မိုးမခကို ပေးတဲ့စာ

MoeMaKa Reader – မိုးပျံတံတားတွေအတွက် သစ်ပင်ကြီးတွေကို စတေးမယ်

မိုးမခစာဖတ်သူ ရန်ကုန်၊ မတ် ၂၄၊ ၂၀၁၂

မိုးမခ၀ိုင်းတော်သားများ

စာရှည်ရှည်မရေးနိုင်ဘူး၊ တိုတိုပဲ ရေးလိုက်မယ်။ မိုးမခကာတွန်းဘောက်စ်က ဆရာတွေ ကာတွန်းဆွဲချင် ဆွဲပါ။

ရန်ကုန်မှာ မိုးပျံတံတားတွေ ဆောက်မယ်လို့ ပြောတယ်။ မိုးမပျံသေးခင် တံတားနဲ့ မလွတ်တဲ့ သစ်ပင်တွေကတော့ အရှင်းခံရတော့မယ်။ ခုတ်မိန့်ကျခံထားရတဲ့ အပင်တွေမှာ လိမ္မော်ရောင် လည်ပတ်တွေ စည်းထားတယ်။ သေမိန့်ကျတဲ့ အကျဉ်းသားတွေကို ခွဲထားသလိုမျိုး မြင်မိတယ်။

ရန်ကုန်မှာ နာဂစ်ကျတော့ သစ်ပင်တွေစတေးခံရတယ်။ မြို့အနာသက်သာတယ် ပြောကြတယ်။ အခု သစ်ပင်တွေဟာ မိုးမပျံသေးတဲ့ တိုင်းပြည်က မိုးပျံတံတားတွေအတွက် ဖြိုလဲခံရဦးမယ်။

ပြီးတော့ ဇာတ်နာအောင် ပြောရရင် စည်းစရာရှားလို့ လိမ္မော်ရောင် အ၀တ်တွေ စည်းထားတယ်။ သင်ကန်းစတွေ လိုပဲ စိတ်ထဲက မြင်နေမိပြန်တယ်။

မြန်မာပြည်ကြီး မိုးပျံနိုင်ပါစေ၊ မီးလာ၊ ရေလာပါစေ၊ စစ်မီးငြိမ်းပါစေ။

(ကွန်ပျူတာက ကြွက်နဲ့ ပုံဆွဲပေးလိုက်တယ်။ ဓာတ်ပုံရိုက်ပြီး ပို့ပြန်တော့လည်း အင်တာနက်နှေးတော့ ဓာတ်ပုံတွေက သစ်ပင်ခုတ်ပြီးမှ ဖိုင်ဘာဆက်ကြောင်းကို ရောက်မှာလေ။ မိုးမခအယ်ဒီတာအီးမေးဆီ ဓာတ်ပုံရောက်တဲ့အချိန်မှာ မိုးပျံတံတားဆိုပြီး ခိုးတဲ့ အစိုးရက နောက်တခါ ကြိုတင်မဲနဲ့ နိုင်နေလောက်ပြီ။ ပုံပဲ သေးသေးဆွဲပေးလိုက်တယ်နော်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts