Op-Ed Tu Maung Nyo

Tu Maung Nyo – Democracy in Burma – Pro & Con

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို ဆန့်ကျင်သူ နဲ့ လိုလားသူ ထိပ်တိုက်တွေ့ခြင်း

တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဧပြီလ ၄ ရက်)

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်မင်းအောင်လှိုင် ထိပ်တိုက်တွေ့ကြပြီဟုပြောလျှင်ရမည်ထင်သည်။

ယခုထိပ်တိုက်တွေ့မှုသည် အပေါ်ယံသဘောထိပ်တိုက်တွေ့ကြခြင်းမဟုတ်။ အခြေခံ အယူအဆချင်း ထိပ်တိုက်တွေ့ကြသည့် သဘောဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “စစ်အစိုးရအဆက်ဆက် ထောက်ခံကာကွယ်ပြောကြားခဲ့သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်ကို တစ်လျှောက်လုံး ဆန်ကျင့်ခဲ့တယ်/ နောင်လည်းအမြဲတန်းဆန့်ကျင်သွားမှာဖြစ်တယ်”  လို့ ပြောခဲ့ဖူးသည်။

မတ်လ ၂၇ ရက်နေ့၊  ၆၈နှစ်မြောက် “တပ်မတော်နေ့” မိန့်ခွန်းတွင် ဗိုလ်မင်းအောင်လှိုင်က “တို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးကို လိုလားတယ်” လို့ ပြောခဲ့သည်။

သို့အတွက် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို ဆန့်ကျင်သူနဲ့ လိုလားသူတို့ ထိပ်တိုက်တွေ့ကြရပြီ။

ဗိုလ်မင်းအောင်လှိုင်၏ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီကိုလိုလားတယ်” လို့ ပြောလိုက်ခြင်းသည်။

၁။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

၂။ “၂၀၀၈ အခြေခံဥပဒေ ” ကို ဖျက်သိမ်းပြီး အသစ်ရေးအစားထိုးချင်သူတွေနဲ့  ဒီမိုကရေစီမကျ တဲ့အချက်များကို ပြင်ဆင်လို သူတွေကို တုန့်ပြန်ခြင်းဖြစ်သည်။

(၂၀၀၈ အခြေခံဥပဒေစာအုပ်ကို “မျက်နှာဖုံးကစပြီး ပြင်ရမယ်”ဟု ပြောကြားနေသူများကိုလည်း တုန့်ပြန်လိုက်ခြင်းဖြစ်သည်)

၃။ စစ်သားအမတ် (၁၆၆) ဦး လွှတ်တော်ထဲမှာ ဘယ်လိုရပ်တည်ပြီး/ ဘယ်လိုမဲပေးရမယ်ဆိုတဲ့ အမိန့်လည်းဖြစ်သည်။

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုသည်မှာ အမြင်ဖေါ်ပြမှုနှင့်အသွင်သဏ္ဍာန်အရပြောရမည်ဆိုလျှင် “တပ်မတော်က အမျိုး သား နိုင်ငံရေး ဦးဆောင်မှု” နှင့် “၂၀၀၈အခြေခံဥပဒေ” ဖြစ်သည်။

အနှစ်သာရသဘော ပြောရမည်ဆိုလျှင် စစ်အုပ်စုအဆက်ဆက် သိမ်းပိုက်ထိန်းချုပ်ထားခဲ့သော အာဏာနှင့်ဘဏ္ဍာကို မျိုးဆက် သစ်စစ်အုပ်စုက ဆက်ခံထိန်းသိမ်းတိုးချဲ့ရေးပင်ဖြစ်သည်။

ဤထိပ်တိုက်တွေ့မှုသည် ဗိုလ်မင်းအောင်လှိုင်ဘက်ကပြောလျှင် သူတစ်ဦးတည်း၏ ဆန္ဒသဘောထားကို ထုတ်ဖေါ် ပြောကြား ခြင်းမဟုတ်။ စစ်အုပ်စုအဆက်ဆက်၏ သဘောထားခံယူချက်ကို ဆက်ခံ ရပ်တည်ကြောင်း ထုတ်ပြောခြင်းဖြစ်သည်။ ဤသဘောထားခံ ယူချက်သည်ကြံ့ဖွံ့ပါတီ၏သဘောထားနှင့်လည်းထပ်တူထပ်မျှဖြစ်သည်။

ထို့အပြင်လွယ်လွယ်နှင့် နောက်ဆုတ်အလျှော့ပေးမည့် သဘောထားလည်း မဟုတ်ပါ။

ထို့ကြောင့် ဤထိပ်တိုက်တွေ့မှုအား “အရှိကိုအရှိတိုင်း” ပြောရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဘက်က လျှော့ရမည့် သဘောဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း “၂၀၀၈အခြေခံဥပဒေဘောင်”ထဲသို့ လျှော့ပြီး ဝင်ခဲ့ရတာဖြစ်သည်။ “ကျိမ်းကျိန်ရေး”မှာ လည်း လျှော့ခဲ့ရသည်။ သို့အတွက် လျှော့လက်စနှင့် ဆက်လျှော့သွားလိမ့်ဦးမည်ဟု ထင်ပါသည်။

အခုလည်း နိုင်ငံခြားမီဒီယာတွေက ဗိုလ်မင်းအောင်လှိုင်ပြောတဲ့အချက်တွေထဲက အခြေခံဥပဒေကို စောင့်ရှောက်ရမယ်ဆိုတဲ့ အချက်ပဲ မီးမောင်းထိုးကြည့်တာဟာ ချိန်ခွင်လျှာညီမျှမှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က “ဆင်ဝှေ့ရန်ရှောင်” ပြောတာ ကြားလိုက်ရ ပါသည်။

(၆၈) နှစ်မြောက်“တပ်မတော်နေ့”  ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် သတင်းနှင့်ဓါတ်ပုံကို အစိုးရပိုင်သတင်းစာများ ( ကြေးမုံ/ မြန်မာ့အလင်း/NLM) တွင် မဖေါ်ပြသလို၊ စစ်တပ်ပိုင် “မြဝတီသတင်းစာ” မှာလည်းဖေါ်ပြတာ မတွေ့မိပါ။

“နိုင်ငံခြားမီဒီယာချိန်ခွင်လျှာညီမျှမှုမရှိဘူး” ဆိုသည့်အချက်ကိုပြောရမည်ဆိုလျှင်လည်း (နဝတ-နအဖ) စစ်အစိုးရခေတ်မှ ယနေ့ ကာလအထိ နိုင်ငံခြားမီဒီယာများသည် “ဒီမိုကရေစီထိပ်ထား”ကို အစွမ်းကုန် လှလှပပချယ်သပေးခဲ့ပြီး၊ စစ်အာဏာရှင် “သေနာ” များကို အရေခွာခဲ့သည်မဟုတ်ပါလော။ ယင်းအချက်များကို မည်သို့ပြောမည်နည်း။

၁၉၆၂ မှ ၁၉၇၄ အထိ အခြေခံဥပဒေမရှိဘဲအုပ်ချုပ်ခဲ့ပြီး၊ စိတ်ကြိုက်ရေးဆွဲခဲ့သော “၁၉၇၄အခြေခံဥပဒေ”ဖြင့် ၁၉၇၄ မှ ၁၉၈၈ အထိ စိုးမိုးခဲ့သည်။ ဆိုရှယ်လစ်ရေပန်းစားချိန်ဖြစ်သဖြင့် “မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်”ခဲ့ကြသည်။

၁၉၈၈ မှ ၂၀၁၁ အထိလည်း (နဝတ-နအဖ) စစ်အုပ်စုက အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်ခဲ့ပြီး၊  စိတ်ကြိုက်ရေးဆွဲခဲ့သော “၂၀၀၈အခြေခံဥပဒေ” ဖြင့် အုပ်ချုပ်နေပြန်သည်။ ဒီမိုကရေစီရေပန်းစားချိန်ဖြစ်သဖြင့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” အရေခြုံ နေ ခြင်းဖြစ်သာသည်။

စစ်အုပ်စု(၁၉၆၂ ခုနှစ် မှယနေ့အထိ) သည်ရာစုနှစ်ဝက်ကျော်အာဏာချုပ်ကိုင်ထားဆဲဖြစ်သည်။ အာဏာသိမ်းသည့် အတွေ့ အကြုံရော၊ အာဏာထိန်းသည့် အတွေ့အကြုံပါရှိသည်။ ချော့မြှူလှည့်စားနိုင်သလို အကြမ်းဖက်ဖိနှိပ်နိုင်သည်။

လိုရင်းကိုချုပ်ပြောရလျှင် စစ်အုပ်စုသည် စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ် ချုပ်ကိုင်ပြီး နိုင်ငံရေးလုပ်နေခြင်းဖြစ်သည်။ “၂၀၀၈အခြေခံဥပဒေ”သည် “စစ်အုပ်စုနိုင်ငံရေး”၏ အပေါ်ယံအသွင်သဏ္ဍာန်နှင့် စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ် သယ်ဆောင် သွားမည့် ယာဉ်ယန္တယားသာလျှင်ဖြစ်သည်။

ညွန်း

– ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၅၊ စာမျက်နှာ ၂၇

– ၂၀၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၊ ဗိုလ်မင်းအောင်လှိုင်မိန့်ခွန်း အပြည့်အစုံ၊  မြဝတီဝဘ်ဆိုဒ်

– ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်၊ RFA  သတင်းဌာန၊

(Photo – NickNayMan Blog)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts