အိုကေလင်း
မတ်လ ၂၃၊ ၂၀၁၂
တိုင်းပြည်ကျယ်ကျယ်
ကျပ်ကျပ်တည်းတည်း နေခဲ့ကြရ …
အသင့်ဖျော်ကော်ဖီ
ဈေးသက်သာတဲ့ စားအုန်းဆီ
PH မကွဲပြားတဲ့ သောက်ရေကြည်
ခေတ်ဟောင်းရုပ်ရှင်ရိုက်ဖို့
ဆက်တင်မလိုတဲ့ တိုင်းရွှေပြည် …
အိမ်အိုဟောင်းတွေအပေါ်
ကွန်ကရစ်တိုက်အိုမြင့်ကြီးတွေအပေါ်
တရွေ့ရွေ့ တလှမ်းချင်း တက်နေရ ….
သံစုံမြည် ဘတ်စ်ကားဟောင်းကြီးတွေနဲ့
သတိကြီးကြီး ခရီးနှင်နေရ …
မကောင်းလေးပါးဘက်ယိမ်းတဲ့
လောကဓံတရားတွေ လမ်းသင့်ရာ …..
ကြက်အိပ်ကြက်နိုး မနက်ခင်းတွေမှာ
အမျှဝေကြေးစည်သံများ….
လက်ကိုင်ဖုန်း အဟောင်းလေးအပေါ်
မရဲတရဲ နှိပ်ကြည့်နေတဲ့လက်များ …….
တံလျှပ်ထနေတဲ့ နေ့လည်ခင်းတွေမှာ
တဘ၀လုံး ကျွမ်းဝင်ခဲ့သော ဂျပန်ဖိနပ်များ…
တစ်ဘ၀လုံး မပိုင်ဆိုင်ခဲ့ဘူးသော ဂျပန်လုပ်မော်တော်ကားများ …
သွေ့ခြောက်တဲ့ ညနေဆည်းဆာတွေမှာ
နေ၀င်မီးငြိမ်း အမိန့်များ
ထိမ်ချန်သတင်းများ
ကမ္ဘာကြီးနဲ့ ချိတ်ဆက်နေသော လှိုင်းတိုရေဒီယိုသံများ …
ဟိုးအဝေးမှာ….
ပြန်မလာနိုင်ကြတဲ့ ရင်နှစ်သည်းခြာများ ….
နှစ်ပေါင်းများစွာ
အိမ်နဲ့ဝေးတဲ့ သားတစ်ယောက်က ပြောဖူးတယ်၊
“အဖေနဲ့အမေကို ပြန်တွေ့တော့
အရင်ထက်အများကြီး
သေးသေးလေးတွေ ဖြစ်ကုန်ကြတယ်ဗျာ” တဲ့….။
ဟုတ်မှာပါ..
အဲ့ဒီ လူသေးသေးလေးတွေကရော
(ခင်ဗျားတို့ကို ဘေးမသီရန်မခဖို့ ဆုတောင်းရင်း )
သတိတွေရမနေနိုင်ဘူးလားဗျာ…….. ။