ခေတ်ပြိုင်အတွေ့အကြုံ

ကျမသိတဲ့ ကိုသိန်းဆွေ

မိုးမိုး (လူ့ဘောင်သစ်ဒီမိုကရက်တစ်)
ဧပြီ ၃၊ ၂၀၁၂
ဒီရက်ထဲမှာ အလုပ်များပြီး ရုံးကကွန်ပြူတာမှာ မြန်မာဖောင့်ကိုသုံးလို့အဆင်မပြေတော့ နေ့စဉ်သတင်းတွေကိုရတဲ့အချိန်မှာ ဖုန်းကနေတ ဆင့် အမိအရလိုက်ဖတ်နေရတော့ ကိုယ့်ဘာသာကိုယ် အားမရဖြစ်နေမိပါတယ်။ (မျက်စိကလည်း စာကြည့်မျက်မှန်တပ်မှ မြင်ရတဲ့အနေ အထားဖြစ်နေပြီလေ။)

လွန်ခဲ့တဲ့တပတ်က ဖျာပုံမြို့နယ်အနှံ့အပြားမှာ ကြားဖြတ်ရွေးကောက်ပွဲမဲစာရင်းအမှားများကို တွေ့ရှိနေရတယ်လို့ ဖျာပုံမြို့နယ် NLD အောင် နိုင်ရေးကော်မတီနဲ့ ကိုယ်စားလှယ်လောင်း ကိုသိန်းဆွေမှတွေ့ရှိကြောင်း သတင်းကိုဖတ်လိုက်ရပြီးနောက် ဆက်တိုက်ဆိုသလိုပဲ တခြားမြို့နယ်များမှာလည်း တွေ့ရှိနေရကြောင်း သတင်းတွေဖတ်ရပါတယ်။

ပထမဆုံး သတိထားဖတ်မိလိုက်တဲ့ ဖျာပုံမြို့နယ်မှ ကိုသိန်းဆွေဆိုတော့ ကျမစိတ်ပူသွားမိပါသည်။ ဒီမဲစာရင်းအမှားအယွင်းတွေကို ဒီရက် တိုတိုလေးအတွင်းမှာ ပြင်လို့မီပါ့မလား။ မမီရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတဲ့ အတွေးတွေကို အဝေးရောက်နေတဲ့ကျမ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေမိပါတယ်။ ကိုသိန်းဆွေကို ကျမသိခဲ့တာကတော့ ၁၉၈၉ ခုနှစ်ကတည်းကပါ။ ဒါပေမဲ့ ကျမတို့နှစ်ယောက် တယောက် ကိုတယောက် မသိပါဘူး။ အမှန် ပြောရရင် ကျမကို ကိုသိန်းဆွေ လုံးလုံးမသိဘူးလို့လည်း ပြောလို့ရပါတယ်။

၁၉၈၉ ခုနှစ် ပုသိမ်မြို့မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ကို ကျမတို့ပုသိမ်မြို့မှ ကျောင်းသားလူငယ်များစုစည်းပြီး ဧရာဝတီတိုင်းရုံးကို ပုသိမ်မြို့ မန်ကျည်းပင်တန်းမှာဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက ကိုသိန်းဆွေ (ဖျာပုံ) နဲ့အတူ တခြားမြို့နယ်များမှ လူဘောင်သစ် အဖွဲ့ဝင်များဟာ ပုသိမ်မြို့ မန်ကျည်းပင်တန်းရုံးကို မကြာမကြာ အစည်းအဝေးပွဲများနဲ့ လှုပ်ရှားမှုတွေကို တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက ကျမဟာ အလွန်အမင်းရှက်တတ်ပြီး အထူးသဖြင့် ယောက်ျားလေးများကို စကားပြောဖို့ဝန်လေးပါတယ်။ ဒါကြောင့် မဖြစ်မနေကိစ္စကလွဲလို့ ကျမလုပ်စရာရှိတာကိုသာလုပ်ပြီး စကားပြောရမယ်ဆိုရင်ရှောင်နေခဲ့ပါတယ်။ ကျမကို မေးလာတဲ့အခါကျမှသာ ပြန်ဖြေတတ်ခဲ့တဲ့အတွက်အများစုနဲ့ မရင်းနှီးခဲ့ပါဘူး။

လူ့ဘောင်သစ်ရုံးအနေနဲ့မရှိတော့တဲ့နောက် အားလုံးဟာ တယောက်တနေရာစီဝေးကွာခဲ့ပြီး အကြောင်းကြောင်းတွေကြောင့် အဆက် အသွယ်တွေ ပြတ်တောက်ခဲ့ကြတာဒီနေ့ထိတိုင်အောင်ပါပဲ။ အချို့တွေနဲ့သာ တခါတစ်ရံတွေ့မိကြပေမဲ့အထူးသဖြင့် မြို့နယ်များက လူ အများစုနဲ့ အဆက်အသွယ်တွေ ပြတ်တောက်ခဲ့ပါတယ်။

၁၉၉၅-၉၆ လောက်တုန်းက NLD လွှတ်တော်အမတ်တစ်ဦးရဲ့သားနာရေးမှာ ကိုသိန်းဆွေကိုပြန်တွေ့ခဲ့တာပါ။ ဒါပေမဲ့ သူ့ကို ကျမ ဘယ် သူမှန်းမသိပါဘူး။ မြင်ဖူးတယ်ဆိုတဲ့အသိနဲ့သာ ကြည့်နေမိတာပါ။ အဲဒီအချိန်မှာ ကျမနဲ့အတူပါလာတဲ့ ပုသိမ်က ကိုစိုးနိုင်က “မိုးမိုး နင်မ မှတ်မိဘူးလား၊ အဲဒါ ကိုသိန်းဆွေလေ” လို့ ပြောပါတယ်။ ကျမက လူကို မြင်ဖူးတယ်။ မမှတ်မိတော့ဘူးဆိုတော့၊ ကိုစိုးနိုင်က ရှင်းပြပါတယ်။ “အဲဒါ ဖျာပုံကလေ၊ ပုသိမ်မှာ လူ့ဘောင်သစ်ရုံးကို ဖျာပုံကိုယ်စားလှယ်အနေနဲ့ လာလာနေတာ၊ သူက တော်တော်စိတ်ဓာတ်ရှိတယ်။ အခု လူ့ဘောင်သစ်မရှိတဲ့နောက်မှာ NLD ရဲ့လူငယ်အဖွဲ့မှာ ၀င်လုပ်နေတယ်” လို့ ပြောပြပါတယ်။

ကျမ အရမ်းကိုအံ့အားသင့်ပြီး လူ့ဘောင်သစ်မရှိတဲ့နောက် NLD ကို ၀င်ပြီးတစိုက်မတ်မတ်လုပ်နေတာဆိုတော့ သူ့ရဲ့ခံယူချက်၊ ဆုံးဖြတ် ချက်ကို ကျမအရမ်းလေးစားသွားပြီး၊ အဲဒီနေ့က စလို့ သူ့ကို ကျမ မမေ့တော့ပါဘူး။ အဲဒီအချိန်မှာပဲ ကိုစိုးနိုင်က ထပ်ရှင်းပြပါတယ်။ သူ့အ ဖေကလည်း NLD ရဲ့ ဖျာပုံအမတ်ပဲလို့ ပြောတော့၊ တစ်စုံတစ်ခုဆက်သွယ်မှုကို ကျမခံစားလိုက်ရပြီး၊ “ဖျာပုံ ဦးမင်းဆွေ”လားလို့ ကိုစိုးနိုင်ကို အလောတကြီး မေးမိပါတယ်။ ကိုစိုးနိုင်က ဟုတ်တယ်လို့ဖြေတော့ ကျမက စိတ်ထဲက ထင်လိုက်လို့ဆိုတာပြောလိုက်ပါတယ်။

ကျမအဖေကနေတစ်ဆင့် “ဖျာပုံဦးမင်းဆွေ”ဆိုပြီး အန်ကယ်ဦးမင်းဆွေကို ကျမအင်းယားဆောင်ကျောင်းသူဘ၀ (၁၉၉၀-၁၉၉၃) က သိခဲ့တာပါ။ အဆောင်မှာ စီနီယာကျတဲ့ကျမဟာ အန်ကယ်ဦးမင်းဆွေရဲ့ သမီးအမြွှာနှစ်ယောက် စုစုတို့ကို အကြီးတစ်ယောက်အနေနဲ့ရော၊ အဖေ့မိတ်ဆွေရဲ့ သမီးအနေနဲ့ရော ဘ၀တူလျှောက်လှမ်းနေကြတဲ့ ရဲဘော်ရဲဘက်မိသားစုဝင်တွေအဖြစ်ရော ရင်းနှီးခင်မင်မိခဲ့ကြပါတယ်။

ချစ်စရာကောင်းပြီး ရိုးသားသော၊ အေးဆေးသော၊ ကြိုးစားသောညီအစ်မနှစ်ယောက်အကြောင်းကို ကျမအဖေနဲ့ စကားပြောဖြစ်တိုင်း ပြောမိပြီး၊ တိုက်ဆိုင်မှုရှိတိုင်း သတိရနေမိခဲ့တယ်။ ကျောင်းတွေပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ်မှာပဲ ဆရာတွေလုပ်ကြလို့ ပိုပြီး အမှတ်ရနေ မိပါတယ်။ အန်ကယ်ဦးမင်းဆွေကိုလည်း အမြဲသတိထားမိတယ်။ တည်ကြည်မှု၊ ရိုးသားမှု ကြိုးစားမှုတွေကို ဝေးဝေးကနေပဲ အကဲခတ်မိ ပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေးစကားပြောဆိုခဲ့တာတော့ မရှိခဲ့ပါဘူး။ လူကြီးတစ်ယောက်အနေနဲ့ ဂါရ၀ပြုနှုတ်ဆက်တာလောက်ပဲ ကျမရှိခဲ့ပါတယ်။

ကိုစိုးနိုင်ဆီကသိလိုက်ရတဲ့ ကိုသိန်းဆွေဟာ တိုက်တိုက်ဆိုင်ဆိုင် ကျမရင်ထဲ အမှတ်ထားမိတဲ့ မိသားစုဝင်တစ်ဦးဖြစ်နေတာပါပဲ။ နောက် ပိုင်း သူ့သတင်းတွေကို ကြားလိုက်၊ ပြတ်တောက်လိုက်နဲပ ကျွန်မရဲ့ရုန်းကန်လှုပ်ရှားနေရတဲ့ ပတ်ဝန်းကျင်သစ်မှာ အားလုံးနဲ့အဆက်အ သွယ်ပြတ်တောက်ခဲ့ပါတယ်။ နောက်ပိုင်း စင်ကာပူမှာကျောင်းပြီးလို့ အလုပ်ဝင်ချိန်၊ အင်တာနက်သုံးစွဲမှုဖွံ့ဖြိုးလားချိန်မှာ နေ့စဉ်နဲ့အမျှ မြန်မာနိုင်ငံရဲ့သတင်းတွေကို ရှာဖွေဖတ်ရှုရင်း မျက်ခြည်မပြတ်မဖို့ကြိုးစားခဲ့ပါတယ်။

ကိုသိန်းဆွေ အဖမ်းခံရတဲ့ အချိန်မှာ ကျမ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ကျန်အဖမ်းခံရသူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပေမယ့် ကျမအနေနဲ့ လူပုဂ္ဂိုလ်ချင်းပိုသိနေတဲ့တွက်ရော၊ မိသားစုကိုသိနေတဲ့အတွက် သူ့အတွက် ပိုပြီး ခံစားမိတာပါ။ “ကျမသိတဲ့ ကိုသိန်းဆွေ” ဆိုပြီး စာရေးဖို့ကြိုးစားခဲ့ပေမယ့် ပြီးမြောက်အောင် မရေးဖြစ်ခဲ့ပါဘူး။

၂၀၁၀ ပြည့်နှစ်မှာ ကျမ အမေရိကားကိုသွားခဲ့တုန်းက အမှတ်မထင်ဘဲ ကိုသိန်းဆွေရဲ့သူငယ်ချင်းလည်းဖြစ်၊ ကျမတို့ မိသားစုနဲ့လည်း သိနေတဲ့မိတ်ဆွေနဲ့ ဖုန်းအဆက်အသွယ်ရပါတယ်။ ဖုန်းမဆက်ခင်က ပွဲတခုမှာ ကျမတို့ဘေးချင်းယှဉ် အတူထိုင်ခဲ့ကြတာပါ။ ကျမရဲ့ နှုတ် နည်းမှုကြောင့် စကားမပြောဖြစ်ခဲ့ဘဲ၊ ပွဲပြီးတော့မှ ကျမနဲ့ပါလာတဲ့မိတ်ဆွေက နင့်ဘေးကလူက ဘယ်သူဘယ်ဝါလို့ပြောမှ ကျမက သိပြီး ဖုန်းလှမ်းဆက်ပြီး စကားပြောဖြစ်ကြတာပါ။ အဲဒီတော့မှ သူက ကိုသိန်းဆွေနဲ့ NLD ရုံးမှာ အတူတူလုပ်ခဲ့ကြတာတွေ၊ သတင်းတွေကို ကျမ သိခဲ့ရတာ။

အန်တီပြန်လွှတ်လာပြီးနောက်ပိုင်း ခရီးစဉ်တွေ၊ NLD ရဲ့ပွဲတွေမှာ ကိုသိန်းဆွေကို အင်တာနက်ကတစ်ဆင့် အမြဲတွေ့နေရပြီး ကျမရဲ့ ခင် ပွန်းကို အမြဲပြောဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီမှာ ရန်ကုန်ကိုခဏပြန်ရောက်တော့ ဘဘဦးတင်ဦးကို သွားကန်တော့ခဲ့ပြီး စကား တွေပြောဖြစ်ကြတော့ ကိုသိန်းဆွေနဲ့ အန်ကယ်ဦးမင်းဆွေတို့အကြောင်း မေးဖြစ်ခဲ့တယ်။ ဘဘဦးတင်ဦးက ကိုသိန်းဆွေလည်း အိမ် ထောင်မပြုသေးတဲ့အကြောင်းပြောတော့ ကျမလည်းအံ့အားသင့်ပြီး သူအိမ်ထောင်ကျနေပြီလို့ သမီးထင်တာလို့ ဘဘကိုပြန်ပြောမိတယ်။ လူငယ်အရွယ်တွေကို ပေးဆပ်ခဲ့ရပါလားဆိုပြီး ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရပြီး မိန်းမယူဖို့တိုက်တွန်းလေလို့ ဘဘကိုပြောမိတော့ သူတို့လည်း တိုက်တွန်းပါတယ်လို့ ပြောပါတယ်။

ဘဘက တလောလေးကတင် သူတို့မိသားစုအိမ်တက်ပွဲကို သွားခဲ့သေးကြောင်းတွေပြောပြတော့ ကိုယ့်ရင်ထဲမှာရှိနေတဲ့ မိသားစုရဲ့ကောင်း သတင်းတွေကြားရတော့ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ရန်ကုန်ကပြန်လာပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ NLD ရဲ့ ကိုယ်စားလှယ်အမတ် လောင်းစာရင်းတွေ ထွက်လာပြီး ကိုသိန်းဆွေနာမည်တွေ့တော့ ဒါဖြစ်ကိုဖြစ်ရမဲ့အမှန်တရားလို့ ကျမခင်ပွန်းကိုပြောခဲ့မိတယ်။ အဲဒီနောက် မဲစာရင်းမမှန်တာတွေကြားတော့ ကိုသိန်းဆွေအတွက်စိတ်ပူသွားမိတယ်။ ပြီးတော့ ပြန်ပြီးအမှတ်ရမိတယ်။ ၁၉၈၉-၉၀ က ကျမတို့ လူ့ဘောင်သစ်လူငယ်တွေဟာ ဧရာဝတီတိုင်းအနှံ့တောတောင်အထပ်ထပ် ဖြတ်သန်းပြီး အလွန်ခေါင်တဲ့ဒေသတွေဆီထိ အရောက်သွားပြီး ကျေးရွာပြည်သူတွေကို ဒီမိုကရေစီအရေး၊ ကျောင်းသာတော်လှန်ရေးဖြစ်ပေါ်ရခြင်းနဲ့ ရွေးကောက်ပွဲမှာ NLD ကိုထောက်ခံဖို့၊ ၀န်းရံဖို့ စည်း ရုံးဟောပြောခဲ့ကြပါတယ်။ ပုသိမ်အနောက် ရခိုင်ရိုးမကအပြန် ကျမနေမကောင်းဖြစ်ပြီး ရဲဘော်အစ်ကိုတွေက ထမ်းစင်နဲ့ မညည်းမညူထမ်းပြီး ချောင်းသာကမ်းခြေအရောက် ပြန်ခဲ့တာတွေကိုအမှတ်ရရင်း ကျေးဇူးတင်နေမိပါတယ်။

ဒီတစ်ခေါက် ရန်ကုန်ပြန်တဲ့ ရက်မှာပဲ ကျမချစ်သော ရဲဘော်သူငယ်ချင်းတွေဖြစ်တဲ့ ကိုမင်းဇေယျ၊ ကိုဂျင်မီနဲ့ နီလာသိန်း အစရှိသော နိုင်ငံရေး အကျဉ်းသာများအတွက် ၀မ်းသာခဲ့ရပြီး လက်လှမ်းမီသလောက် ဖုန်းခေါ်ပြီး၊ တချို့နဲ့ လူချင်းတွေ့ခဲ့ရပါတယ်။

အခု အချိန်မှာ ကျမ မြန်မာပြည်ကိုပြန်ဖို့ အခွင့်အရေးရမယ်ဆိုရင် ကျမအလုပ်ချင်ဆုံးဆန္ဒကတော့ ကျမချစ်သော သုံးနှစ်အရွယ် ကျမရဲ့ သားလေးကိုခေါ်ပြီး ဖျာပုံမြို့နယ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ တစ်တပ်တအားပါဝင်မှာဖြစ်ပါတယ်။ ကျေးရွာပြည်သူလူထုကို ဟောပြော စည်းရုံးချင်တာတော့ ကျမသိသောကိုသိန်းဆွေကို မဲထည့်ဖို့၊ ၀န်းရံဖို့၊ ဒီလူ၊ ဒီမိသားစု၊ ဒီစိတ်ဓာတ်ဟာ ဖျာပုံမြို့နယ်/ကျေးရွာနေ ပြည်သူပြည်သားများအတွက် တကယ့်ကို အလေးထား၊ ဦးထိပ်ထားပြီး ပြည်သူ့အကျိုးကို ဒီမိုကရေစီကျကျ ထမ်းဆောင်မဲ့သူဖြစ်လို့ဆိုတာ ရာနှုန်းပြည့် ယုံကြည်ထောက်ခံမှုနဲ့ ပါဝင်စည်းရုံးလိုက်ချင်တာပါပဲ။

မူရင်း
http://www.facebook.com/notes/linn-way-khat/%E1%80%80%E1%80%BA%E1%80%99%E1%80%9E%E1%80%AD%E1%80%90%E1%80%B2%E1%80%B7-%E1%80%80%E1%80%AF%E1%80%AD%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%BC-%E1%80%9E%E1%80%AF%E1%80%AD%E1%82%94%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9%E1%80%96%E1%80%BA%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%E1%81%BF%E1%80%99%E1%80%B3%E1%80%AD%E1%82%95%E1%80%94%E1%80%9A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%81%80%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%9A%E1%80%BD%E1%80%A5%E1%80%B9%E1%81%BF%E1%80%95%E1%80%B3%E1%80%AD%E1%80%84%E1%80%B9%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-nld-%E1%80%80%E1%80%AF%E1%80%AD%E1%80%9A/10150744154991383


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကျမသိတဲ့ ကိုသိန်းဆွေ
  1. လူ့ဘောင်သစ်လူငယ်တွေဟာတစ်ကယ်ဘဲနိုင်ငံကိုချစ်ခဲ့ကြတဲ့သူတွေများတာတွေ့ရပါတယ်။ဒီမိုကရေစီ
    အစပြုတဲ့ခရီးမှာ၈၈ကျောင်းသားနဲ့လူ့ဘောင်သစ်အဖွဲ့တွေတစ်ခုနဲ့တစ်ခုခွဲခြားလို့မရနိုင်ခဲ့ပါဘူး။
    လူ့ဘောင်သစ်ဘယ်ကအစပြုခဲ့သလဲဆိုတာသိချင်မိပါတယ်။သိသောသူများရေးပြကြပါအုံး။

Comments are closed.