ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မတ်လ ၂၄၊ ၂၀၁၂
၂၃.၃.၂၀၁၂ (သောကြာ)နေ့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြှောက်မည့် မဲထည့်ရသော နေ့တစ်နေ့ဖြစ်သည်။ နံနက် (၉း၃၀) နာရီအချိန်တွင် အစိုးရမဟုတ်သော အနုပညာသမားများသာပါဝင်သော NGO စစ်စစ်ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲသို့ ကျွန်တော်သွားရောက်ကာ ပထမဦးဆုံး အဓိကသရုပ်ဆောင်အလွှာအတွက် ဆန္ဒမဲဝင် ရောက်ပေးခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ဆန္ဒမဲပေးပြီးသည်နှင့်တပြိုင်နက် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၅၄) ရှိ အမေဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ နံနက် (၁၀း၃၀) နာရီမတိုင်မီ အရောက်သွားခဲ့ရသည်။ ကျွန်တော်တို့ခြံရှေ့သို့ရောက်ရှိပြီး မကြာမီ Townace မော်တော်ယာဉ် (၅) စီး ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့သည်။ ထို့နောက် အမေဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းသို့ဝင်ရောက်ခဲ့ကြသည်။ အမေ့အိမ် အတွင်း ဧည့်ခန်းဆောင်တွင် ခေတ္တနေရာယူနေစဉ်အတွင်း အမေ ဒေါ်အောင်ဆန်းစုကြည် ဧည့်ခန်းဆောင်အတွင်းသို့ ရောက်လာတော့သည်။ ကျွန်တော်သည် ကျွန်တော်နှင့်အတူပါလာသော ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးမိသားစုနှင့် အမေ့အား မိတ်ဆက်ပေးပြီးသည့်နောက် ဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်) သမီး ဒေါ်လှရီ (ရွှေစင်စင်္ကြာ မိသားစု) မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် အလှူငွေ သိန်းတစ်ထောင်ကျပ်တိတိအား အမေဒေါ်အောင်ဆန်းစုကြည်လက်ဝယ်သို့ လှူဒါန်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမေနှင့် အလှူရှင်မိသားစုဖြစ်သော ဦးသန်းမောင် (မော်ကွန်းဝင် ပထမအဆင့်) နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မော်လမြိုင်မြို့တွင် ဆုံတွေ့ခဲ့ ရပုံစသည့် ရှေးဟောင်းနှောင်းမြစ်များအား လွမ်းဆွတ်ဖွယ်ပြောကြားခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ကျွန်တော်မှ ဖိဖိစည်းစည် တာဝန် မယူပေးနိုင်မှုများကို ခွင့်လွှတ်နားလည်ပါရန် အမေ့အားပြောကြားခဲ့သည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း (ရန်ကုန်) မှတ်ပုံတင်ပြန် လည်ရရှိပြီဖြစ်ပါ၍ လူမှုရေးကိစ္စများအား ဆထပ်ထမ်းပိုး လုပ်ဆောင်နေရပါကြောင်း၊ အမေကလည်း သူသည်လည်း ရွေးကောက်ပွဲကာလ ဖြစ်နေသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားကိစ္စရပ်များအား ဖိဖိစည်းစည်းမလုပ်နိုင်သေးကြောင်း မကြာမီကာလတွင် ယင်းဇာတ် ကားအတွက် ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ အလှူရှင်မိသားစုများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြကာ ယခုလိုလှူဒါန်းမှုအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း အမေမှပြောကြားကာ အလှူရှင်မိ သားစုများနှင့်တကွ ကျွန်တော်တို့ အမေ့အားနှုတ်ဆက်ပြီး အမေ့ခြံမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ယခုလို ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် လှူဒါန်းမှုသည် မြန်မာနိုင်ငံ၏သမိုင်းအစစ်အမှန်ကို ကမ္ဘာမှသိရှိအောင် ဖော်ကျူးခြင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသော မြန်မာတို့၏ အမျိုးသားရေးကိစ္စကို တဖက်တလမ်းပံ့ပိုးမှုပြုလုပ်ခြင်းတို့အပြင် ယင်းဗိုလ်ချုပ် အောင်ဆန်းဇာတ်ကား ရုံတင်ပြသသည့်အခါ ရရှိမည့်အကျိုးအမြတ်များအားလုံးကို မြန်မာပြည်သူလူထု၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများအား လှူဒါန်းမှုပြုလုပ်မည်ဖြစ်ပါ၍ ယခုကဲ့သို့ ရွှေစင်စင်္ကြာမိသားစု၏ ကောင်းမှုအလှူသည် ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်ကြီးပင် ဖြစ်တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts