ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ရှင်ကြီး ကျားထက်ဆိုး

ကျော်သူ
မတ်လ ၁၆၊ ၂၀၁၂
ကျွန်တော်ကျော်သူသည် ၁၉၈၄ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ရိုက်ကူးသော “ချစ်ကြိုး လေးနှစ်မျှင်” ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့သူဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာ ဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက် ၂၀၀၃ ခုနှစ်တွင် “အမေ့နို့ဖိုး” ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆုကိုရရှိခဲ့ကာ ယင်းဇာတ် ကားနှင့် အကယ်ဒမီပေါင်း (၇) ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိအောင် ရိုက်ကူးဖန်တီးခဲ့သော သူတစ်ယောက်လည်းဖြစ်သည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မတိုင်ခင်အထိ နိုင်ငံတော်အကျိုးပြုဇာတ်ကားများ၊ နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေ သာကပွဲများ၊ ရုပ်မြင်သံကြားဇာတ်လမ်းများအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရံပုံငွေရှာဖွေရေး ဘောလုံးပွဲများ၊ ဗီဒီယိုဇာတ်လမ်း များကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မှစ၍ ကျွန်တော့်အား ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ အနုပညာလုပ်ခွင့်များကိုပိတ်ပင်ထားသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ သို့သော် ကျွန်တော်သည် ရုပ်ရှင်လောကနှင့် ဝေးကွာ သွားသည်တော့မဟုတ်။ အနုပညာသမားများ၏ သတင်းများ၊ အနုပညာလောကအတွင်းဖြစ်ပေါ်နေသောပြဿနာများကို အတွင်းကျကျသိ ရှိနေသူဖြစ်သည်။ အနုပညာလောက တွင် ကျင်လည်ခဲ့စဉ်က အနုပညာမောင်နှမများ၊ ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့သော် ၂၀၀၁ ခုနှစ်မှစ၍ ရုပ်ရှင်ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချပေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် တစ်ဖတ်တစ်လမ်းမှပါဝင်၍ အများပြည်သူတို့အား တတတ်တအား ကူညီဖေးမကာ ကုသိုလ်ဖြစ်ပေး ဆပ်ခဲ့သည့်အချိန်မှစ၍ အနုပညာသမားအချို့သည် ကျွန်တော့်နှင့် လက်တွဲရိုက်ကူးခြင်းကို မပြုလုပ်ကြတော့ပေ။ အဘယ့်ကြောင့်ဆို ကျွန် တော်လုပ်ကိုင်ပေးဆပ်နေသောလုပ်ငန်းသည် လာဘ်ပိတ်ခြင်း၊ နာမ်နှိမ်ခံရခြင်း စသည့်အယူဝါဒအစွဲများကြောင့်ပင် ဖြစ်တော့သည်။ မည် သို့ဖြစ်စေ ကျွန်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဒိဋ္ဌိအယူဝါဒများအားတိုက်ဖျက်ကာ မိမိ၏ခံယူချက်၊ ဘဘ ဦးသုခ၏ ရည်ရွယ်ချက်များကို ကြံ့ကြံ့ခံကာ အများပြည်သူတို့အတွက်ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။

ဘဘဦးသုခ ကွယ်လွန်သွားသည့်အချိန်မှစ၍ ကျွန်တော်တို့၏ ပေးဆပ်မှုလုပ်ငန်းများအား နာရေးကူညီမှုတင်မက၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည့်လူသားတို့၏ မဖြစ်မနေကြုံတွေ့ရမည့်အခက်အခဲများကို တိုးချဲ့၍ ကူညီဖေးမပေးခဲ့သည်။ ထိုသို့ နာရေးကိစ္စ အခက်အခဲများနှင့် ရန်သူမျိုးငါးပါးဒဏ်ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမပေးဆပ်ခဲ့သလို ရုပ်ရှင်အနုပညာသည်များကိုလည်း များစွာ ကူညီဖေးမ ပေးဆပ်ခဲ့ရသည်။

ယခု ၂၀၁၂ ခုနှစ်၊ မတ်လတွင် မြန်မာ့ရုပ်ရှင်လောကသားများ၏ ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် အာဏာရှင်စနစ်အား တိုက်ဖျက် လိုခြင်း၊ အနိမ့်ကျဆုံးဖြစ်နေသော မြန်မာ့ရုပ်ရှင်အား မြှင့်တင်လိုခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ် စည်းစည်းလုံးလုံး ညီညီညွှတ် ညွှတ်ဖြစ်စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းတော့မည်ဟု ကျွန် တော်သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ကျေးဇူးမကင်းခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းအား အရှိန်အဟုန်မြှင့်မားစွာဖြင့် တိုးတက် ပြောင်းလဲမှုကို အမှန်တကယ် မျက်ဝါးထင်ထင်မြင်တွေ့လိုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ရုပ်ရှင်ရိုက်ခွင့်မရရှိသေး သော်လည်း တဖက်တလမ်းမှ မြန်မာ့ရုပ်ရှင်လုပ်ငန်းအား တိုးတက်စေလိုသောဆန္ဒဖြင့် မိမိတွင်ရှိသော လူမှုရေးစိတ်ဓါတ်၊ အနုပညာ စိတ်ဓါတ်၊ ခိုင်မြဲသောသီလတို့ဖြင့် ပြန်လည်၍ကျေးဇူးဆပ်လိုပါသဖြင့် အဓိကသရုပ်ဆောင်အလွှာမှ ဝင်ရောက်အရွေးချယ်ခံရန်အတွက် စဉ်းစားမိတော့သည်။

ထို့ကြောင့် မိမိနှင့်ရင်းနှီးသော အနုပညာလက်တွဲဖော်တစ်ယောက်ဖြစ်သော ရုပ်ရှင်တည်းဖြတ် ပညာရှင်တစ်ဦးအား မိမိ၏ကိုယ်စားလှယ် အဖြစ်လက်ဆင့်ကမ်းကာ ကွန်ပြူတာစာရိုက်၍ မြန်မာ့ရုပ်ရှင်အစည်းအရုံးသို့ အဓိကသရုပ်ဆောင်အလွှာတွင် ဝင်ရောက်ရွေးချယ်မှု လျှောက်လွှာအား တလေးတစားဖြင့် သွားရောက်ယူငင်ခိုင်းခဲ့သည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် လူမှုရေးလုပ်ငန်းများကိုလုပ်ကိုင်နေ၍ ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူဖြစ်ခဲ့ပါ။ ယင်းနေ့ နံနက် (၁၀း ၀၀) နာရီခန့်တွင် ကျွန်တော်၏မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ ကျွန်တော့်ထံသို့ “ကိုယ်တိုင်လာမယူ၍ မပေးနိုင်ကြောင်း” ရုပ်ရှင် အစည်းအရုံး ရွေးကောက်ပွဲအဖွဲ့ဝင်များကပြောကြားကြောင်း အကြောင်းကြားခဲ့သည်။

ဤတွင် ကျွန်တော်မှ ပြန်လည်၍မေးခွန်းများပြန်လည် မေးမြန်းချင်တော့သည်။

● ကျွန်တော့်ကဲ့သို့ အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျလာယူမှပေးမည်ဟု ပြောခဲ့သော် လည်း ဇာတ်ပို့/ရံအလွှာမှ လူရွှင်တော်တစ်ဦးအား တယ်လီဖုန်းဖြင့် လျှောက်လွှာတောင်းခံခြင်းကို အဘယ့်ကြောင့်ပေးခဲ့သနည်း .. ?
● နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်ညွှန်းအလွှာမှ ဇာတ်ညွှန်းဆရာတစ်ဦးအားလည်း အဘယ့်ကြောင့် လျှောက်လွှာပေးခဲ့သနည်း .. ?

ထို့အပြင် ယင်းစစ်မှန်သောရွေးကောက်ပွဲအား အကောင်အထည်ဖော်မည်ဟု ကြွေးကြော်နေသော အနုပညာသမားများထဲတွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) အပြီး ကျွန်တော်အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသောအချိန်တွင် အနုပညာရှင် တစ်ဦး၏ ဈာပနအခမ်းအနား၌ “မောင်မောင် … မင်းက အချိန်မတန်သေးဘဲလုပ်တာကိုး” ဟု ဆရာကြီးပုံစံနဲ့ပြောဆိုခဲ့သော အခွင့်အရေးသမားတစ်ဦးပါဝင်နေခြင်းနှင့် ဗိုလ်ချုပ်ခင်ညွှန့်အထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာစဉ် သွားရောက်တွေ့ဆုံကြသော အနုပညာ သမားများထဲမှ “ကျော်သူက တစ်ချိန်လုံးမူးနေတာ၊ ဂျပန်မှာ တော်တော်ဒုက္ခပေးခဲ့တယ်” ဟု ပြောကြားခဲ့သော ကိုယ့်ဂုဏ်မြင့်၍ အခြား သူအားအပုပ်ချခဲ့သော ခွက်ပုံးအနုပညာသမားပါဝင်နေခြင်းတို့အား ကျွန်တော်များစွာ တွေးတောစဉ်းစားမိတော့သည်။ ယခု မြန်မာ့ရုပ်ရှင် အစည်းအရုံးအား ပြန်လည်ဖွဲ့စည်းမည်ဖြစ်သော ရုပ်ရှင်အနုပညာသည်များပြောကြားကြသော မြန်မာ့ရုပ်ရှင်လောက အနုပညာမောင် နှမ များအား စည်းလုံးညီညွှတ်စွာဖြင့် မိသားစုစိတ်ဓါတ်ထားကာ တစ်ဦး၏အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာ သမားများ၏ သာရေး/နာရေးကိစ္စများကို ဝိုင်းဝန်း၍ ကူညီဆောင်ရွက်လိုခြင်း စသည့်စကားများသည် ကျွန်တော်အတွက်မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ကျွန်တော် မြန်မာ့ရုပ်ရှင်အစည်းအရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ နိုင်ငံတော်မှ အရေးယူပိတ်ပင်ခံထားရသော အနု ပညာသမားများ၏ အသက်ရှင်သန်မှု၊ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ထိုစဉ်အခါက နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်း ကျွန်တော်တို့ စဉ်းစားပေးရန်၊ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှု၊ အကြံပေးမှု၊ အသနားခံမှုများကို စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ပါ၍ ယင်းကဲ့သို့ပိတ်ပင်ခံထားရသောအနုပညာသမားများ ပြန်လည်၍ အနုပညာလောကတွင် သက်ဝင်လှုပ်ရှား ပါဝင်ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍ မရပေ။ သို့သော် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများအပိတ်ပင်ခံခဲ့ရသော ကျွန်တော်၏ကိစ္စရပ်အား မည်သည့် အနုပညာသမားများ၊ မည်သည့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များတို့မှ နိုင်ငံတော်အုပ်ချုပ်သူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြ စဉ် တစ်ခွန်းတပါဒမှ ပြောကြားပေးခဲ့ခြင်း မရှိချေ။ မြန်မာ့ရုပ်ရှင်အနုပညာလောကမှ နိုင်ငံတော်မှ အနုပညာလုပ်ခွင့်ပိတ်ပင်ခံရသူ အနုပညာ ရှင်များထဲတွင် ကျွန်တော်သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး အနုပညာသမားဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကျွန်တော်သည် ရုပ်ရှင် လောက ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော လူမှုရေးလုပ်ငန်းကြီးအား တိုးတက်မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့် မြန်မာ့ရုပ်ရှင်လောကတွင်ရှိကြသော အဓိကသရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ ဇာတ်ပို့/ရံများ၊ လူကြမ်းသရုပ်ဆောင် များမှအစ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဋ္ဌာနမှဝန်ထမ်းများ (ဥက္ကဋ္ဌမှအစ သန့်ရှင်းရေးအဆုံး) ကြုံတွေ့နေရသော နာရေး၊ ကျန်းမာရေးကိစ္စရပ်များအား မနားမနေ ကူညီဖေးမပေးနေသူတစ်ဦးဖြစ်သည်။ သို့သော် ကျွန်တော်သည် ကုသိုလ်ရေးလုပ်ငန်းဖြစ်သော လူမှုရေးလုပ်ငန်းများ ထမ်းရွက်ပေးနေရသည့်အတွက် ကျွန်တော်၏ကျေးဇူးရှင်များဖြစ်ကြသော အများပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ်ထိတွေ့ ပေးဆပ်နေရမှုကို ကျေနပ်ပီတိဖြစ်ခဲ့ပါသည်။

ယနေ့ ကျွန်တော့်၏မိတ်ဆွေဖြစ်သူ တည်းဖြတ်ပညာရှင်အား လမ်းကြုံ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဆောက်အဦးသို့ ဝင်ရောက်ပို့ ဆောင်ခဲ့ပါသည်။ ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော်ယာဉ်အား ခေတ္တရပ်နား၍ ကျွန်တော်၏မိတ်ဆွေ ကားပေါ်မှဆင်း ချိန်တွင် မော်တော်ယာဉ်အနီးတွင်ရှိသော လူကြမ်းသရုပ်ဆောင်တစ်ဦးနှင့်တွေ့ဆုံ၍ လွန်ခဲ့သောနှစ်ရက်ခန့်က ယင်းလူကြမ်းသရုပ်ဆောင် အစ်မဖြစ်သူ၏ နာရေးကိစ္စရပ်အား အဆင်ပြေမှုအားမေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယိုဒါရိုက်တာတစ်ဦးရောက်လာကာ “ဟေ့လူ … ဒီနေရာက ကားရပ်ရတဲ့နေရာမဟုတ်ဘူး” ဟူ၍ ရင့်သီးစွာပြောဆိုခြင်းကိုခံခဲ့ရသည်။ ကျွန်တော်နားလည်သည်မှာ အဆောက်အဦးများ တွင်ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို ပြုလုပ်ရန်ထားရှိသော မော်တော်ယာဉ်ခေတ္တရပ်နားရန်နေရာပင်မဟုတ်ပါလား။ ကျွန်တော် သည် မော်တော်ယာဉ်အား စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏အပေါ် ယခင်စစ်အစိုးရ လက်ထက်ရှိပြန်ကြားရေးဋ္ဌာနမှပိတ်ပင်ထားခဲ့မှုများကို ပြန်လည်ပွင့်လင်းအောင် လုပ်ပေးရ မည်ဖြစ် သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊ ကျွန်တော့်အား ယခုကဲ့သို့ ရွေးကောက် ပွဲကော်မတီတွင်ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ ရင့်သီးစွာဆက်ဆံခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော်ရှိ အနုပညာ သမားများ လုပ်ရမည့် လုပ်ရပ်များမဟုတ်ပေ။

မည်သို့ဖြစ်စေကာမူ ကျွန်တော်သည် မည်သည့်အစိုးရတက်တက်၊ မည်ကဲ့သို့ ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်ပေါ်ပေါက် ကျွန်တော့်၏တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည်တို့ကို သေတပန် သက်တစ်ဆုံးလုပ်ကိုင် ပေးဆပ်သွားရမည် ဖြစ်တော့သည်။ အဆုံးသတ်ရသော် မြန်မာ့ရုပ်ရှင်လုပ်ငန်းတိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင် အနုပညာသမားများ စည်းလုံးညီညွှတ်အောင်၊ အစိုးရအဖွဲ့အစည်းမပါဝင်သော NGO စစ်စစ် မြန်မာ့ရုပ်ရှင်အစည်းအရုံးပေါ်ပေါက်လာ အောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ ညီရင်းအစ်ကို မောင်နှမသဖွယ် တစ်ဦး၏ကိစ္စရပ်များကို စုပေါင်းဖြေရှင်းပေးနိုင်အောင် စသည့်ရည် ရွယ်ချက်များဖြင့် ပြန်လည်၍ဖွဲ့စည်းမည်ဖြစ်ရာ အနုပညာသမားစစ်စစ်များအနေဖြင့် အရွေးချယ်ခံမည့် လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့် စိတ်ဓါတ်ကအရေးကြီးပေသည်။ မြန်မာ့ရုပ်ရှင်အနုပညာဖြင့် ဘဝကိုရပ် တည်နေသောသူများအတွက် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဟူ၍ မဖြစ်အောင် အထူးသတိပြုစေလိုတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

8 thoughts on “ရှင်ကြီး ကျားထက်ဆိုး
  1. ကိုကျော်သူ ရဲ့ ပြင်းပြ မှန်ကန် ထက်သန်တဲ့ စိတ်ဓါတ် လုပ်ရပ်ကို ကျွန်တော် လုံးဝ နားလည် တယ် .. .. ကိုကျော်သူ ဆိုလိုတဲ့ လူရွှင်တော် အနုပညာရှင် ဟာ ဘယ်သူဆိုတာလဲ တတိုင်းပြည်လုံး ရိပ်မိ သိရှိ ပြီးသားပါ .. .. သဘောပေါက်သူတိုင်း စိတ်မချမ်းမြေ့စွာ အမြင်ကပ်ခံရသူ တစ်ယောက်ဖြစ်သွားခဲ့ပါပြီ .. ..
    ကိုကျော်သူ ရေ့ စိတ်သိပ်ညစ်မနေပါနဲ့ ဗျာ နော .. .. ကျွန်တော်တို့ နားလည် လက်ခံ ပေးကြရမှာက စစ်အစိုးရ ဆိုတာကြီးပဲ မကောင်းတာမဟုတ် .. … ပြည်သူ အများစု ကြီး ဟာလည်း မှားယွင်းတဲ့ ခေတ်စနစ်ဆိုး အမွေ ကြောင့် စိတ်ဓါတ် လုပ်ရပ်တွေ သိပ် မမြင့် ကြ မမှန်ကန်ကြတော့ ဘူး .. .. ကိုယ်ကျိုး အတ္တ ကြည့်သူ .. .. ကိုယ်ထင်ပေါ်ရင် ပြီးရော ကိုယ်ဘာလုပ်နေမှန်း မသိသူ တွေ သိပ်များနေတာ အခု လတ်တလော အချိန် မှာတော့ ဘာမှ လုပ်လို့ရအုံးမယ်မထင်ဘူး .. .. အမေစု လို မြင့်မြတ် စေတနာ မှန်သူကိုတောင် ဝေဖန်ချင် ခြေရာ တိုင်း ချင်သူ တွေ အနီးကပ် လူ တွေ ကိုယ်တိုင်က မမြိုသိပ်နိုင် ဖြစ်နေကြ ၊ ပြနေကြတာ ကိုကျော်သူ ရေ့ .. .. ကျွန်တော်တို့ ပြည်သူတွေရဲ့ အဆင့်အတန်း ဒီလောက်ပဲ ရှိတော့လို့ လို့သာ ဖြေကြရအောင်ပါဗျာ .. .. တဖြည်းဖြည်း အရည်အသွေး မြင့် တက်လာအောင် အမေစု ရဲ့ အားသွန် လမ်းပြ သွန်သင် ပဲ့ပြင် မူနဲ့ အတူ အားလုံး ကြိုးစား ကြမှ အကောင်းဘက် ပြန်ရောက်လာ တော့ မှာပါ .. .. မြန်မြန်ရောက်အောင် များများ ကြိုးစားရတော့မယ် .. ..
    ကိုကျော်သူ .. … အခြေအနေတွေ ကို စိတ်ပျက်မသွားပဲ အမေစု ဘက်မှာသာ အစဉ် ယုံကြည်ရပ်တည်အားပေးရင်း ၀န်းရံ ပေးရင်း တိုင်းကျိုး ပြည်ကျိုး ဆက်လက် သယ်ပိုး သွားနိုင်ပါစေလို့ .. ဆုတောင်း မေတ္တာပို့ရင်း .. ..
    ကိုကျော်သူ ကို ထာဝရ လေးစားကြည်ညို လျှက်
    မျိုးချစ်

  2. Dear U Kyaw Thu,

    We , the people , respect you and your good mind.we , the people , are always behind you.
    Nobody can compare your sacrifice spirits for the people.
    we admire you!!!

    God blesses you!

  3. ဦးကျော်သူ၊ စိတ်ဓါတ်မကျပါနဲ့ဦးကျော်သူရဲ့အနောက်မှာလူတန်းစားမရွေး၊ဘာသာမရွေးပြည်သူပြည်သား
    တွေအများကြီးရှိနေပါတယ်။လူနည်းစုလူ့အတ္တတွေ။လူ့လောဘတွေမြန်မာပြည်ကပျောက်ဆုံးသွားအောင်
    ဦးကျော်သူLong term planနဲ့လုပ်ဆောင်နေပြီဘဲမကြာသောနေ့မှာသူတို့ရဲ့နေ့ရက်တွေကွယ်ပျောက်သွား
    မှာပါ။ကောင်းသောမြန်မာပြည်သူပြည်သားတိုင်းဟာဦးကျော်သူကိုချစ်ခင်လေးစားကြပါတယ်။မကောင်း
    သောသူတွေကိုဥပေက္ခာပြုလိုက်ပါ သူတို့ဆီကလာသောမကောင်းချင်းများဟာသူတို့ဆီကိုပြန်သွားးပါလိမ့်
    မယ်။ ဦးကျော်သူရဲ့ခံစားချက်ကိုထပ်တူထပ်မျှနားလည်ခံစားနိုင်ပါတယ်။ထာဝရလေးစားလျက်ပါရုပ်၇ှင်သ၇ုပ်
    ဆောင်အကယ်ဒမီဦးကျော်သူ။

  4. ကိုကျော်သူ .. … အစဉ် ယုံကြည်ရပ်တည်အားပေးရင်း ၀န်းရံ ပေးရင်း တိုင်းကျိုး ပြည်ကျိုး ဆက်လက် သယ်ပိုး သွားနိုင်ပါစေလို့ .. ဆုတောင်း မေတ္တာပို့ရင်း .. ..
    ကိုကျော်သူ ကို ထာဝရ လေးစားလျှက်

  5. လူတွေက အဲလိုပါပဲ ဦးကျော်သူလို လူမျိုးကျတော. ၇ုပ်၇ှင်၇ိုက်လက်တွဲလုပ်၇င် လဘ်ပိတ်တယ် လေး ဘာလေးနဲ အဲတာနော် သာေ၇း နာေ၇း လုပ်နေတဲ ကိုယ်ကျိုးမဖက်တဲသူကို ဟိုကပ်ဖား၇က်ဖားတွေကျတော . ကျနော်ပြောချင်တာ လွင်မိုး။၈၈တုန်းက တကယ်ဖြစ်ပါတယ် ဆိုပြီး ကပ်ဖား၇က်ဖား မ၇ှက်မကြောက် အကယ်ဒမီ၇အောင်လို ၇ိုက်တဲ ခပ်ပေါပေါကားနဲံ အကယ်ဒမီ၇တဲ ခန်.စည်သူတိုနဲ စာ၇င် အများကြီး သာပါတယ် ဦးေ၇ ဘယ်သူတွေဘာပြောပြော ပြောချင်၇ာ ပြောဦး၇ဲ စေတနာကို ပြည်သူတွေနားလည်ပါတယ်

  6. ကိုကျော်သူ..
    အလွန်လေးစားစရာကောင်းသော၊ မွန်မြတ်လှသော အများအကျိုးဆောင်ရွက်နေသည့် ကိုကျော်သူအား လူကောင်းသူကောင်းများ၊ ဖြောင့်မတ်မှန်ကန်သူများ က အစဉ်လေးစားအားပေးပါသည်။
    မရေမတွက် နိုင်သော မမြင်ကွယ်ရာမှချီးကျူးအားပေး လေးစားမှုများကို ပီတိဖြင့်ခံယူ ကာ တစ်ဦး နှစ်ဦး လူမြင်သူမြင် စော်ကားမှုကိုလစ်လျှု ရှုပါ။ ခွန်အားအပြည့်ဖြင့် ဆက်လက်ချီတက်ပါ။

  7. ဦးကျော်သူ ပြောတဲ့ သာယာညာပေါင်း တွေကတော့ မြန်မာနိုင်ငံမှာ ဒုနဲ့ဒေး ပါပဲ
    ဘာပဲပြောပြော ဦးကျော်သူတို့အဖွဲ့အစည်းကို လေးစားပါတယ် အမြဲလည်းဂုဏ်ယူပါတယ် အပင်မြင့်လို့ လေတိုက်တာခံရတာပါဦးကျော်သူ ခွေးဟောင်လို့ တောင်မရွေ့ပါဘူး ဒါပေမဲ့ တောင်ပဲက ခဲတုံးလေးတစ်တုံး
    ခွေးခေါင်းပေါ် ကျရင်တော့ သေတတ်တယ်ဆိုတာ ခွေးတိရစ္ဆာန်က မသိလို့ဖြစ်မှာပါ

Comments are closed.