မျက်မှောက်ရေးရာ သတင်းပဒေသာ

တပ်မတော် ထိုးစစ်ကြောင့် KIA က ဒေသခံများအား ရွာပြောင်းရွှေ့ခိုင်း


ဂျာတော့ပ်(မြစ်မခ) Myit Makha Mediagroup
မတ်လ ၁၊ ၂၀၁၂
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒုက္ခသည်စခန်းတခုတွင် တွေ့ရသော ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာ (ဓာတ်ပုံ-Reuters)


ဟိုပင်မြို့မှ ဖားကန့်မြို့နယ် ကားလမ်းမကြီးရှိ ခွေခါကျေးရွာအုပ်စုတွင် မြန်မာအစိုးရတပ်မတော်မှ စစ်ကြောင်း ထိုးစစ်ဆင်လာမှုကြောင့် KIA ကချင်လွတ်မြောက်ရေးအဖွဲ့မှ ၎င်း ဒေသခံများအား ရွာပြောင်းရွှေ့ခိုင်းကြောင်း သိရှိရသည်။

“ KIAက ပြောင်းဖို့ ပြောလာတာပါ။ နှစ်ဖက်တွေ့ရင်တော့ စစ်ဖြစ်မှာပဲ။ စစ်ဖြစ်ရင် ရွာကလူတွေ ကြားခံဖြစ်မှာစိုးလို့ ဖယ်ခိုင်းတာပါ။” ဟု ခွေခါဒေသခံတစ်ဦးက ဆိုသည်။

KIA တပ်မဟာ (၂) လက်အောက်ရှိ တပ်ရင်း (၂၆) အခြေစိုက် ခွေခါကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်က ထိုးစစ်ဆင်လာသည်မှာ ခွေလုံကျေးရွာတွင် ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် တောင်ခြေကျေးရွာရှိ ဒေသခံများ ခွေခါနှစ်ခြင်းဘုရားကျောင်း၊ ညောင်ပင်ကျေးရွာ ဘုန်ကြီးကျောင်းများသို့ ပြောင်းရွှေ့ခိုလှုံနေသည်။

ဘုရားကျောင်းတွင် ဒေသခံ အယောက် (၁၀၀)ခန့် ရောက်ရှိနေပြီဖြစ်ပြီး ဆက်လက်ပြောင်းရွှေ့နေဆဲဖြစ်သည်။

“ ဘုရားကျောင်းမှာက လုံခြုံမှုရှိမယ်ထင်တယ်။ အခုကျမတို့နေတဲ့နေရာမှာက ကုမ္ပဏီလုပ်ကွက်တွေလည်း အများကြီးရှိတယ် ဘာမှတော့ မလိုဘူးလို့တော့ထင်တယ်။ ဒါမယ့် စိတ်ပူတာက ကလေးတွေက ဝက်သက်ပေါက်နေကြတော့ နေမကောင်းတာ အများကြီးပဲ” ဟု သူမ ဆက်ပြောသည်။

မြန်မာအစိုးရ တပ်မတော်သည် KIA တပ်အခြေစိုက် ကျေးရွာနှင့် မိုင် ၂၀ခန့်တွင် ရောက်ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ် ဆင်ဘိုမြို့တွင်လည်း ယနေ့မနက် ၈နာရီခန့်၌ မြန်မာစစ်တပ်မတော်နှင့် KIA တပ်ရင်း (၅) နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်နေသည်။

“မြန်မာအစိုးရတပ်မတော်မှ တပ်ရင်း (၃) ရင်းနှင့် KIAကို ဝိုင်းထားပြီး တိုက်နေတယ်” ဟု ဆင်ဘိုဒေသခံတစ်ဦးက ဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့မှလည်း ယနေ့နေ့လည် မွန်းလွဲ ၂နာရီခန့်တွင် နှစ်ဖက်ကြား ငြိမ်းချမ်းရေးကို ဆက်လက် ဆွေးနွေးသွားရန် မတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့ကြား ပြုလုပ်ရန် ရက် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မူရင်း – http://www.myitmakhamediagroup.com/detail.php?newid=794


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts