မှတ်စုမှတ်တမ်း

မှော်ရုံဟေဝန် … တောမြိုင်စွန်

သိန်းသန်းဦး (၁၉၇၄၊ ၇၅၊ ၇၆၊ တိုက်ပွဲဝင်ရဲဘော်ဟောင်း)
မတ်လ ၂၄၊ ၂၀၁၂

ဝေးလံသောအရပ်မှ ရေစီးသံလို အသံသဲ့သဲ့ ကြားနေရသည်။ ပတ်ဝန်းကျင်တခုလုံးက ညဖြစ်လေသလားမသိ မှောင်မှောင်မဲမဲ။ အရင်း တုန်းကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီးများနှင့် တော၏အလယ်ခေါင်တွင် ကျနော်ရောက်နေသည် ထင်သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ်။ ကြည့်လေရာ ခြာခြာလည်။ ထိုပင်အုပ်ထိပ်ဖျားလွတ်ရာနေရာတွင် ကောင်းကင်ကို မှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တပွင့် လတစင်းမရှိ။ ဟိုးကောင်းကင်မှ နှင်းစက်လား မိုးစက်လားမသိ ရေစက်များက ခြောက်သွေ့တင်းမာနေသော ကျနော့်နှုတ် ခမ်းထက်သို့ ကျလာသည်။

ရေစက်များ၏အတွေ့က အေးမြစူးရှစွာ ကျနော့်မနောအာရုံထဲ ထိုးဖောက်ဝင်လာသည်။ ရေစီးသံသဲ့သဲ့က ခေါ်သံအဖြစ် တဖြေးဖြေးပီပြင် ကျယ်လောင်လာသည်။

ညီလေး . . . ညီလေး . . .

ကျနော့် မျက်လုံးအစုံပွင့်လာသည်။ ကျနော်က ဖျာတချပ်ပေါ်တွင် လဲလျောင်းအိပ်စက်နေပြီး ကျနော့်ဘေးတွင် စိုးရိမ်သောမျက်နှာများဖြင့် ဝိုင်းပြုစုနေသူ (၄) ဦး။ ထိုသူများမှာ ကိုမောင်စိန်၊ ကိုမြအေး၊ ဦးအောင်နုနှင့် ဦးစောတို့ဖြစ်ကြသည်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း၊ တောက်ပ ပြူးကျယ်သော မျက်လုံးကောင်းကောင်း၊ မျက်ခုံးကောင်းကောင်းနှင့် ကိုစိန်က ကျနော့်နဖူးနှင့် နှုတ်ခမ်း များပေါ်သို့ ရေပတ်တင်ပေးနေသည်။ ကျနော် သတိကောင်းကောင်းရလာပြီး။ ကျနော်သည် အင်းစိန်ထောင် အမှတ် (၂) ကြိုးတိုက်ထဲတွင် မစင်တိုက် (ခေါ်) လောက်တိုက်၊ တိုက်ပိတ်ပြစ်ဒဏ်ဖြင့် ရောက်ရှိရင်း ခြစ်ခြစ်တောက်အဖျားသွေးတက်ကာ သတိလစ်သွားတာ မဟုတ်ပါလား။ အချိန်က ၁၉၇၉ ခုနှစ် မေလ၊ ရက်အတိအကျတော့ မမှတ်မိတော့ . . .

ထိုအချိန်က ကျနော်သည် တက္ကသိုလ်ကျောင်းသားလူငယ်တဦးအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရာပြည့်ကျောင်းသားလှုပ်ရှားမှုများ တွင် ပါဝင်ရင်း အင်းစိန်ထောင်တွင် ထောင်ဒဏ် (၇) နှစ် ကျခံနေရချိန်ဖြစ်သည်။ ကိုစိန် (ခ) ကိုမောင်စိန်မှာ စစ်တောင်းစက္ကူစက်အင်ဂျင် နီယာတဦးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီလိုလားသူ၊ ပါတီနှင့်အဆက်အသွယ်ရှိသူအစုများက ထုတ်ဝေသော “မီးမောင်း” စာစောင် ဖြန့်ချီရာတွင် ခေါင်းဆောင်တဦးအဖြစ်ပါဝင်ရင်း အလုပ်နှင့်ထောင်ဒဏ် (၉) နှစ် ချမှတ်ခြင်းခံရသူဖြစ်သည်။ ကိုမြအေးမှာ ရ.က.သ ကျောင်း သားတဦးဖြစ်ပြီး ကိုးကိုးကျွန်းတွင် ကိုယ်ထူကိုယ်ထစနစ်ဖျက်သိမ်းရေး၊ ကျွန်းတိုက်ပွဲများတွင် ဖြတ်သန်းခဲ့သူဖြစ်သည်။ သူသည်လည်း “မီး မောင်း” ခေါင်းဆောင်တဦးအဖြစ် ထောင်ဒဏ် (၉) နှစ် ချမှတ်ခံရသူဖြစ်သည်။ ဦးစောနှင့်ဦးအောင်နုတို့မှာ သမိုင်းချည်စက်မှ အလုပ်သမား ကြီးများဖြစ်ကြပြီး ၁၉၇၄ အလုပ်သမားအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၄) နှစ် ချမှတ်ခံရသူများဖြစ်ကြ ပါသည်။ ကျနော်တို့အားလုံး ပြစ်ဒဏ်တိုက်ပိတ်များအဖြစ် အမှတ် (၂) ကြိုးတိုက်၊ ရင်ကွဲတိုက်တွင် ထောင်အခေါ် လောက်တိုက် (သို့မဟုတ်) မစင်တိုက်ပိတ်ပြစ်ဒဏ်ဖြင့် ရောက်ရှိနေကြသူများဖြစ်ပါသည်။ သွားလေသူ ကိုစိန်နှင့် ကျနော်တို့ အတူဖြတ်သန်းခဲ့ရသည့် ထိုကြမ်းတမ်း ခက်ထန်သောပြစ်ဒဏ် တိုက်ပိတ်အဖြစ်စုံကား ဤသို့လျင် အစပျိုးခဲ့ပါသည်။
. . .
၁၉၇၆ သြဂုတ်လတွင် ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ် (၂) မှ ကျနော့်အား ၁၉၅၀ ပြည့်နှစ် အရေားပေါ်စီမံမှု အက်ဥပဒေ ၅ (ည) အရ အလုပ် နှင့်ထောင်ဒဏ် (၇) နှစ် ချမှတ်ပြီး၊ တလ နှစ်လခန့်အကြာတွင် စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီး စစ်ခုံရုံးများကိုလည်းဖျက်သိမ်းလိုက်သည်။ ၁၉၇၇ ခုနှစ်တွင် ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာသောအချိန်တွင်ကား ဖိနှိပ်ချုပ်ခြယ်မှုများ အရှိန်တိုးမြှင့်လာတော့သည် စစ်အာဏာ ရှင်များသည် ‘နိုင်ငံရေးအကျဉ်းသား’ ဆိုသည်ကို အလွန်ရွံမုန်းသည်။ အကြောင်းမူ ဤသူများက မျက်မွှေးထော်မော်မကြည့်ဝံ့သူ ပြားပြားဝပ် ပြည်သူများကို လှုံ့ဆော်၍ သူတို့ကို တော်လှန်ပုန်ကန်ရဲကြသူများဖြစ်နေ၍ပင်။ ထို့ကြောင့် ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီးဖြစ်သည်နှင့် ၅ (ည) အကျဉ်းသားများကို လူသတ်ဓားပြများ၊ မုဒိန်းကောင်များ ဦးစီးစေ၍ ဝင်ရောက်ရိုက်နှက်ပြီး လူစုခွဲပစ်သည်။ ခုခံသူ အာခံသူများကို တိုက်ပိတ်သည်။ နိုင်ငံရေးအကျဉ်းသားများကို (၁၀) ယောက်တစု၊ ၅ယောက်တစု၊ ရာဇဝတ်ဆောင်ဟုခေါ်သော သာမန်ပြစ်မှုအကျဉ်းသား အဆောင်များကို ရွှေ့ပစ်ပြီး ကိုလိုနီနယ်ချဲ့သမား၏လက်သုံး “ပုံစံ” ပြသည်။ သွား ပုံစံ၊ စား ပုံစံ၊ ထိုင် ပုံစံ၊ အိပ် ပုံစံဖြင့် လူ့ဂုဏ်သိက္ခာညှိုးနွမ်း ပျက်ပြားစေသောဖိနှိပ်ချုပ်ခြယ်မှုများကို ပြန်အသက်သွင်းသည်။ ကျောင်းသားများကို ပုံစံကိုင်ရာတွင် စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုမြင့်ဦး (ရေနံချောင်း) မှာ အပေါ်သွားနှစ်ချာင်း ကျိုးသွားပြီး၊ ရှေနေဦးကျော်လင်းမှာ နံရိုးနှစ်ချောင်း ကျိုးခဲ့ရသည်။ ဤဒဏ်ချက်များကြောင့် ဦးကျော်လင်းမှာ ၂၀၁၁ ခုနှစ်တွင် မျက်လုံးတဖက် ကွယ်လုနီးပါးဘဝရောက်ခဲ့ရသည်။ ပုံစံကိုင်သည့် ဒဏ်ရာဒဏ်ချက်များကြောင့် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာဦးသန်းရွှေ (ရခိုင်ပြည် ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သူ) ထောင်တွင်းတွင် ကွယ်လွန်ခဲ့ရသည်။

ဤအခြေအနေဆိုးများကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ဖြတ်သန်းရင်း ထောင်ကျနိုင်ငံရေးအကျဉ်းသားများက မိမိတို့အချင်းချင်း ‘စားအိုးတွဲ’ ကာ လူပြန်စုကြသည်။ ကိုစိန်နှင့်ကျနော်တို့ ပြဿနာဖြစ်လုနီးတွင် ရောက်ရှိစုရုံးမိသည်မှာ အဆောင် (၅) ထောင်ကျဆောင်ဖြစ်သည်။ အ ဆောင်မှုးမှာ ထောင်မှူးကြီး ဦးဘိုနီနှင့် ထောက်လှမ်းရေးအကူ တပ် (ဗ.ဆ.လ) မှ တပ်ကြပ်ကြီး စောမောင်စိန်ဖြစ်သည်။ ကျနော့်တို့အ ဆောင်ရှိ ၁၉၇၄၊ ၁၉၇၅ အလုပ်သမားသပိတ်ကြီးမှ အလုပ်သမားရဲဘော်များအားလုံး၊ ၅ (ည) ကျောင်း သားများအားလုံး မီးမောင်းစာစောင်မှ ရဲဘော်အချို့နှင့် မတရားသင်း ပုဒ်မ-၁၇(၁)/(၂) အားလုံး စုစုပေါင်းလူ (၄၀) ခန့် စားအိုးတွဲထားကြသည်။ နိုင်ငံရေးအကျဉ်းသားများထဲမှ ကျနော်တို့နှင့် စားအိုးမတွဲသူမှာ ‘အလံနီ’ အုပ်စု (၃) ဦးသာဖြစ်သည်။ ၎င်းတို့မှာ ကိုမြင့်စိုး (ယခု စာရေးဆရာ မောင်သွေးချွန်)၊ အောင်မြင်သောင်း (အင်းစိန် ဂျီတီအိုင် သပိတ်မှောက်ကျောင်းသား ပခုက္ကူ) နှင့် အလုပ်သမား ကိုနေဝင်း (ခ) သက်ပြင်းတို့ဖြစ်ကြပါသည်။ ကျနော်တို့ စားအိုးတွဲရာတွင် အလုပ်သမားရဲဘော်ကြီးများက “အလုပ်ကြီး” ဟုခေါ်သော လက်သမား ဘုတ်၊ လွှစက်၊ ပန်းရံဘုတ်၊ ယက်ကန်း စသည့် ထောင်အလုပ်ဌါနများတွင် အလုပ်လုပ်ကြရသည်။

ကျနော်တို့ ၅ (ည) ကျောင်းသားများနှင့် မီးမောင်းရဲဘော်များကို ထောင်အာဏာပိုင်များက တရားဝင်အလုပ်မချဘဲ အခန်းသန့်ရှင်းရေးအဖြစ် စာရင်းထည့်ထားပေးသည်။ အချိန်မကျသေး၍ ပြဿနာကို ရှောင်ထားခြင်းသာဖြစ်သည်။ ၁၉၇၉ မတ်လ (၁၅) ရက်နေ့တွင်ကား ထောင်ပိုင် ကြီး မက္ကနားကိုယ်တိုင်ရောက်ရှိလာပြီး ကျနော်တို့ ကျောင်းသားများနှင့်မီးမောင်းရဲဘော်များကို အလုပ်ဌါနများသို့ အသီးသီးခွဲဝေချတား သည်။ ကျနော်တို့က ကျန်းမာရေးအကြောင်းပြပြီး ငြင်းဆန်သော်လည်း အလုပ်ကြီးသို့ လိုက်သာသွားပါ ရွေဘော်တချက်မထိုး အမှိုက်တပင် မလှဲစေရဟု တာဝန်ခံသဖြင့် ကျနော်တို့အများစုက ဘဝတူအကျဉ်းသားများကို စည်းရုံး၍။ အကြောင်းအချက်ခိုင်လုံရမည်။ အကန့်အသတ်ရှိရ မည်။ အကျိုးအမြတ်ရှိရမည် ဟူသော ‘အ’ သုံးလုံးပေါ်လစီအရ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပါသွားခဲ့ကြပါသည်။

အလုပ်ကြီးတွင် လေ့လာရေးအစုများဖွဲ့ကာ မတ်ဝါဒလေ့လာခြင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ မတရားဖိနှိပ်ချုပ်ခြယ်မှုများကို စံနစ်တကျတုံ့ပြန်ခြင်းများ ပြုလုပ်လာသောအခါတွင်ကား ထောင်အာဏာပိုင်များက ကျနော်တို့ကို အထွေထွေထောင်သပိတ်ကြီးထရန် လှုံ့ဆော်သည်ဟူသောစွဲချက်ဖြင့် ထောင်တွင်းမှာပင် ညအချိန်အိပ်ဆောင်များသို့ မီးမှိတ်ဝင်ရောက်ကာ ဖမ်းဆီးကြပါတော့သည်။ အလုပ် ကြီးတွင် (၃၂) ထောင်အဓိကရုန်းဖြိုတပ်မှ လက်မရွံ့များ၊ ထောက်လှမ်းရေးများဖြင့် ကျနော်တို့ကို ရိုက်နှက်ခြင်း၊ မျက်နှာအဝတ်အုပ်ရေ လောင်းခြင်း၊ ဂုံနီအိတ်ထဲထည့်ကာ၊ စားပွဲပေါ်မှကန်ချခြင်း၊ မြေကြီးပေါ်တွင် ဒရွက်တိုက်ဆွဲခြင်း စသဖြင့် နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်ကာ၊ စုန်းရှာပွဲများပြုလုပ်ကြပါသည်။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ထောင်တွင်း ပါတီကလာပ်စည်းများဖြစ်သည်ဟု မသင်္ကာသူများကို ရွေးထုတ်ကာ ကြိုးတိုက်တွင် တိုက်ပိတ်ပါတော့သည်။ ကျနော်တို့၏ပြင်ပဆက်သွယ်ရေးတာဝန်ခံဟု စွပ်စွဲခံရသူမှာ မကြာခင်ကမှ လွတ် မြောက်သွားသည့် ဦးသန့်ဈာပနကော်မတီဝင် ရန်ကုန်တက္ကသိုလ် စိတ်ပညာအဓိက ကျောင်းသားစောလှငွေ (ယခု KNU Spokesman ဗိုလ်မှုးစောလှငွေ) ဖြစ်ပါသည်။ သို့ဖြင့် ကျနော်နှင့် ကိုစိန်သည် အမှတ် (၂) ကြိုးတိုက် မစင်တိုက် (ခ) လောက်တိုက် ပြစ်ဒဏ်သို့ အတူတကွ ရောက်ရှိခဲ့ကြခြင်းဖြစ်ပါသည်။
. . .
မစင်တိုက်ဟုခေါ်ရခြင်းမှာ ကျနော်တို့တိုက်ခန်းထဲတွင် အခင်းကြီးအခင်းလေးသွားရန် ဂန်ဖလားထားမပေးဘဲ အခန်းဒေါင့်တွင် ‘သဲ’ ပုံပေး ထားခြင်းဖြစ်ပါသည်။ ထိုသဲပုံပေါ်တွင် တိရစ္ဆာန်များသဖွယ် အခင်းကြီးအခင်းလေးသွားရသဖြင့် . . ရက်ကြာလာသောအခါ ‘လောက်’ များ ပေါက်ဖွားလာပြီး . . အခန်းအနှံ့တရွရွတွားသွားကာ မင်းမူနေကြသဖြင့် ‘လောက်တိုက်’ ဟုခေါ်ခြင်းဖြစ်ပါသည်။ တိုက်ပိတ်ချိန်တွင် အဝတ် တထည်ကိုယ်တခုဖြင့် ‘စစ်ကြောရေး’မှ သွေးသံတရဲရဲခေါ်လာကာ စီးစရာဖိနပ်ပင်မပေးဘဲ ထိုးကြိတ်ရိုက်နှက်ကန်ကြောက်ကာ တိုက်ပိတ် ခြင်းဖြစ်ပါသည်။ အခန်းဝသံတံခါးကို ဖျာကာထားသည်။ မျက်နှာခြင်းဆိုင်အခန်းတွင် မီးမောင်ရဲဘော်များဖြစ်သော ကိုဗေဒါ၊ ကိုအေးကြည်နှင့် စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျောင်အောင်ရှိသည်။ ကျနော်တို့၏အခြားဘက်တွင် ကြိုးသမားများရှိသည်။

. . .
“ကဲကဲ လုပ် ညီလေး လဖက်ရည်ကျစိမ့်လေးနဲ့ အလန်ကွာတာမိန်းတပုဒ်လောက်” ကိုစိန်က ဖျာကာထားသော သံတံခါးကိုကျောမှီရင်း အ ပြင်မှ မီးရောင်ကြောင့် အနည်းငယ်ရောင်ပြန်ကာ ခပ်မှိန်မှိန်ဖျော့ဖျော့ လင်းနေသောအခန်းတွင်း ‘လောက်’ နှိမ်နှင်းရေးလုပ်နေသော ကျနော့် ကို လှမ်းပြောသည်။ လောက်တိုက်ပိတ်ပြီး တလခန့်အကြာတွင် ညတာဝန်ကျ ဝါဒါလေးတဦး ကျနော့်အမည်ကို စုံစမ်း၍ရောက်လာသည်။ ကလေးမြို့သားဖြစ်ပြီး မန်းတက္ကသိုလ်မှဖြစ်ကာ ကိုသန်းဝင်းလား ကိုအောင်ဝင်းလား နာမည်ကိုတော့ အတိအကျမမှတ်မိတော့။ သူက စားစရာတချို့နှင့် စာတိုလေးတစောင်ယူလာသည်။ အဆောင်မှ ကျနော်၏အကိုသဖွယ်ဖြစ်သည့် မန္တလေးသား စာရေးဆရာမောင်ဖေငယ် (ကိုတင်ဖေ)က လျှို့ဝှက်ပေးပို့လိုက်ခြင်းဖြစ်သည်။ စာအရဝါဒါလေးမှာ တက္ကသိုလ်စာပေးစာယူ သင်တန်းတက်နေသူဖြစ်၍ ၎င်းအား အင်္ဂ လိပ်စာသင်ပေးရန် အင်္ဂလိပ်စာစာစဉ်များဖြေပေးရန်ဖြစ်သည်။ ဤတွင် ကျနော်တို့၏ ဆက်သွယ်ရေးလမ်းကြောင်းပွင့်သွားပြီး လျှို့ဝှက်လမ်း ကြောင်းမှ စားစရာနှင့် အခြားလိုအပ်သော ဆေးဝါးများရလာသည်။ ဦးစွာ ဖိနပ်စုတ်တဖက်တောင်းပြီး လောက်များကို နေ့စဉ် သုတ်သင်ရ သည်။ ညရောက်လျင် တဦးဘဝတဦးအကြောင်းပြောကြ၊ တဦးရင်ကို တဦးဖြတ်သန်းကြ ကျနော်က မုဆိုးကြီး အလန်ကွာတာမိန်း၏ စွန်း စားခန်းဝတ္ထုများကိုပြောပြဖြင့် အချိန်ဖြုန်းကြသည်။ နေ့ခင်းပိုင်းတွင် ကိုစိန်က ကျနော့်ကို တရုပ်အပ်စိုက် (Arcupuncture) သင်ပေးသည်။

ကိုစိန်မှာ စစ်တောင်းစက္ကူစက်တွင် အလုပ်လုပ်ရင်း တရုတ်ပြည်သို့ ပညာတော်သင်သွားရာမှ အပ်စိုက်ပညာကို စိတ်ဝင်စားပြီး မြန်မာပြည် ပြန်ရောက်တော့ ကိုမောင်လှိုင်ဟူသည့် ရဲဘော်တဦးထံမှ အပ်စိုက်ပညာ တတ်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် ရီစရာကောင်းသည်မှာ မီးမောင်းစာစောင်ကိစ္စဖြင့် ကိုစိန်အဖမ်းခံရတော့ သတင်းစာများတွင် “ပီကင်းပြန်မောင်စိန်” ဟု ဓါတ်ပုံနှင့်တကွ ဖော်ပြခံရခြင်းပင်ဖြစ်သည်။ ကိုစိန်ပီကင်းရောက်သည်မှာ စက္ကူစက်ပညာတော်သင်အဖြစ် သွားခြင်းဖြစ်သည်။ ကိုစိန်မှာ စစ်ကွင်းဇာတိဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မက် ထရစ်အောင်ပြီး တက္ကသိုလ်ရောက်တော့ ဇူလိုင်(၇) ရက် အရေးတော်ပုံကြီးနှင့် ပက်ပင်းတိုးပါတော့သည်။ သို့နှင့်ပင် လုလင်ငယ်သွေး ကျောင်းသားလေး မောင်စိန်၏နှလုံးအိမ်အတွင်းဝယ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမျိုးစေ့များ အညွန့်အတက်ထွက်လာပါတော့သည်။ လုပ်ငန်းခွင်ထဲရောက်သောအခါ ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်ကလာပ်စည်းများနှင့်ဆက်သွယ်မိကာ ကွန်မြူနစ်တယောက် ဖြစ် လာပါသည်။

အခန်းထဲတွင် ကျနော်၊ ကိုစိန်နှင့် ကိုမြအေးတို့မှာ မတ်လီနင်ဝါဒ မော်အတွေးအခေါ်လက်ခံကာ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံသူများ ဖြစ်ကြသဖြင့် ပို၍ပို၍ နက်နက်ရှိုင်းရှိုင်း သံယောဇဉ်တွယ်လာခဲ့ကြပါ သည်။ ဖျာစကို ‘အပ်’ လုပ်လှည့်၍ လေ့ကျင့်ကာ အလုပ်သမားကြီးဦးစောက ခါးတောင်းကျိုက် အဝတ်ဗလာဖြင့် အပ်စိုက်ကွက်များကို သရုပ်ပြပေးသည်။ တနှစ်ကျော် တိုက်ပိတ်ပြစ်ဒဏ်မှ တိုက်ပြန်ဖွင့်တော့လည်း ကိုစိန်နှင့် ကျနော်မှာ (၅) ဆောင်ပြန်ရောက်ပြီး စားအိုးတွဲကြပြန်သည်။ ဒီတစ်ခါတော့ ထောင်အာဏာပိုင်များက ကျနော်တို့ကို အလုပ်မခိုင်း တော့ဘဲ ဘေးမဲ့ပေးထားလိုက်သည်။ ကျနော်တို့စားအိုးတွဲ (၄၀) ကျော်ခန့် ရေနွေးဘုတ်၊ ဈေးရောင်းဘုတ်၊ ပုတီးဘုတ်စသဖြင့် အလုပ်တာ ဝန်ခွဲစေကာ စားဝတ်နေရေးဖြေရှင်းပြီး လျှို့ဝှက်လေ့လာရေများလုပ်ကြသည်။

ကျနော်က အလုပ်သမားရဲဘော်များကို အင်္ဂလိပ်စာသင်ပေးပြီး ကိုစိန်နှင့် ကိုဝင်းမြင့် (တေးရေး ဝင်းမင်းထွေး) တို့က on practice (လက် တွေ့) ကို မြန်မာဘာသာပြန်ပေးသည်။ ဖ.ဆ.ပ.လ အစိုးရလက်ထက် ထောင်စာကြည့်တိုက်ဟောင်းမှ မတ်-အိန်ဂျယ် လက်ရွေးစင်ကျမ်း (၂) တွဲရရှိထားသဖြင့် ခိုးဝှက်လေ့လာကြသည်။ နေ့ခင်းပိုင်းများတွင် ကိုစိန်နှင့်ကျနော်တို့ ဗ.က.ပမြေအောက်အဖွဲ့များ တိုက်ခိုက်ခံရ ခြင်း နှင့်ပတ်သက် သင်္ခန်းစာများကို မကြာခဏ ထုတ်ယူဆွေးနွေးဖြစ်သည်။ နောင် ယူဂျီလုပ်သည့်အခါ ဆက်သွယ်ရမည့် ရဲဘော်များစာရင်းကို ပြုစုကြသည်။ ဤသို့ဖြင့် တိုက်ပွင့်အဆောင်ပြန်ရောက်ပြီး ၁ လကျော်ခန့်အကြာတွင် ၁၉၈၀ – မေ (၂၉) အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ကြီးဖြင့် ကျနော်တို့အားလုံး လွတ်မြောက်ခဲ့ကြပါတော့သည်။ ကိုစိန်နှင့် ထိုနောက်ပိုင်း ပြန်မဆုံဖြစ်သော် လည်း သူနှင့်ကျနော်သည် မြေ အောက်လှုပ်ရှားမှုများတွင် အလံတခုတည်းအောက်မှ ဆက်လက်လှုပ်ရှားနေကြခြင်း ဖြစ်မည်ကိုကား လုံးဝသံသယမဖြစ်ခဲ့ပေ။

၁၉၈၉ ခုနှစ် ၃ လပိုင်းခန့်တွင် ထောင်ကလွတ်ပြီးကတည်းက မဆုံဖြစ်တော့သော ကျနော်ရှိရာ မန္တလေးသို့ ကိုစိန်ရောက်လာသည်။ ထိုစဉ် က ကျနော်က မန္တလေးအခြေစိုက် အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုပါတီ (မ.န.တ) ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ဆောင်ရွက်နေချိန်ဖြစ်သည်။ နေ့ခင်း အစည်းအဝေးအပြီး ကိုစိန်ရောက်လာသဖြင့် သူ့ကိုအိမ်ခေါ်ကာ ညစာထမင်းကျွေးပြီး စကားတွေအများ ကြီးပြောဖြစ်သည်။

‘ကဲ ဒေါင်းဖြူကြီး ဘာဖြစ်လာပြန်ပလဲ။ ထုံးစံအတိုင်းဘဲလား ပြောပါဦး’
ကျနော်က ဆံပင်ဖြူသောသူ့ကို ခေါင်းဖြူကြီးဟု ချစ်စနိုးခေါ်သည်။ သူက ‘ကောင်လေး’ ဟုခေါ်သည်။

‘ဟုတ်တယ်၊ ကောင်လေးရ ထုံးစံတိုင်း ပေါက်ပြန်ပြီကွ။ ဒီတခါတော့ အဖမ်းမခံနိုင်ဘူး။ ငါ (L.A) လွတ်မြောက်နယ်မြေသွားတော့မယ်’
သူက .ဆေးတံဖွာရင်းပြန်ပြောသည်။

သူ့အပြောအရ မြစ်ဝကျွန်းပေါ် ယူဂျီပေါက်ရာတွင် သူလည်းပေါ်သွားပြီဟုဆိုသည်။ ဘယ်သွားမလဲမေးတော့ “ပါတီ (ဗ.က.ပ) ကို မသွား တော့ဘူးကွာ။ ငါ ကျောင်းသားတော်လှန်ရေးကို အလုပ်အကြွေးပြုမယ်။ မြောက်ပိုင်းအေဘီကို ဘဲသွားတော့မယ်”ဟု လှိုက်လှိုက် လှဲလှဲဖြေခဲ့သည်။

ဤသည်မှာ ဘဝတွင် ကိုစိန်နှင့်ကျနော် နောက်ဆုံးဆုံစည်းခဲ့ခြင်းဖြစ်သည်ဟု ထိုစဉ်ကမတွေးမိသေး။ ထို့နောက် သူ အင်းတော်ဘက်သို့ ထွက်သွားသည်။ သူ့ခမျာ သူအလုပ်အကြွေး ပြုချင်ရှာသော ကျောင်း သားတော်လှန်ရေးတွင် ခိုးဝှက်ဝင်ကာ တော်လှန်ရေး အရေခြုံထားသည့် အာဏါရူးတို့က သူ့အား သူ့တဘဝလုံးဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် အာဏာရှင်တို့၏ ဒေါက်တိုင်ထောက်လှမ်းရေး ဗိုလ်မှူးဟု လုပ်ကြံစွပ်စွဲကာ မသေမချင်း ရိုက်နှက်သတ်ဖြတ်ခဲ့ရလိမ့်မည်ဟု မျှော်လင့်ထားရှာမည် မဟုတ်ပေ။ သူအသတ်ခံရသည့် သတင်းကြားရစဉ်က ကျနော်သည် မန္တလေးနန်းတွင်းထောင်တွင်ရှိနေသဖြင့် တိတိကျကျမသိရဘဲ အသတ်ခံရသူ မြောက်ဥက္ကလာမှ ဦးစိန်ဆိုသည်မှာ ကျနော့်ရဲဘော် ကိုစိန်ဟု ကျနော် လုံးဝမထင်ခဲ့မိပေ။ မီးမောင်းရဲဘော်ဟောင်း ကိုဗေဒါနှင့်ဆုံတော့မှ ကိုစိန်၏ ရင်နင့်ကြေကွဲဖွယ် ဇာတ်လမ်းကို သိရှိရပါသည်။

၁၉၉၉ – ၂၀၀၀ တွင် အိုးဘိုထောင်၌ မြောက်ပိုင်း အေဘီရဲဘော်များ ဖြစ်ကြသော ထိန်လင်း (ခ) နာရီ၊ မိုးကျော်သူ (ခ) ဘိုဘို၊ ရာပြည့် (ခ) ခင်မောင်တင့်၊ မိုးဇော်ထွန်း၊ ကျော်ဆွေဝင်း (ခ) ဆံပြုတ်တို့နှင့် ဆုံစည်းရတော့ မှဤသွေးစွန်း မှတ်တမ်းများကိုထိတ်လန့်ခြောက်ခြားစွာသိရှိရပါတော့သည်။ ကိုထွန်းအောင်ကျော် (ဂျီတီအိုင်)၊ ကိုမြတ်ကိုကို (စိုက်ပျိုးရေး)၊ ကိုချိုကြီး (ခ) ဖရန်တီ၊ ကိုစိန်၊ ကျော်ဝေလေးတို့၏ နောက် ဆုံးနေ့များ လူမဆန်သော လူသတ်သမားတို့၏လှည့်ကွက်များကို နာကျည်းစွာသိရှိရပါတော့သည်။ ဤလူသတ်မှုများတွင် တိုက်ရိုက် တာဝန်ရှိသူများနှင့် သွယ်ဝိုက်တာဝန်ရှိသူအားလုံး ထိုက်သင့်သော ပြစ်ဒဏ်ကျခံစေရေးအတွက် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ရပါ ဦးမည်။

ကျနော့်မျက်စိထဲတွင် ‘အရောင်လွင့်နေသော ဂျင်းအင်္ကျီအပြာလက်ရှည်’၊ ပုဆိုးအဖြူခံ အပြာကွက်တောက်၊ ဆံပင်တခေါင်းလုံးဖွေးကာ၊ ဆေးတံခဲထားသည့် စူးရှတောက်ပသော မျက်လုံးအစုံပိုင်ရှင်၊ ထူထဲနက်မှောင်သော မျက်ခုံးမွှေးများဖြင့် အမြဲတမ်းပြုံးနေသည့် ကိုစိန်။ ကျနော်၏ အပ်စိုက်ပညာ လက်ဦးဆရာကိုစိန်။ ကျနော့်အား ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (ဘော်လ်ရှီဗင်) သမိုင်းအကျဉ်းချုပ်ကို အ ကြိမ်ကြိမ် ပြောပြဆွေးနွေးခဲ့သည့် ကိုစိန့်ကို မြင်ယောင်နေမိပါသည်။

‘လောက်တိုက်’ တွင် သူပြောပြခဲ့သည့် သူ့ဝတ္ထုလေး ‘နန်းရှေ့ချိုင့်စံ’ ကို အမှတ်ရနေမိပါသည်။ ကိုစိန်ကောင်းရာသုဂတိလားပါစေ . . .
အာဇာနည်များ ထာဝစဉ် ဥဒါန်းတွင်ရစ်ပါစေ . . .။

ကောင်းကင်(http://www.kaungkin.com) မှကူးယူဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မှော်ရုံဟေဝန် … တောမြိုင်စွန်

Comments are closed.