မျက်မှောက်ရေးရာ သတင်းပဒေသာ

မြန်မာပြည်အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတချို့ အမေရိကန်အစိုးရ လျှော့ချ – US easing sanctions on Burma after elections

 

မိုးမခအထောက်တော် အမှတ် ဝဝ၂
ဧပြီ ၅၊ ၂၀၁၂


Secretary of State Hillary Clinton with Aung San Suu Kyi after a recent meeting about Myanmar's future and relationship with the U.S.

ဝန်ကြီးကလင်တန်၏ မကြာသေးမီက မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ရသည့် မြင်ကွင်းတခု (ဓာတ်ပုံ – AFP)


ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် ဒေသအားလုံးလိုလိုတွင် NLD အနိုင်ရပြီးနောက် အမေရိကန်အစိုးရက မြန်မာပြည်အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတချို့ လျှော့ချပေးမည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်သည်။
မြန်မာပြည်သို့ စေလွှတ်မည့် သံအမတ် အမည်ကို မကြာခင်ကာလအတွင်း အဆိုပြုမည့်အစီအစဉ် ရှိပြီး ကန့်သတ်ထားသည့် ပြည်ဝင်ခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများကိုလည်း လျှော့ပေါ့ပေးမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ပြောင်းလဲတိုးတက်မှုတွေကို အမေရိကန်အစိုးရက ကြိုဆိုပါတယ်၊ မြန်မာအစိုးရခေါင်းဆောင်များ နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နားလည်တယ်ဆိုတာ ပြသခဲ့တယ်၊
အစိုးရ လုပ်ဆောင်တာတွေကို ကြည့်ပြီး ကျန်နေသေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို တဆင့်ချင်း လျှော့ချ ရုပ်သိမ်းသွားမယ်” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောသည်။

ပြည်ဝင်ခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများကိုလည်း လျှော့ပေါ့ပေးမည်ဟု ဆိုသော်လည်း မည်သည့်အချိန်တွင် မည်မျှအထိ လျှော့မည်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိသေးပေ။

မြန်မာအစိုးရ ထိပ်တန်းအရာရှိတချို့အား မကြာသေးခင်က အမေရိကန်သို့ လာရောက်ခွင့် ပြုခဲ့ပြီးဖြစ်သည်။

ဝန်ကြီးကလင်တန်၏ ပြောဆိုချက်ထဲတွင် မြောက်ကိုရီးယား-မြန်မာ စစ်ရေးဆက်နွယ်မှု ဖြတ်တောက်ရေး၊ လက်ကျန်နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသ စစ်ပွဲများ အဆုံးသတ်ရေး စသည့် မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်စေရန် ဆက်လက် ဖိအားပေးသွားမည်ဟု ပါရှိသည်။

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှာ ၁၉၉၀ ရွေးကောက်ပွဲအပြီး စစ်တပ်အစိုးရက ဆက်လက် ဖိနှိပ်အုပ်ချုပ်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မြန်မာပြည်အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတချို့ အမေရိကန်အစိုးရ လျှော့ချ – US easing sanctions on Burma after elections
  1. We shall have to welcome U.S.A’s limited constructed responses on NLD’s 2012-elected wining because this wining is limiting democracy under 1/4 Myanmar Junta Regime.

Comments are closed.