ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

Baby Only
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၃၊ ၂၀၁၃

ကမ္ဘာမြေပြင်ပေါ်သို့ လူ့ဘဝအဖြစ် ရောက်ရှိလာခဲ့ပြီး မည်သည့်နေ့၊ မည်သည့်ရက်၊ မည်သည့် အချိန်၊ မည်သည့်အသက်အရွယ်တွင် ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွါသွားရမည်ကို မည်သူတစ်ဦးတစ် ယောက်မှ မသိရှိနိုင်ပေ။ အချို့သည် လူ့ဘဝသက်တမ်းအား သက်တမ်းစေ့နေသွားနိုင်ခဲ့သလို အချို့သော သူတို့သည် ကျန်းမာရေး ချို့ယွင်းမှုကြောင့်၎င်း၊ ပြင်ပ ပယောဂတစ်ခုကြောင့်၎င်း၊ သက်တမ်းစေ့ မနေနိုင်ခဲ့ ကြချေ။ သက်တမ်းစေ့ နေနိုင်ခဲ့သော်ငြားလည်း ယခုကဲ့သို့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော စီးပွားရေးကပ်၊ နိုင်ငံရေးကပ်၊ ကျန်းမာရေးကပ်၊ သဘာဝဘေးကပ်၊ စစ်ဘေးကပ် အစရှိသည့် ကပ်အမျိုးမျိုးတို့ကြားမှ ဘဝ ရပ်တည်မှုကို ပြုလုပ်နေကြရသော လူသားများစွာတို့သည် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော အကုသိုလ်စိတ်အလျဉ်တို့ လွှမ်းခြုံမှုကို ခံနေခဲ့ကြရကာ ဘဝကူးပြောင်း သေဆုံးမှုများကို ရင်ဆိုင်ကြုံတွေ့ နေရသည်။

အကုသိုလ်စိတ်တို့ ဖုံးလွှမ်းခြင်းခံနေရသော လူ့လောကကြီးမှ ထွက်ခွါသွားရသူများထဲတွင် ကုသိုလ်အရှိန်အဟုန်အား တည်ဆောက်၍ ထွက်ခွါသွားသော သူတော်ကောင်းအပေါင်းတို့သည်လည်း ရှိနေဆဲပင်ဖြစ်သည်။ ထိုသို့ အကုသိုလ်လုပ်ရပ်များကို ကျင့်သုံးနေကြရသော အတ္တသမားများ၊ ကုသိုလ် အလုပ်ကို ကျင့်သုံးလိုက်နာကြသော ပရဟိတသမားများအပြင် ကုသိုလ်ရေးနှင့် အကုသိုလ်ရေးကိစ္စနှစ်ရပ် စလုံးထဲမှ မည်သည့်လုပ်ရပ်များမှ မလုပ်ဘဲ(မလုပ်ရဘဲ) ကမ္ဘာမြေပြင်မှ ထွက်ခွါသွားသူများလည်းရှိသည်။ ထိုသို့သော လူသားများသည်ကား မိခင်ဝမ်းတွင်းမှ လူ့လောကသို့ ရောက်ရှိခါစ ရက်သားအရွယ်၊ လသား အရွယ်၊ ကလေးသူငယ်များပင်ဖြစ်လေသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဘဝတစ်ပါးသို့ ပြောင်းလဲသွားကြသော ဆရာတော်၊ သံဃာတော်များ၊ လူမျိုးဘာသာ ဆင်းရဲချမ်းသာ ကြီးငယ်မရွေးတို့၏ ရုပ်အလောင်းများအား နာရေးရှင်တို့၏ အပူမီးကို ငြိမ်းအေးစေလိုသော စိတ်ဆန္ဒဖြင့် အခမဲ့ပို့ဆောင် သင်္ဂြိုလ်ပေးနေသော ပရ ဟိတအဖွဲ့ဖြစ်ပေသည်။ ယခင်ကာလများတွင် ကမ္ဘာမြေပြင်မှ ထွက်ခွါသွားသူများထဲမှ ရက်သား၊ လသား ကလေးသူငယ်များအားလည်း ကျွန်တော်တို့၌ရှိသော နိဗ္ဗာန်ယာဉ်မော်တော်ကားများ၊ အလူမီနီယံ မှန် ခေါင်းများ စသည်တို့ဖြင့် ပို့ဆောင်သင်္ဂြိုလ်ပေးမှုကိုပြုခဲ့သည်။ ထိုစဉ်အခါက ရက်သား၊ လသား (၂) နှစ်၊ (၃) နှစ်အရွယ် ကလေးငယ်များ၏ ရုပ်အလောင်းများသည် ကျွန်တော်တို့ သယ်ယူပို့ဆောင်ပေးနေသော နိဗ္ဗာန်ယာဉ်ကြီးများတွင်ရှိသော အလူမီနီယမ်အခေါင်းထဲတွင် (စကောဝိုင်းထဲတွင် လူးလိမ့်နေသော ဇီးဖြူ သီးလေးများပမာ) လူးလိမ့်ရွေ့လျားနေရမှုကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် လူ့ လောကထဲသို့ ရောက်ရှိလာပြီး မကောင်းမှုအကုသိုလ် အလုပ်များကို လုံးဝမလုပ်ဆောင်ဘဲနှင့် အသက် ဆုံးရှုံးသွားခဲ့ရရှာသော အပြစ်မဲ့ကလေးငယ်များ၏ နာရေးကိစ္စကို အကောင်းမွန်ဆုံး အသင့်တော်ဆုံး ဖြစ်အောင် နာရေးပို့ဆောင် သင်္ဂြိုလ်ပေးမှု အစီအစဉ်အသစ်အား ကျွန်တော်တို့ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတော့သည်။

၂ဝ၁၃ခုနှစ်၊ ဧပြီလ (၃) ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် အေးမြသာယာလမ်း၊ လေး ထောင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်လှိုင်၏ ရင်သွေးငယ်လေးဖြစ်သူ Baby မောင်ကြည်ကြည်လှိုင် အသက် (၂) ရက်အား ရန်ကင်းကလေးဆေးရုံကြီးတွင် ဆုံးပါးသွားကြောင်း ဆက်သွယ်အကြောင်းကြားလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူနှင့် အသင်းသား/သူများတို့သည် အသင်းမှ ဝယ်ယူတင်သွင်းထားသော Toyota Carina (စက်ရုပ်ကား)ဖြင့် သွားရောက်၍ သယ်ဆောင်ပေးခဲ့ကာ ရေဝေးသုဿန်တွင် အေးချမ်းစွာဖြင့် သင်္ဂြိုလ်ပေးခြင်း ကုသိုလ် ကောင်းမှုအား လုပ်ဆောင်ပေးခဲ့သည်။ မိခင်ဖြစ်သူမှာ Baby မောင်ကြည်ကြည်လှိုင်အား ခွဲစိပ်မွေးဖွား ပြီးသော အချိန်ကာလ (၂) ရက်သာရှိသေးသည့်အတွက် ဆေးရုံမှ ဆင်းခွင့်မရရှိသေးပေ။ ကလေးငယ်၏ ဖခင်ဖြစ်သူမှာလည်း ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်အား မောင်းနှင်ပြေးဆွဲပေးနေရသဖြင့် သား ငယ်လေး၏ နောက်ဆုံးခရီး ဈာပနအခမ်းအနားအား လိုက်ပါပို့ဆောင်ခွင့် မရရှိခဲ့ပေ။ ဦးလေးဖြစ်သူ တစ်ဦး တည်းသာ ယင်းဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင် ပေးခဲ့ရလေသည်။ မည်သို့ပင်ဖြစ်စေကာမှု နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ Toyota Carina (စက်ရုပ်ကား)အသစ်အား နောက်ခန်းထိုင်ခုံအား အလောင်း တင်နိုင်ရန် အဆင့်မြှင့် ပြုပြင်မွမ်းမံကာ အပြစ်မဲ့သော ကလေးသူငယ်များအတွက် မေတ္တာ၊ ကရုဏာ၊ အကြင်နာတို့ကို လက်ကိုင်ပြု၍ ကုသိုလ်ယူပေးဆပ်ခွင့် ရရှိခဲ့သည့်အတွက် များစွာပီတိ ဖြစ်ခဲ့ရပါတော့ သည်။ ဘဝတစ်ပါးသို့ ကူးပြောင်းသွားရှာသော Baby မောင်ကြည်ကြည်လှိုင်အား ကျွန်တော်တို့ သွား ရောက်၍ ရန်ကင်းကလေးဆေးရုံကြီး၏ ရေခဲတိုက်ထဲမှ သယ်ဆောင်ခဲ့စဉ်က အပြစ်ကင်းစင်သော ကလေး ငယ်လေး၏ မျက်နှာသည် ကျေနပ်ပီတိဖြစ်ကာ ပြုံးယောင်သန်းနေသည်ကို မထင်မှတ်ဘဲ တွေ့မြင်ခဲ့ရ လေသည်။
ကွယ်လွန်သွားရှာသော ကလေးငယ်လေး၏ မျက်နှာသည်လည်း လုံးဝ . . . အပြစ်ကင်းစင်လျှက်ရှိသည်။
သဘာဝတရားကြီးသည်လည်း . . . အပြစ်ကင်းစင်လျှက်ရှိသည်။
ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း . . . အပြစ်ကင်းစင်လျှက်ရှိသည်။
ကျွန်တော်တို့၏ လက်စွဲတော် နိဗ္ဗာန်ယာဉ်အသစ်ကလေး (Baby Only) သည်လည်း . . . အပြစ် ကင်းစင်လျှက်ရှိသည်။
ကပ်ဘေးအမျိုးမျိုး ကြုံတွေ့ရင်ဆိုင်နေကြရသော ကမ္ဘာလောကကြီးထဲရှိ လူသားများ အပြစ်ကင်းစင်ဖို့ ကျင့်ကြံအားထုတ် နေထိုင်သွားဖို့သာ လိုအပ်ပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts