သရော်စာ

မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွက်..မိုးမခ မဟာသင်္ကြန်စာ


(ရှေးမြန်မာမိုးမခမင်းများ အဆက်ဆက်လက်ထက်ကတည်းက မိုးမခပညာရှိများ ညှိနှိုင်းတွက်ချက်တော်မူသောမူအရ ဆရာမကြီးဂျော်ဒီး စီစဉ်တွက်ချက်ထားသည့် မိုးမခ မဟာသင်္ကြန်စာ)
မတ်လ ၂၈၊ ၂၀၁၂
၁၃၇၃ ခု၊ အတိတ်သာသနာတော်နှစ် (၂၅၅၅)

၁၃၇၄ ခု၊ သာသနာတော်နှစ် (၂၅၅၆)

● မဟာသင်္ကြန်ကျချိန် ။ ။ ကြိုတင်မဲပိုး ..မဲခိုး၊ မဲမသမာ အဖြာဖြာနည်းလမ်းကြိုးပမ်းသော်လည်း မရှုမလှ အရှက်ရကာ၊ နိုင်ငံတကာ၊..မီဒီ ယာနဲ့  ပြည်သူအများမှ အကြားမလပ်စောင့်ကြပ်ဖော်ထုပ်ကြရသော ဘိုင်အီလက်ရှင်အပြီး တဆယ့်နှစ်ရက်ကြီးအကြာ မြန်မာစံတော်ချိန် ညစက် (၉) နာရီ၊(၅၃) မိနစ်၊ (၂၆) စက္ကန့်။

● ဇေယျတု သဗမင်္ဂလံ ။ ။ အချင်းယူဇနာ အ၀န်းယူဇနာဘဇာမသိ၊ အိမ်နီးချင်းဆိုးများဧ။် တအိအိဖိခြင်းကိုခံနေရရှာသော ဧရာဝတီ၊ ချင်း တွင်း၊ သံလွင် အသက်ငင်အောင် ရေအားလျှပ်စစ်ကို နို့စားနွားမကြီးမှနို့ညှစ်သလို မညှာမတာ ညှစ်ရောင်းခံနေရရှာသော၊ ထွက်သမျှ သံယံဇာတ အငုတ်မစမကျန် နိုင်ငံတကာထုတ်ရောင်းနေပါသော်ငြား၊ ပြည်သူအပေါင်း ထောင်းလမောင်းကြေညက် ကြွေးပင်လယ်ထက် လက်ပစ်ကူးနေရရှာသော ဘဒ္ဒကမ္ဘာမှ ရွှေပြည်မြန်မာသို့ မဟာသင်္ကြန်ကျချိန်တန်သော် တနင်္ဂနွေဂြိုလ်မင်းသည် ပခုံးထက်တွင် ဒေါင်းအိုး ဝေကိုတင်ပြီး ညာလက်တွင် ရေချမ်းအိုးကိုပိုက်၊ ဘယ်လက်တွင် အောင်သပြေညိုခက်ကို ကိုင်ဆောင်ကာ အများပြည်သူ သဘောမတူသော မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဟု ကြွေးကြော်လျှက် ရှပ်ပြေးရေယာဉ်ကိုစီးပြီး မြိတ်ကျွန်းစုအနီးမှဝင်ကာ မဟာ သင်္ကြန်ကျ၏။

ထိုသို့ မဟာသင်္ကြန်ကျချိန်တန်သော် ဖွပ်သထက်ညစ်သော ပြည်သူ့ချဉ်ဖတ်အိုး နတ်ဆိုးသည် ဘယ်လိုပင် ကြိုတင်မဲခိုး အချိန်ခိုးရန်ကြိုးစား သော်လည်း ဂျူတီချိန်စေ့ သက်တမ်းပြည့်သဖြင့် အာဏာတည်းဟူသော ဗြမ္မာကြီးဦးခေါင်းကို ပြည်သူ့အားအင် နတ်သမီးအား မလွှဲချင့် လွှဲချင် ကမ်းပေး၏။ ပြည်သူ့အားအင်နတ်သမီးက ဒေါင်းအိုးဝေတွန်သံများနှင့်အတူ ပိုင်ပိုင်နိုင်နိုင် လက်လွှဲယူလိုက်၏။

ထိုကဲ့သို့ အတာဆန်းထူး နှစ်သစ်ကူးစ တန်ခူးလတွင် နှစ်အမည်ကား ၂၀၁၂ နှစ်၊ ဧပြီ (၁)၊ ဧပရယ်ဖူးလ် အရူးလုပ်ကြသည်ကာလတွင် ဘိုင်အီလက်ရှင်အား ကြိုတင်မဲစောင့်၏။ ကြိုတင်မဲကို မဲသူခိုးပါတီစောင့်၏။ မဲသူခိုးများကို သေလွန်ပြီးသော နာနာဘာဝများက အသေရေ ဖျက်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊ အလွဲသုံးစားလုပ်မှုတို့နှင့် တရားစွဲရန် သင်္ချိုင်းကုန်းမှ စောင့်၏။ ထိုမဲသူခိုးများအား အရွယ်မရောက်သေးသော ကလေးသူငယ်များကလည်း ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှုနှင့် အရေးယူရန် မူကြိုကျောင်းများမှ စောင့်၏။ မဲသူခိုးဓါးပြများ ထကြွ သောင်းကျန်းသော တချို့မြို့ရွာများတွင် မဲစာရင်းများ ရွာလုံးကျွတ် ပျောက်၏။ လေးထပ်တိုက်များ အလိုလို ရှစ်ထပ်တိုးကြ၏။ မှတ်ပုံတင်တခုထဲတွင် ကိုယ်တသောင်း ခွဲ၏။ ထိုမဲသူခိုးများကို မီဒီယာစောင့်၏။ မီဒီယာကို အင်တာနက်လိုင်းစောင့်၏။ အင်တာနက်လိုင်း ကို ကိုးနတ်ရှင်စောင့်၏။ ကိုးနတ်ရှင်ကို လိပ်ဖိုးဖိုးစောင့်၏။ မဲသူခိုးများကား ပြောင်းဖူးပြုတ်ကိုစားပြီး နတ်ကနားစည်းအသွင် ၀တ်ဆင်လျက် လောက်လေးခွကိုကိုင်ကာ မဲဆန္ဒရှင်များကိုစောင့်၏။ မဲဆန္ဒရှင်များကား အသဲကြားမှ မဲတပြားကို ၀ဲစားတို့ မခိုးယူနိုင်ရန် သတိကြီးစွာထား စောင့်ကြပ်ကြ၏။

မဲသူခိုးတို့၏ အဓိပတိကား ကော်မရှင့်တရှင်။ ကော်မရှင်တရှင်၏ အဓိပတိကား မဲစာရင်းအမှား။ မဲစာရင်း အမှားတို့၏ အဓိပတိကား ၂၀၁၀၊ (ရာဇ၀င်ထဲမှာ ၂၀၁၀ ကိုထားရစ်ခဲ့လို့ ကော်မရှင့်တရှင်က ငလောက်ပြုံးလေးနဲ့ ၀န်ခံသော်လည်း ထားခဲ့လို့မရတဲ့ လွှတ်တော်ကြီးအတွင်းတွင် ကား ငိုက်မြည်းသူတို့ အိပ်ရေးဝလျက်၊ မဲစာရင်းအမှားများကား နိုးကြားတက်ကြွစွာ ၂၀၁၂ အထိ လိုက်ပါချီတက်လျက်) နားလေးသူကြီးရဲ့ အဓိပတိကား မဟေသီ။ မဟေသီ၏ အဓိပတိကား ဘိုးတော်။ ဘိုးတော်၏ အဓိပတိကား ယတြာ။ ယတြာ၏ အဓိပတိကား အဆင်အခြင်မရှိ သော မင်းခစား ကပ်ပါးများ။ ကပ်ပါးများ၏ အဓိပတိကား အထက်ဖားအောက်ဖိခြင်း။ အထက်ဖားအောက်ဖိခြင်း၏ နောက်အဓိပတိကား ၀န်ထမ်း။ ၀န်ထမ်းတို့၏ အဓိပတိကား လစာမလောက်ငခြင်း။ လစာမလောက်ငခြင်း၏ အဓိပတိကား အကျင့်ပျက်ခြစားမှု။ အကျင့်ပျက်ချ စားမှု၏ အဓိပတိကား အိမ်ခေါင်မိုးမလုံခြင်း။ ပြည်သူတို့၏ အဓိပတိကား ကုန်ဈေးနှုန်း။ ကုန်ဈေးနှုန်း၏ အဓိပတိကား အခွန်အတုပ်အမျိုးမျိုး။ အခွန်အတုပ်အမျိုးမျိုး၏ အဓိပတိကား ပြည်သူများမသုံးရပဲ တင်သည့် နိုင်ငံခြားကြွေးမြီ။ ပြည်သူ့ကိုယ်စားလှယ်များ၏ အဓိပတိကား ပြည်သူ့လွှတ်တော်။ ပြည်သူ့လွှတ်တော်၏ အဓိပတိကား ပြည်သူများအတွက် လိုအပ်ချက်များကို ပြင်ဆင်ပြဌာန်းပေးရသော ဥပဒေ။ ထိုပြင်ဆင်ပြဌာန်းပေးရသော ဥပဒေများ၏ အဓိပတိကား မလိုတမျိုး လိုတမျိုး ဥပေဒကို လက်သုံးလုံးခြားထားသော နည်းဥပဒေ။

● တောင်သူလယ်သမားများ သိမှတ်ရန်။ ။ မိုးဦး မိုးလည် မိုးနှောင်း ကောင်းမကောင်း၊ မုန်တိုင်းဘေးဒဏ် ရှိမရှိ။ ဦးထွန်းလွင်ဝက်ခြံမှ အသံ ကိုနားစွင့်ရန်။ မိုးရေးအခြေအနေမကောင်းပါက စစ်အာဏာရှင်စနစ်ဆိုးက အကျင့်ဆိုးဖြစ်သော ဆည်စောင့်တံခါးမှူးကို ပူဇော်ရန်မလို။ ကိုယ့်အရေးကို ကိုယ်ဆိုကြရန်။ မိမိတို့ မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးထွန်ယက်လာသော လယ်မြေတလက်မမျှ ခရိုနီ ခရိုနက် ခေတ်ပျက်သဌေးများလက်သို့ မကျရောက်စေရန် အချင်းချင်း ညီညွှတ်စာ အသင်းအပင်းများဖွဲ့ ကာကွယ်ရန်။ အီ .. မဟာသင်္ကြန် အတာ စား ကြွပ်ကြွပ်ဝါးပြီးချိန်မှ စပြီး တတိုင်းပြည်လုံး လူ့အခွင့်အရေးမဆုံးရှုံးစေအံ့။ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂများ စုစည်းသင်းဖွဲ့ ပြီး အညီအညွှတ်ရှိအံ့။ အာဏာလက်မဲ့ အာဏာရှင်အစုပ်အပဲ့များပါမကျန် အာဏာရှင်ဟောင်းများ သမဂ္ဂ၊ ဂျိုကုပ်များသမဂ္ဂ ဖွဲ့စည်းခွင့်ရသည် အထိ သူတို့လက်ထက်က တွန့်တိုခဲ့သော လူ့အခွင့်အရေး အပြည့်အ၀ ရရှိစေအံ့။ ထိုမျှသာမက အာဏာရှင်ဟောင်း သမဂ္ဂမှ အာဏာရှင် ဟောင်းများ ရသင့်ရထိုက်သော အပြစ်ဒဏ် အ၀၀ကို တရားမျှတစွာ အပြည့်အ၀ရရှိစေရန် တောင်းဆိုတိုက်ပွဲဝင်ပြီး အပြည့်အ၀ ရရှိခံစားရ အံ့။

ဝန်ထမ်းများနှင့် အစိုးရမင်းများသည် ပြည်သူ့ကျွေးတာစားပြီး ပြည်သူ့ဝန်ကိုသာ ထမ်းဆောင်ကြတော့အံ့။ ပြည်သူသာ အမိအဘမှန် အမြင် မှန်ရအံ့။ တိုင်းပြည်အတွင်းတွင် သဘာဝ သံယံဇာတများ ရှေးကထက် ပိုမိုပေါကြွယ်အံ့။ တိုင်းသူပြည်သားများအားလုံး လှဲနေလှေအောင်း မြင်းဇောင်းမကျန် စားဝတ်နေရေး ချောင်လည်ဖူလုံအံ့။ ဆန်ရေစပါး ပေါများအံ့။ မြစ်ချောင်းများ ဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးအံ့။ သူတပါးတိုင်းပြည်မှ သံယံဇာတများကို မလိုလောဘတက်သူများ ကပ်ဆိုးကျရောက်အံ့။ ထို မသမာသူများဘေးမှ ကင်းလွတ်ကုန်သဖြင့် တတိုင်းပြည်လုံး လျှပ်စစ်မီးကို ဖရီးသုံးရအံ့။ မီတာထိန်းသိမ်းစောင့်ရှောက်ခဆိုသည့် မတရားကောက်ခံငွေများ ပေးရန်မလိုတော့အံ့။ လျှပ်စစ်မီးများလည်း (၁၅) မိနစ်တခါ ပြတ်တောက် ပြတ်တောက်မဖြစ်ရှာပဲ (၂၄) နာရီလုံးလုံး မျက်လုံးကျိမ်းသည်အထိ ထိထိန်ငြီးအံ့။ အင် တာနက်လိုင်းများ ဖလမ်း ဖလမ်းထအောင် မြန်ဆန်အံ့။ သတင်းမီဒီယာလုပ်ငန်းများ ကြီးပွားတိုးတက်အံ့။ ပလီပလာ မီဒီယာဥပဒေကြီး သားလျောအံ့။ မီဒီယာသမားများ တရားစွဲခံရမှု နည်းပါးအံ့။ သတင်းမီဒီယာဆု၊ ဘာဆု ညာဆု သူ့နယ်ပယ်နှင့်သူ ပေးသည့်ဆုများကို ပုပုကွကွက မလိုတိုရှည် ဆင်ဆာဖြတ်ခြင်းများ ကင်းဝေးအံ့။ ပွင့်လင်းသော လူ့အဖွဲ့အစည်းများအား ကောင်းလာအံ့။ ကောင်းကျိုးအထွေထွေ နှင့် ဒေါင်းအိုးဝေသံများ တွန်ကျူး ကြွေးသီနိုင်အံ့။

အီ ..တနှစ်တာအတွင်း ပြည်သူအများ ရှောင်ရန်ကား အကြောက်တရားနှင့် တရားမမျှတမှု၊ ပြည်သူများ ဆောင်ရန်ကား သတ္တိနှင့် အမှန်တရားကို ချစ်မြတ်နိုးကာကွယ်စောင့်ရှောက်မှု၊

အီကား … ၁၃၇၄ ခုနှစ်အတွက် မိုးမခ သင်္ကြန်စာအလိုတည်း ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

2 thoughts on “မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွက်..မိုးမခ မဟာသင်္ကြန်စာ
  1. ဒီနှစ်မိုးမခ သင်ကြန်စာ ကို တတိုင်းတပြည်လုံး ဖတ်ရရင်တော့ သိပ်ပျော်ကြမှာဘဲဗျို. ဒီနှစ်မိုးလေ၀သကောင်းပြီး တိုင်းပြည်ကြီး စည်ပင်ဝပြောဦးမှာ မြင်ယောင်မိသေးတော့။

  2. It’s really hilirious!! I don’t know those what you have predicted will come true, but for the time being, it’s really amusing which makes us laugh….Thanks for a good satire which is a humour as well!!!

Comments are closed.