်းသွေး တပြစ်ပြစ်ထွေးထုတ်နေသောကားသမားကို အထက်စီးလေသံဖြင့် ကျနော်ဆရာမလုပ်ဖြစ်ခဲ့။ ဖြည်းဖြည်းချင်းတော့ ပြင်နေကြတာဘဲမဟုတ်လား။ ဒီလိုကိစ္စတွေက ဥပဒေဖြင့်၊ ပညာပေးခြင်းဖြင့်၊ အသိပေးခြင်းဖြင့် ပြင်ယူလို့ရသော ကိစ္စတွေလို့မြင်သည်။
အိမ်ကလူများကို ကျနော်ပြန်လာမည့်ရက်ကို အတိအကျမသိသေးသဖြင့် ကြိုတင်မပြောထားမိ။ ဘယ်အချိန်၊ ဘယ်နေ့ ပြန်လာ ပြန်လာ အိမ်ကလူများကဖြင့် ကျနော့်ကိုပျော်ရွှင်ကြည်နူးစွာ ကြိုကြသည်။ အိမ်တံခါးဝမှာ ကြယ်ဖြူကြီးတစ်လုံးနှင့် ခွပ်ဒေါင်းပုံပါသည့် အလံနီနီလေးကို တွေ့မိတော့ ကျနော်ပြုံးမိသည်။ “မင်းက အိမ်တောင်ပြန်မရောက်သေးဘူး ပါးစပ်မှာကွမ်းတွေက တရဲရဲနဲ့ပါလားကွဲ့” ဆိုသည့် အမေ့၏ ပြစ်တင်သံသည် ကျနော့်အတွက် နားဝင်ပီယံရှိလွန်းလှသည်။ ဒီလိုအဆူ၊ အပြောတွေ ကြားချင်နေတာ ကြာလှပြီအမေရဲ့ဆိုသည့် ကျနော့်စကားကို အမေကသဘောကျပြီး ရီသည်။
အိမ်သူ အိမ်သားများ၏ ကျနော့်အပေါ် ဆိုးနွဲ့သံများ၊ ပူဆာသံများ၊ ဖက်လှဲတကင်း ကြိုဆိုကြသည်များကိုတုန့်ပြန်ရင်း အိမ်ကို လေ့လာမိသည်။ နံရံပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ ဗိုလ်ချုပ်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် ဖတ်လက်စဂျာနယ်များကို သတိထားမိသည်။ ဒေါ်စုထက် ဆယ်နှစ်ခန့်အသက်ငယ်သောအမေက “ငါ့အမကြီးပုံတွေ ကျက်သရေမရှိဘူးလားဟဲ့” ဆိုသည့်အမေးကို ကျနော် အပြုံးဖြင့် ထောက်ခံမိသည်။
“ပညာတတ်တဲ့သူများ၊ အများအတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေများ ရုပ်ဆိုးပစေအုံးတော့ ကြည့်ရတာကို ကျက်သရေကိုရှိတာ ငါ့သားရဲ့” အမေ့၏ အထွန့်တက်ချီးကျူးသံများကို ကျနော်ကဖြင့်ကျေနပ်မိသည်။ ကျနော်က အမေ့ကို စချင်၊ နောက်ချင်သဖြင့် “အမေ့ အမကြီးက အများအတွက်သာ အလုပ်လုပ်နေတာ တစ်ရက်ကို တစ်စုံ အ၀တ်အစားတွေဝတ်လှပါလားအမေရဲ့” ဆိုပြီး စမိသည်။
ကျနော့်ကို ကြားထဲက၀င်ပြီး ကက်ကက်လန်ရန်တွေ့သည်က အမအကြီးဆုံး။ “ဟဲ့ မိန်းမဆိုတာ ဘယ်မိန်းမမဆို လှချင်ကြတာချည်းဘဲ။ မြန်မာဆန်ဆန်နဲ့ ဘယ်လောက် ကြည့်လို့လှသလဲ။ ပြီးတော့ သူဝတ်တဲ့အ၀တ်အစားဖိုးအတွက် ဘယ်သူ့ပိုက်ဆံနဲ့မှ၊ ဘယ်သူကန်တော့တာ မှ မဟုတ်ဘူး။ ကန်တော့တာ၊ လက်ဆောင်ပေးတာ ၀တ်တယ်ဆိုအုံးတော့ ပေးတဲ့သူ၊ ကန်တော့တဲ့သူတွေက အကျိုးလိုလို့ ပေးကြတာ မဟုတ်ဘူး။ ချစ်လို့ ခင်လို့ပေးတာ၊ ကန်တော့တာ။ ခိုးဝှက်ပြီးရထားတဲ့ပိုက်ဆံတွေနဲ့ ၀တ်စား၊ နေနေတာမှမဟုတ်တာ။ နင်လျှာမရှည်နဲ့” ဆိုသည့် သူ့ဝသီအတိုင်း အနှောင့်အသွားမလွတ်သော ရန်တွေ့သံကိုကြားရသည်။
ရွှေပြည်ကြီးကို ခဏတဖြုတ်အလည်ပြန်တုံးမှာ ကျနော့်မှာ နာရီနှင့်အမျှ လုပ်စရာအကြောင်းအရာတွေများလှသည်။ မုန့်ဟင်းခါး စားချင်သည်။ နန်းကြီးသုတ်စားချင်သည်။ ဖန်ရေကျကျ လ္ဘက်ရည်အခွက်ပေါင်းများစွာသောက်ရမည်။ သူငယ်ချင်းတွေနှင့် လေပေါရင်း မြန်မာဘီယာ အေးအေးလေးများကို မာလာဟင်းနှင့် မြည်းချင်သည်။ မန္တလေးကိုလဲသွားချင်သေးသည်။ အမယ်အစုံ၊ လုပ်စရာအများသားနှင့် အချိန်အားရသည် မရှိလှ။
သွားရင်းလာရင်း ကားမှန်တွေပေါ်မှာ၊ ဆိုင်တံခါးမှန်တွေပေါ်မှာ၊ နေရာစုံမှာ NLD အလံစတစ်ကာများကို တွေ့ရသည်။ ဘီယာဆိုင်မှာ ဘီယာသောက်ရင်း ရင်ဘတ်ပေါ်မှာ NLD အလံရင်ထိုးလေးထိုးထားသော အမူးသမားများ ကျယ်ကျယ်လောင်လောင် ငြင်းကြ၊ ခုံကြသံတွေကို ကြားရသည်။ Taxi ပေါ်ရှိ ဘုရားပုံတော် ကပ်နေကြနေရာမှာ NLD ခေါင်းစည်းနီနီလေးတွေကို တွေ့ရသည်။ NLD သရဏံ ဂစ္ဆာမိလုပ်ထားကြသည်။ ကြည်နူးစရာ။ ချမ်းမြေ့စရာ။ ဘတ်စ်ကားကြပ်၊ မီးပြတ်၊ အမှိုက်ပုံပွနေသော မပြောင်းမလဲအကြောင်းများအရာများထက် မတရား တာကို မတရားဘူးဟုပြောသံများကို ထူးထူးခြားခြား ကြားရသည်။
သူငယ်ချင်းတစ်ယောက် ခေါ်သွားသဖြင့် NLD ရုံးဖွင့်ပွဲတစ်ခုသို့ရောက်သွားသည်။ NLD အမှတ်တရ အရောင်းဆိုင်လေးတွေမှာ ဘုစုခရုလေးများမှအစ တုန်တုန်ချိချိ အမယ်ကြီးများအထိ အမှတ်တရပစ္စည်းလေးတွေကို တမြတ်တနိုးဝယ်နေတာကို တွေ့ရသည်။ နိုင်ငံရေးကောလဟလလေးများ ပြောလျှင်တောင် နှစ်ကိုယ်ကြားပြောရသောအခြေအနေမှ နိုင်ငံရေးကို တအုံးအုံး စိတ်ဝင်စားနေတာကိုဖြင့် ကျနော် သဘောတွေ အကျကြီးကျသည်။ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးနိုင်းနိုင်းတို့ ဟောပြောချက်များကို အားရပါးရလက်ခုပ်တီးကာ အားပေးကြသည်။ ကျနော်လို သာမန်ပြည်သူများက နိုင်ငံအပြောင်းအလဲအတွက် လမ်းပြနိုင်မည့် NLD ကို အားရပါးရအားပေးနေစဉ်မှာ ပင်နီတိုက်ပုံဝတ်၊ ရင်ဘတ်တွင် NLD ရင်ထိုးများထိုးထားသော ပါတီကေဒါအဖွဲ့ဝင်တချို့က လူအုပ်ကြားထဲတွင် အရှေ့မှ အနောက်၊ တောင်မှမြောက်သို့ မျက်စိနောက်အောင် လမ်းလျှောက်သည်။ ထို့အပြင် ပါးစပ်က စီးကရက် မီးခိုးငွေ့များကို လူအုပ်ကြားထဲမှာ မွှန်ထူနေအောင် မှုတ်ထုတ်ကြသည်။ ကွမ်းသွေးများကို ဘေးလူတွေ စင်အောင်၊ သူများအိမ်ရှေ့တွေမှာ ပေပွနေအောင် ထွေးကြသည်။ စင်ပေါ်က ဦးဝင်းတင်တို့က စည်းကမ်း ရှိကြဖို့၊ စည်းလုံးကြဖို့ပြောနေချိန်မှာ အောက်က NLD အဖွဲ့ဝင်တစ်ချို့ကို ကျနော် ဒေါသမထွက်မလာခင် သူငယ်ချင်းကိုနှုတ်မဆက်ဘဲ ကျနော် ပြန်ထွက်ခဲ့သည်။
ဧပြီ ၁ ရက်နေ့မှာတော့ ကျနော် မန္တလေးသို့ရောက်နေခဲ့သည်။ ရွေးကောက်ပွဲသတင်းများကို ကျနော် အငမ်းမရသိချင်သည်။ ဘယ်သူတွေ နိုင်ကြသနည်။ ဘာတွေဖြစ်ကြသေးသနည်း။ နေပြည်တော်လေးနေရာကတော့ဖြင့် အခြေအနေဆိုးနိုင်သည်။ အင်တာနက်ဆိုင်ကို သွား တော့ အီးမေးလ်ဖွင့်ဖို့တောင် အတော်စိတ်ရှည်ရသည်။ သတင်းစုံနိုင်သော ဆိုဒ်တွေကို ဖွင့်ဖို့ ကြိုးစားတော့ ပိုဆိုးသည်။ စိတ်အရှုပ်မခံနိုင်သော ကျနော်က အင်တာနက်ဆိုင်မှ ထထွက်ခဲ့သည်။ ဧပြီ ၂ ရက်နေ့မနက်အစောကြီးမှာ လ္ဘက်ရည်ဆိုင်မှာထိုင်ရင်း ဂျာနယ်အတော်များများကို ၀ယ်ဖတ်မိသည်။ သတင်းတွေက မစုံမလင်။ မပြည့်မစုံ။ ဧပြီ ၃ ရက်နေ့ကျမှသာ နေပြည်တော် လေးနေရာအပါအ၀င် အကုန်နီးပါးလောက် နိုင်သည်ဆိုတာကို သိလာရသည်။ နိုင်ငံခြားမှသူငယ်ချင်းက ကျနော်ပြန်လာမည့်ရက်ကိုသေချာဖို့ ဖုန်းလှမ်းဆက်ချိန်ကြမှ သတင်းအစုံသိရ သည်။ ပြည်တွင်းမှာရှိသောသူက သတင်းအစုံမသိရ။ ပြည်ပနေသူက အတိအကျသိနေတာကို ကျနော်မခံချင်စိတ်ဖြစ်မိပေမယ့် နောင်တော့ တဖြည်းဖြည်းဖြစ်လာမှာပါဟုသာ ဖြေတွေးတွေးလိုက်ရသည်။
မန္တလေးမှာရှိနေစဉ် ကျနော်သွားချင်သည့် မန္တလေးပတ်ဝန်းကျင်များကို သွားသည်။ ဦးပိန်တံတားသွားသည်။ မန္တလေးတောင်ပေါ်မှ နေလုံး ကြီးဝင်ချိန်ကို သွားကြည့်သည်။ မင်းကွန်းသို့ရောက်သည်။ မင်းကွန်းမှာ ဧည့်သည်လိုက်ပို့လာသော သူငယ်ချင်းနိုင်ငံခြားသား ဧည့်လမ်းညွှန်နှင့် တွေ့သည်။ သူ့ဧည့်သည်များ ဈေးဝယ်နေတုံးမှာ လေပေါမိကြသည်။ “အခြေအနေ အတော်ကောင်းလာတယ်ဆို “ဟူသော ကျနော့်အမေးကို မချင့်မရဲအပြုံးဖြင့် အဖြေပေးသည်။ “ဘဏ်စနစ်တွေ၊ သယ်ယူပို့ဆောင်ရေးတွေ အကြီးကြီးတွေ လျှောက်မပြောတော့ပါဘူးဟယ်။ အခြေခံဖြစ်တဲ့ နိုင်ငံခြားသားဝင်လို့ရမယ့် သန့်သန့်ရှင်းရှင်းအိမ်သာတောင် ပြည့်စုံအောင်ရှိတာမှ မဟုတ်သေးတာ။ အခု ဒီမင်းကွန်းမှာဆို နိုင်ငံခြားသားတွေ တပိုတပါးသွားချင်ရင်တောင် အတော်ဒုက္ခရောက်တာဟဲ့” ဆိုသည့် သူ့ စကားသံသည် စိတ်အနှောင့်အယှက်ဖြစ်စရာ။ “ နိုင်ငံခြားသားဆိုတိုင်း ချမ်းသာတယ်မထင်နဲ့ဟဲ့။ တချို့က ဘတ်ဂျက်ကန့်သတ်ပြီး လာချင်လွန်းလို့သာ လာရတာ။ အကန့်အသတ်နဲ့ သုံးရတာ။ ထိုင်းတို့၊ ဗီယက်နမ်တို့မှာက လမ်းဘေးဆိုင်လေးတွေဝင်စားလဲ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့။ ဟိုတယ်ဆိုရင်လဲ သူ့ဈေးနဲ့သူ ရွေးချယ်ပြီး တည်းလို့ရတယ်။ ဒီမှာကဟယ်” ဆိုသည့် သူ့စကားသံတွေကို ကျနော်နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။
အချိန်နည်းသော ကျနော့်အတွက် သွားချင်သောနေရာ၊ တွေ့ချင်သောလူများကို အကုန်မရောက်၊ မတွေ့ရဘဲ ပြန်ဖို့ပြင်ရသည်။ လေယာဉ် ကွင်းကို လိုက်ပို့သော ကျနော့် ကိုယ်တစ်ခြမ်းကို ပိုက်ဆံအိတ်ထဲရှိ မြန်မာကျပ်ငွေများကို အကုန်ပြန်ပေးလိုက်သည်။ လူဝင်မှု ကြီးကြပ်ရေး ဖြတ်ပြီး ရှိသော ကော်ဖီဆိုင်လေးမှာ ကျနော် ဘာမှမစားချင်၊ မသောက်ချင်တော့။ မြန်မာငွေသုံးဖို့ မလိုတော့။
သို့သော် ကျနော် တစ်စုံတစ်ခုကိုအမှတ်ရကာ သူ့ဆီမှ တစ်ထောင်တန်နှစ်ရွက် ပြန်တောင်းလိုက်သည်။ သူ့ကို ရှည်ရှည်ဝေးဝေး ရှင်းပြမနေ။ နိုင်ငံခြားမှာ မြန်မာငွေ ဘာလုပ်လို့ရမှာလဲဆိုသည့် သူ့အမေးကို အဖြေမပေးခဲ့။ ကျနော့်အတွက် တစ်ထောင်တန်နှစ်ရွက်သည် အကျိုးရှိနိုင်သည်။ ပြည်သူတွေ၏ အကြောက်တရားကို ပြန်လည်အသက်သွင်းပြီး ရွှေပြည်ကြီးတိုးတက်ဖို့ ကန့်လန့်ခံနေသောသူများနှင့် နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ကျနော်နှင့်မတွေ့ဘူးဟု မည်သူပြောနိုင်သနည်း။
ထိုသို့ တွေ့ခဲ့ပါက ကျနော့်ပိုက်ဆံအိတ်ထဲမှာရှိသော မြန်မာကျပ်ငွေနှစ်ထောက်ကိုအသုံးချကာ ပါးကိုခပ်စပ်စပ်လေး ဘယ်ပြန် ညာပြန် ရိုက်ပေးလိုက်ရအုံးမည်။
We could be slapped including present author by someone who thought similarly.
(((“အဆင် ပြေရင် တစ်ခုခုလုပ်ပေးခဲ့ကွာ” ဆိုသည့်စကားသံတွေ မကြားရသော ကျနော့်အတွက် တာဝန်မကျေသလိုမျိုးကြီးတောင် ခံစားရသည်။………)))
(((အမေ့၏ ပြစ်တင်သံသည် ကျနော့်အတွက် နားဝင်ပီယံရှိလွန်းလှသည်။ ဒီလိုအဆူ၊ အပြောတွေ ကြားချင်နေတာ ကြာလှပြီအမေရဲ့ဆိုသည့် ကျနော့်စကားကို အမေကသဘောကျပြီး ရီသည်။………..)))
အဲဒီ စာသားလေးတွေ ကြိုက်တယ်ဗျာ.. တိုက်ဆိုင်လို့လားမသိ……
စာအရေးအသားကောင်းလို့.. ပရိုစာရေးဆရာလို့ထင်မိတယ်..
I also feel like that .we must change our character .
သူငယ်ချင်းရေ
နိုင်ငံရေးကိုနားမလည်ပေမဲ့တူညီတဲ့ခံစားချက်လေးတွေရှိနေတယ်….
ဘ၀တူချင်းမို့အမြင်တူတာလားတော့မသိဘူး…….
ကျုပ်တို့သားချင်းများအတွက်အဲဒီ ကွမ်းတံတွေး၊ ဆေးလိပ်တို၊ အမှိုက်၊ အိမ်သာ၊ ရေချမ်းစင်၊ အများနှင့်ဆိုင်
သောအရာ အဲဒါတွေအတွက်အမြင်ကောင်းအမြင်မှန် ရစေ ရှိစေ ချင်လိုက်တာဗျာ…..
စကားကိုမလိုအပ်ဘဲအများကြီးပြောတာ၊ တန်ဘိုးတစုံတရာမရှိတဲ့စကားတွေကိုအရသာခံပြောတတ်ကြတာ(အတင်း)
အချိန်ဖြုန်းနေတတ်ကြတာ တွေကိုပြုပြင်လာအောင်လုပ်ဆောင်ပေးချင်တယ်……
ကောင်းစွာဆင်ခြင်သုံးသပ်နိုင်တဲ့သူတွေဖြစ်စေချင်တယ်….
လောကနီတိ ကိုလူတိုင်းနားလည်စေချင်တယ်…
ကျွန်တော်ကအခု ကျွန်တော့်မိသားစုနဲ့အတူ လက်လှမ်းမီသရွေ့ပတ်ဝန်းကျင်မှာကြိုးစားပြီးပြုပြင်ပေးနေ
တယ်…..၁၀ ယောက်ရလဲမဆိုးဘူးပေါ့…..အားလုံးကိုလဲလုပ်ကြည့်ဘို့တိုက်တွန်းလိုပါတယ်…..
***မူကြိုခလေးတွေဆောက်တဲ့အိမ် နဲ့ Engineer ကျောင်းဆင်းတွေဆောက်တဲ့အိမ် လှပခိုင်ခံ့မှုချင်း
ဘယ်တူမှာလဲ***…ခေါင်းဆောင်ကောင်းတွေကသာယာချမ်းမြေ့တဲ့အိမ်တစ်လုံးဆောက်ဘို့ပြင်ဆင်
နေချိန်မှာပြည်သူတွေဘက်ကလဲ ဆောက်တဲ့အိမ်နဲ့လိုက်ဖက်မဲ့အိမ်သူအိမ်သားတစ်ယောက်ဖြစ်အောင်
ကျင့်ကြံနေနိုင်ကြပါစေလို့ ဆန္ဒပြုရင်း………………
လူတိုင်းလူတိုင်း မနက်ဖြန်ကို ယနေ့ထက် သာလွန်နိုင်ပါစေ။
နိုင်ငံရေး ရေစီးကြောင်းမှာမြန်မာနိုင်ငံဟာလုံးဝပြောင်းလဲသွားမယ်လို့အခုတော့ယုံကြည့်ရခက်နေတယ်
hi, i would like to use this article on my nayyartakar burmese news journal (april-may issue)
thanks.
nayyartakar journal