ကဗျာ

တက်မဲ့လှေ

ဂေါ်ရှယ်
ဧပြီ ၁၁၊ ၂၀၁၂

လူမှုအသိုင်းအဝိုင်းမှာကိုက လူ့အခွင့်အရေးဆုံးရှုံးပြီးသား …
အခွင့်အရေးနည်းပြီးသား ..
အခြားနိုင်ငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်နေထိုင်ကြတဲ့အခါ
တရားဝင်နေထိုင်လုပ်ကိုင်သူနဲ့  တရားမဝင်နေထိုင်လုပ်ကိုင်သူဆိုပြီး
နှစ်မျိုးကွဲပြန်တယ် …။
တရားမဝင်နေထိုင်လုပ်ကိုင်သူတွေအတွက်က လုပ်ခအဆင့်မမှီတဲ့ အနိမ့်ဆုံးလစာနဲ့ 
သူများတွေဆီိမှာ မျက်နှာငယ်စွာ အလုပ်သွားလုပ်ရတယ် ..
အချို့တွေကလည်း မမျှတတဲ့အလုပ်ရှင်တွေရဲ့စိုးမိုးမှုချယ်လှယ်မှု
တွေခံခဲ့ရပြန်တယ် …။

အဆင့်မှီတဲ့လုပ်ခဆိုတာ ဘာလဲ …
အဆင့်မမှီတဲ့ အနိမ်ဆုံးလစာဆိုတာကကော …
ဘာမှမသိခဲ့ နားမလည်ခဲ့ပါဘူး ….။
အလုပ်အကျိုးဆောင် (ယဉ်ယဉ်ကျေးကျေးသုံးရရင်) ပေးတဲ့သူရဲ့တွက်ချက်ပေးချက်အရ …
မြန်မာကျပ်ငွေနဲ့ဆိုရင်
ချို့တဲ့တဲ့မိသားစုကပေါက်ဖွားလာတဲ့သူတစ်ယောက်အတွက်ကတော့
မိသားစုစားဝတ်နေရေးစရိတ်လေး လုံလောက်လို့ပါဘဲ …။

အိမ်ရှင်အမျိုးသားကြီးက လေတပ်ကအရာရှိ ..
အိမ်ရှင်အမျိုသမီးကြီးက မင်းမျိုးမင်းနွယ်ထဲကတဲ့ …။
“ငါ့တူမ … ဒါ ညည်း အလုပ်လုပ်ရမဲ့အိမ်လေ …
တခြားအလုပ်သမားတွေလည်းရှိတယ် …
မြန်မာပြည်သားလည်းရှိတယ် …
ညည်းအတွက် အဖော်ရှိတာပေါ့  …..
ဘာအလုပ်တွေလုပ်ရမယ်ဆိုတာကိုတော့ သူတို့ ညည်းကိုပြပေးလိမ့်မယ် …”
“အထွေထွေ အိမ်မှုကိစ္စလုပ်ရတဲ့အလုပ်….”

မရောက်ဘူး မတွေ့ မကြုံဘူးတဲ့ မြို့ကြီးပြကြီးနဲ့ အိမ်ကြီးထဲမှာ
ရောက်ခါစတော့ ပျော်သလိုလိုပါဘဲ
၁ နှစ် … ၂ နှစ် … ၃ နှစ် ….
အိမ်ကို လွမ်းတတ်ခဲ့ပြီ … အိမ်ကို တမ်းတတတ်ခဲ့ပြီ … ပြန်ချင်ခဲ့ပြီ …
ဒါပေမယ့် မြင်ယောင်လိုက်တဲ့မိသားစုရဲ့ဒုက္ခအဆင်ပြေဘို့ လိုအပ်နေတာမို့
အိမ်ပြန်ချင်တဲ့စိတ်ရဲ့ဆန္ဒချိုးနှိမ်ဖျက်ဆီးပြစ်ခဲ့ရတာအကြိမ်ကြိမ် ….
ဒီလိုနဲ့ဘဲ .. အိမ်မပြန်ဖြစ်ခဲ့ ….။

ငယ်ရွယ်နုပျိုလတ်ဆတ်တဲ့ ဆယ်ကျော်သက်မိန်ကလေးတစ်ယောက်ရဲ့အလှက
အိမ်ရှင်အမျိုးသားကြီးအတွက် မျက်စိကျစရာ ထိချင်တို့ချင်စရာပေါ့ …။

အခြေအနေမြင့်မားတဲ့သူတယောက်မေတ္တာသက်ဝင်မှုအပေါ် ကျေနပ်မိပါရဲ့ …
ယောကျာ်းသားတယောက်ရဲ့ ပထမဦးထိတွေ့ကြင်နာမှုအပေါ် သာယာမိပါရဲ့ ….
မငြင်းနိုင်ပါဘူး … ချစ်ခြင်းမေတ္တာရဲ့ဆိုးဝါးတဲ့ခံစားမှုအောက်မှာ
ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျရှုံးခဲ့ရတယ် …။

လူမသိသူမသိပါဘူးဆိုတဲ့တိတ်တခိုးအလုပ်က ကြာရင် လူသိလာတာပါဘဲ
အတူတူအလုပ်ကြတဲ့ လုပ်ဖော်ဆောင်ဖက်တွေ …
နောက်ဆုံး အိမ်ရှင်အမျိုးသမီးဆီကိုပေါ့ …။

အိမ်ရှင်အမျိုးသမီးကလည်း အိမ်မှာကူညီလုပ်ပေးနေတဲ့အလုပ်သမားနဲ့ ခင်ပွန်းသည်
အဆင်ပြေနေတဲ့အခြေအနေပေါ် မကျေနပ်နိုင်တဲ့စိတ် (ဒါကတော့ ဘယ်သူမဆိုပါ)
ထိန်းသိမ်းလာခဲ့တဲ့အိမ်ထောင်ရေး ပျက်ဆီးသွားမှာ လက်မခံနိုင်တဲ့စိတ် …
ဝန်တိုမုန်းတီးမှုတွေနဲ့ …
ပြဿနာကိုဖြေရှင်းဖို့ ပြဿနာတစ်ခုကိုဖန်တီးခဲ့တယ် …။

“ငါ့ဆွဲကြိုးပျောက်သွားတယ် … နင်ဘဲ..”
ရုပ်ရှင်ထဲမှာကြည့်ဖူးပါရဲ့ … ခုတော့ တကယ်ထိပ်တိုက်ဆိုင်နေရပြီ
“ကျမဆွဲကြိုးမယူရပါဘူး …”
ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ် … စံပြအဖြစ်နဲ့ အလုပ်သမားအားလုံးရဲ့အရှေ့မှာ
ရိုက်နှက်တယ် … မေးတယ် …
ရိုက်နှက်ပြန်တယ်… ရိုက်နှက်တယ်..
“ကျမ ဆွဲကြိုးမယူရပါဘူး ..”

လောဘ .. မောဟ .. ဒေါသ .. ဆိုတဲ့ အမျိုးအဆွေတွေလွှတ်ထားပေးရင်
လွှတ်ထားသလောက်သွားတယ် … ယုံလား .လူသတ်ဖို့တောင်ဝန်မလေးတော့ပါဘူး …

အိမ်ရှင်အမျိုးသမီးကြီးရဲ့ နောက်ဆုံးတစ်ချက်လွတ်အမိန့်
ဓါတ်ဆီလောင်းပြီး မီးရွံ့ပစ်လိုက်တဲ့

ကြောက်လိုက်တာ … တုန်လာတဲ့ထိကြောက်တယ် …
“ကျမ ဆွဲကြိုးမယူရပါဘူး …”
ကြောက်လွန်းလို့ ဆွံ့အသွားတဲ့ထိပါလား ….
ငြင်းဆန်နေတဲ့စကားတွေ အသံတစ်ခုအဖြစ်ထွက်မလာတော့ပါလား …

ကူပါ ကယ်ပါလို့ အိမ်ရှင်အမျိုးသားကြီးဆီ အသနားခံတဲ့အကြည့်နဲ့ 
အားကိုးတကြီး လှမ်းကြည့်လိုက်မိတယ် ….။

ငါသိတယ်… ဒီကောင်မလေး ဆွဲကြိုးမယူပါဘူးဆိုတာ
..သူမယူပါဘူးလို့ သူ့ဘက်ငါရပ်တည်ပေးလိုက်ရင် ……
တစ်စစီဖြစ်သွားနိုင်တဲ့ ငါ့ရဲ့အိမ်ထောင်ရေး …
ပြီးတော့  ….
လူတွေရှေ့က ငါ့ရဲ့ဂုဏ်သိက္ခာ ….
ငါ တရားဝင်ကာကွယ်ခွင့်မရှိ … ဒီကိစ္စမှာ ဘယ်သူကမှန်တယ် … မှားတယ်ဆိုတာ
ငါမပါ … ဆိုတဲ့သဘောနဲ့ .. ကျောခိုင်းလှည့်ထွက်သွားလိုက်တယ် …။

အတူတူအလုပ်လုပ်တဲ့သူငယ်ချင်းက မြင်နေရတဲ့အဖြစ်အပျက် မကြည့်ရက်တော့တဲ့အဆုံး
အကူအညီရနိုင်မဲ့အသိတစ်ယောက်ဆီကို အကျိုးအကြောင်းပြောပြတယ် …
အဲဒီတစ်ယောက်ကနေတစ်ဆင့် မြန်မာအလုပ်သမားတွေကိုကူညီတဲ့အဖွဲ့ဆီကို လှမ်းအကြောင်းကြားတယ် …
အဖွဲ့ အစည်းအနေနဲ့ …. သူများနိုင်ငံမှာ လုပ်ပိုင်ခွင့်အခွင်အာဏာမရှိပြန်တော့
ဒေသဝန်းကျင်လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့ပူးပေါင်းပြီး ဆေးရုံပို့ပေးလိုက်တယ် …။

ဆေးရုံရောက်တဲ့အချိန်က သတိမရတချက်ရတချက်နဲ့ …
ဆံပင်တွေလည်းမရှိတော့ပါဘူး …
အရေပြားတစ်ခုလုံး မီးလောင်ရာတွေချည်းဘဲ …။

ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကူသမှုခံယူမှုကြောင့်လား
စိတ်ရဲ့လုံခြုံမှုတနေရာ ရောက်လာခဲ့လို့လားတော့မသိဘူး
စကားသံ အနည်းငယ်ပြန်ထွက်လာတယ်
“ကျမ ဆွဲကြိုးမယူရပါဘူး…”

သိစိတ် … မသိစိတ်ထဲက စွဲလန်းနေတာတစ်ခုဘဲရှိတယ်
ငါ … ဒီလိုအဖြစ်ဆိုးနဲ့ကြုံရတာ … အရိုက်ခံရတာ
ဒီဆွဲကြိုးပျောက်သွားလို့ဘဲ …
စကားပြောနိုင်တဲ့အချိန်တိုင်းမှာ
“ကျမ ဆွဲကြိုးမယူရပါဘူး…”

ဆရာဝန်ဘဲဖြစ်ဖြစ်
တာဝန်ရှိတဲ့သူတွေဘဲဖြစ်ဖြစ်
သူငယ်ချင်းဘဲဖြစ်ဖြစ် သူတို့နဲ့သက်ဆိုင်တဲ့မေးခွန်းတွေ
ဘယ်လိုဘဲမေးမေး အဖြေကတစ်ခုထဲ …
“ကျမ ဆွဲကြိုးမယူရပါဘူး …”

နောက်ဆုံးခန္ဓာထဲက ဝိဉာာဉ်ထွက်သွားတဲ့အထိ “ကျမ ဆွဲကြိုးမယူရပါဘူး …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts