ရေခြားမြေခြား မြန်မာများ

စစ်ဘေးဒဏ်သင့် ကချင်ညီနောင်သားချင်းများအတွက် ရသအလင်းဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေအလှူ

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

ရသအလင်းမိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ရသအလင်းဖောင်ဒေးရှင်းကစီစဉ်ကျင်းပခဲ့တဲ့ ရုန်းကန်ရှင်သန်နေသော အလှတရားရဲ့ နောက်ဆက်တွဲ အလှူသတင်း လေး ကို သာဓု ခေါ်မုဒိတာပွားနိုင်စေဖို့ ဝေမျှလိုက်ပါတယ်။

၂၁.၁.၂၀၁၂နေ့က စင်ကာပူနိုင်ငံမှာ ဒါရိုက်တာမောင်သူရ ( လူရွှင်တော် ဇာဂနာ)၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့နဲ့ Surviving Beauty ( ရုန်းကန်ရှင်သန်နေသော အလှတရား) အနုပညာပြပွဲနဲ့ ရုပ်ရှင်ပြပွဲလေးက အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့ပါတယ်။

အဲဒီ့ပွဲလေးကနေ အကျိုးအမြတ်အနေနဲ့ စင်ကာပူဒေါ်လာ ၈၀၀၀ တိတိရရှိ ခဲ့ပါတယ်။

ပွဲလေးရဲ့ရည်ရွယ်ချက်ကတော့ အားလုံးလည်း သိထားပြီးဖြစ်ကြမှာပါ၊ ပွဲ စတင်အကောင်အထည်ဖေါ်စဉ် အချိန် ကာလကတည်းက ကြော်ငြာထားရှိထားခဲ့တဲ့အတိုင်းပွဲကနေရရှိတဲ့အကျိုးအမြတ်တွေကိုဖောင်ဒေးရှင်း မူလရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာပြည်တွင်းမှကျန်းမာရေးအတွက်အရေးပေါ် ဆေးကုသဖို့ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ပေးအပ်နိုင်ဖို့နဲ့ ကျေးဇူးပြုထိုက်တဲ့ ဆရာကြီး ဆရာမကြီးတွေကို ဂါရ၀ပြု ချီးမြှင့်ုနိုင်ဖို့အတွက် ရန်ပုံငွေ အဖြစ် ထားရှိရန်နဲ့ မြန်မာပြည်တွင်းမှ အမှန်တကယ်လိုအပ်နေသော နေရာများကို လှူဒါန်းသွားရန်အတွက် ရည်ရွယ်ချက် ထားရှိခဲ့ကြပါတယ်။

ရည်ရွယ်ချက်အတိုင်း လှူဒါန်းကြဖို့ စဉ်းစားကြရာမှာ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေအနေနဲ့ နှစ်နေရာ ခွဲဝေလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး NLD ပညာရေး ၀န်ဆောင်မှုအတွက် ငွေကျပ် ၁၀သိန်းတိတိ ကို(၂၂.၁.၂၀၁၂) နေ့မှာဒါရိုက်တာမောင်သူရ( လူရွှင်တော် ဇာဂနာ) မှတဆင့် လှူဒါန်း ပေးအပ်နိုင်ခဲ့ပါတယ်။NLD မှဦးဝင်းထိန်မှ လက်ခံပေးအပ်ခဲ့ပြီး ဒီသတင်းများကိုတော့ ရသအလင်းနဲ့ အွန်လိုင်းမီဒီယာများမှတဆင့် ထုတ်ပြန်ပေးထားပြီး လည်းဖြစ်ပါတယ်။

အခု ဒုတိယအဖွဲ့အနေနဲ့ ကချင်စစ်ဘေးဒဏ်သင့် ညီနောင်သားချင်းများအတွက် ငွေကျပ် ၁၀သိန်းတိတိကို လှူဒါန်း ပေးခဲ့ ကြပါတယ်။ အလှူငွေကို ရသလင်းကိုယ်စား Blogger နေဘုန်းလတ်က ကချင်ပြည်နယ် စစ်ဘေး ဒဏ်သင့် တိုင်းရင်းသား ညီအကိုမောင်နှများအတွက် ကူညီပေးရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို ဦးစီး ဆောင်ရွက် နေတဲ့ အဖြူရောင်လက်များအဖွဲ့သို့ (၂၃.၂.၂၀၁၂)နေ့က ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ကိုယ်ထိလက်ရောက်သွားရောက် ပေးအပ်ပြီးရင်တော့ သတင်းဓါတ်ပုံများကို နောက်ဆက်တွဲ သတင်း အနေနဲ့ တင်ပြ ပေးသွားမှာဖြစ်ပါတယ်။

 

( ရသအလင်း အလှူမှတ်တမ်းနှင့် အဖြူရောင်လက်များ၏ ကျေးဇူးတင်မှတ်တမ်း)

လက်မှတ်တွေ ၀ယ်ယူအားပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံး၊ စိတ်ရောကိုယ်ရော ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ ညီအကိုမောင်နှမတွေအားလုံးနဲ့ လစဉ်ရန်ပုံငွေတွေ ထည့်ဝင်ပေးနေကြတဲ့ ရသလင်း အမာခံချစ်မိတ်ဆွေများ အားလုံး ဟာ အခုလှူဒါန်းတဲ့ အလှူဒါနတွေအတွက် ကာယကံမြောက်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေဖြစ်ပါတယ်။ မိတ်ဆွေတွေရဲ့ မေတ္တာအင်အား ငွေအင်အားတွေနဲ့ ဒီလို အလှူအတန်းမျိုးတွေ ရသအလင်းက ဆောင်ရွက်နိုင်ခဲ့တာမို့ မိတ်တွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိသလို မိမိတို့ပြုခဲ့တဲ့ ကောင်းမှုကို ကြည်နူးပိတိဖြစ်နေ နိုင်ကြမယ်လို့လည်း ရသအလင်းက ယုံကြည်လျှက်ပါ။

နောင်လည်း ရသလအလင်းက ဒီလိုရန်ပုံငွေ ပွဲလေးတွေ ကျင်းပခဲ့ရင်လည်း ကြွရောက် အားပေးကြပါဦးလို့ ခုကတည်း က ဖိတ်မန္တကပြုထားပါရစေ။

နောက်ထပ်သတင်းကောင်းတစ်ခုကတော့ Surviving Beauty ပွဲလေးရဲ့မှတ်တမ်း DVDခွေများကို အကျိုး အမြတ်ပိုမို ရရှိပြီး ပိုမိုလှူဒါန်းနိုင်စေ ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စင်ကာပူဒေါ်လာ(၅)ဒေါ်လာနှုန်းလောက်နဲ့ ရောင်းချမယ်လို့ စီစဉ် ကြော်ငြာခဲ့ကြပေမယ့် အခု မရောင်းချတော့ပဲ youtube မှာတင်ပေးသွားမည်ဖြစ်ပါကြောင်း…..

မိတ်ဆွေသစ်များအားလုံးကို လှိုက်လှဲနွေးထွေးစွာကြိုဆိုလျှက် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts