မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
ဧပြီ ၁၂၊ ၂၀၁၃
● ကားလ်မာ့စ်မြို့မှာတနေ့တာ
Treviri (it) Trier (de) Trèves (fr)
ပြီးခဲ့တဲ့လက လူဇမ်ဘူးမြို့ကိုခဏရောက်နေခိုက် အချိန်ရတာနဲ့ သိပ်မဝေးလှတဲ့ ဂျာမဏီနယ်စပ်က လူသိသိပ်မများတဲ့ Trier ထရီယာလို့ဆိုတဲ့မြို့လေးကို ခြေဦးဆန့်ခွင့် ကြုံခဲ့ပါတယ်၊ ဒီမြို့ကလေးကို သွားဖို့ချိန်နေတာ တနှစ်ကျော်လောက်တောင် ရှိနေပါပြီ၊ ဒီမြို့အကြောင်းကို စပြီးဖတ်မိကတည်းက သွားချင်ခဲ့တာပါ၊ သွားဖို့အခွင့်က ချက်ချင်းမကြုံပါ၊  လွန်ခဲ့တဲ့ခြောက်လကျော်လောက်က လူဇမ်ဘူး မြို့ကို မောင်ရင်ငတေရဲ့ ညီငယ်တယောက် ခေတ္တလာရောက်နေထိုင်ပါတယ်၊ သူရောက်လာတာနဲ့ အမြဲလိုလို ဂဏာမငြိမ်တတ်တဲ့ မောင်ရင်ငတေတယောက် ခရီးသွားစရာ တနေရာ ပေါ်လာပြန်ပြီ ဆိုပြီး ဝမ်းသာရတာပေါ့၊ ခရီးတွေ အသွားများနေတယ်၊ ယူရိုမီလီယံ ထီပေါက်လို့လားလို့ တချို့က မေးကြတယ်၊ ထင်ကြတယ်၊ အဲလိုမျိုးမဟုတ်ရကြောင်းပါ၊ သွားချင်လွန်းလို့ သွားနေတာပါ၊ ငွေတွေ ပေါများလွန်းလို့ ခရီးသွားနေနိုင်တာ မဟုတ်ပါဘူး၊ ဟော်တယ်တွေ တည်းခိုခန်းတွေမှာ ဇိမ်ကျကျ မတည်းခိုနိုင်ပါဘူး၊ စရိတ်စက အကုန်ကျခံမယ့် စပွန်စာပေးမဲ့ အဖွဲ့အစည်းတွေ မောင်ရင်ငတေမှာ ဘာတခုမှ မရှိပါဘူး၊ မောင်ရင်ငတေ ခရီးသွားပုံက မြန်မာရှေးရိုး ခရီးသွားနည်း စစ်စစ်ပါ၊ ညအိပ် ညနေ တည်းခိုလို့ရမဲ့ မြန်မာပြည်သားတွေကို မိတ်ဆွေသူငယ်ချင်း ဖြစ်အောင်လုပ်ပါတယ်၊ မိတ်ဖွဲ့ ပါတယ်၊ ခင်မင်ရင်းနှီးအောင် နေပါတယ်၊ အကယ်၍ သူတို့တတွေက ပထမဦးစွာ ကိုယ်ရှိရာကို လာရောက် လည်ပတ်ခဲ့ရင် ကိုယ်တတ်နိုင်သလောက် စိတ်ပါလက်ပါ ကူညီလိုက်ပါတယ်၊ ကူညီခ ငွေရေးကြေးရေး မပါပါဘူး မယူပါဘူး၊ စေတနာအပြည့်နဲ့ ကူညီလိုက်ပါတယ်၊ သူတို့ဆီက ပြန်လည် ရရှိတာကတော့ ကိုယ့်ကိုပြန်လည် ဖိတ်ခေါ်တာပါဘဲ၊ ကိုယ်က လိုလိုလားလား ပေးခဲ့တော့ သူတို့ ကလည်း လိုလိုလားလား ပြန်ပေးကြတာပါ၊ သူတို့တွေက ပြန်လည်ဖိတ်ခေါ်ရင်လည်း ဘယ်တော့မှ မငြင်းပါဘူး၊ သွားနိုင်တာနဲ့ သွားဖို့ပြင်ဆင်ခဲ့တာပါဘဲ၊

 အဲဒီလိုနည်းနဲ့ မောင်ရင်ငတေ ခရီးတွေအမြဲ သွားနေခဲ့တာပါ၊ အခုလည်း ပြန်လည်ဖိတ်ခေါ်ထားတဲ့သူတွေ အများကြီး ရှိနေပါသေးတယ်၊ သွားဖို့ ခရီးစရိတ် မတတ်နိုင်သေးလို့ရယ် အချိန်မရသေးလို့ရယ် မသွားဖြစ်သေးတာပါ၊ ဒီတနှစ်တော့ နီးနီးနားနားနဲ့ စရိတ်သက်သာမဲ့ လမ်းကြောင်းတွေကို ရွေးပြီးသွားဖို့ ပြင်ထားပါတယ်၊ ဗီဇာကိစ္စ မလိုအပ်တဲ့ နေရာတွေကို သွားဖို့စိတ်ကူးပါတယ်၊ ဗီဇာလျှောက်ရတဲ့အလုပ်က အတော်ကို စိတ် ပျက်စရာကောင်းလို့ပါ၊ ခရီးတခုသွားဖို့ရာမှာ အဓိကက လက်မှတ်ဖိုး ကုန်ကျစရိတ်ရယ် တည်းခိုဖို့ ကုန်ကျငွေရယ်ပါ၊ ခရီးသွားတာလေးများ ခုခေတ်မှာ ဘာခက်တာမှတ်လို့ ပိုက်ဆံရှိရင် ခရီးသွား ဧဂျင်စီတွေနဲ့ ဆက်သွယ်ပြီး သူတို့ပို့ပေးတာ ဇိမ်နဲ့သွားရုံပေါ့ ဆိုတဲ့သူတွေ ရှိမှာပါ၊ ငွေရှိသူတွေ ငွေကိုရေလို ဖြန်းတီးချင်တဲ့သူ ဖြုန်းနိုင်တဲ့သူတွေကို မောင်ရင်ငတေ မပြောပါဘူး၊ ကိုယ်လို ခရီးသွားတာ ဝါသနာပါသူ အပင်ပန်းခံနိုင်သူ သို့သော်လည်း အတိုင်းအတာတခုနဲ့ သွားရသူတွေ အတွက်သာ ရည်ရွယ်ရင်းပါ၊ အကယ်၍ သွားမဲ့နေရာဒေသမှာ တည်းခိုလို့ရမဲ့ ရွှေဂေဟာတွေ မရှိခဲ့ မသိခဲ့ရင်တော့ ပေါချောင်ကောင်း ဟော်တယ်ရှာရတော့တာပေါ့၊ ဟော်တယ်အနေနဲ့ကတော့ ဥရောပမြို့တွေမှာ အနည်းဆုံးဈေးနှုန်းကတော့ ဘာစတားမှမရှိတဲ့ ဟော်တယ်မှာ တညတာ တခန်း တယောက်အိပ်ခ ၃၀ ယူရိုအောက်မှာ မရှိသလောက်ပါဘဲ၊ နှစ်ယောက်အိပ်တခန်းဆိုရင်တော့ ယူရို ၄၀ လောက် အောက်ထစ်ရှိပါတယ်၊ ကြိုတင်ဘွတ်ကင်လုပ်ထားရင်တော့ သက်သာနိုင်ပါတယ်၊

ထရီယာမြို့မြေပုံလမ်းညွှန်
ထရီယာအင်ဖော်မေးရှင်းရုံးနဲ့ ကားလ်မာ့စ်ပိုစတာ
Trier am Mosel (de) Trèves sur Moselle (fr)
လူဇမ်ဘူးပြည် နယ်စပ်အနီးမှာရှိတဲ့ Trier ထရီယာမြို့ဟာ ဂျာမဏီနိုင်ငံရဲ့ အနောက်ပိုင်းဒေသ Rheinland-Pfalz ပြည်နယ်အတွင်း တည်ရှိပြီး အီတလီလို ထရေဗိရိ Treviri ဂျာမန်လို ထရီယာ Trier ပြင်သစ်လို ထရဲဗ် Trèves လို့ အမည်တွင်တဲ့ မြို့ကလေးဖြစ်ပြီး La Moselle မိုဇယ်မြစ်ကမ်း ဘေးနဖူးပေါ်မှာ တည်ရှိပါတယ်၊ ဂျာမန်ပြည်ရဲ့ ဒုတိယရှေးဟောင်းအကျဆုံး မြို့လေးတမြို့ဖြစ်ပြီး ရောမအင်ပါယာခေတ် ဘီစီ ၁ ရာစု ကာလလောက် ကတည်းက တည်ရှိခဲ့တဲ့ မြို့ဟောင်းတမြို့ ဖြစ်ပါတယ်၊ ဂျာမဏီနိုင်ငံရဲ့ အဓိက စပျစ်စိုက်ပျိုး ဝိုင်ထွက်ရှိရာ ဒေသကြီး ၁၃ ခုထဲက တခုဖြစ်တဲ့ Mosel Weinbaugebiet မိုဇယ်ဝိုင်ဒေသမှာ တည်ရှိပြီး လူဦးရေ တသိန်းကျော် နေထိုင်ပါတယ်၊
ဂျာမန်ရထား အွန်လိုင်းလက်မှတ်
လူဇမ်ဘူးကနေ ထရီယာမြို့ကို မီးရထားနဲ့ဖြစ်ဖြစ် ကားနဲ့ဘဲဖြစ်ဖြစ် သွားလို့ရပါတယ်၊ ကားနဲ့စာရင် ရထားစီးရတာကတော့ ပိုလို့သက်တောင့်သက်သာရှိတာ အမှန်ပါဘဲ၊ ဈေးနှုန်းကတော့ သိပ်မကွာ လှပါဘူး၊ ရထားကလည်း လူချောင်တာများပါတယ်၊ Deutsche Bahn ခေါ်ဂျာမန်မီးရထားတွေက ကျယ်ကျယ်ဝန်းဝန်းရှိသလို ခရီးသည်တွေ ပြည့်ကျပ်နေတာမျိုး မရှိလှပါဘူး၊ ဂျာမန်ရထားလိုင်း တွေက ဥရောပရဲ့ အကောင်းဆုံး ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွေလည်း ဖြစ်ပါတယ်၊ ပြင်သစ် မီးရထားတွေထက် ပိုပြီးကောင်းမွန်ပါတယ်၊ ပြင်သစ်ရထားတွေက အမြဲတမ်းလိုလို ခရီးသွားသူတွေ ပြည့်ကျပ်နေသလို တွဲထဲမှာလည်း လူပိုဆန့်အောင် ထိုင်ခုံတွေများများ ထည့်ထားတာမျိုးပါ၊ အခု လူဇမ်ဘူးကနေ ကီလိုမီတာ ၅၀ ခန့်သာဝေးတဲ့ ထရီယာမြို့ကို ရထားခ အသွာအပြန် ၃၀ ယူရိုခန့် ပေးရပါတယ်၊ ကြိုတင်ဝယ်ထားခဲ့ရင်တော့ ဒီထက်သက်သာမှာပါ၊ သွားမှာ မသေချာလို့ ဈေးကြီးမိ လိုက်တာပါ၊ ကားခကပိုသက်သာပေမဲ့ နေ့ချင်းပြန်သွားတာမှာ ကိုယ်သွားချင်တဲ့ အချိန်နဲ့မကိုက်လို့ ရထားနဲ့သာ သွားဖြစ်ခဲ့တာပါ၊ အသွားကို ဂျာမန်ရထား DB Regio စီးသွားပါတယ်၊ ဒေသတွင်းမှာ ခရီးတိုပြေးဆွဲတဲ့ ရထားတွေပါ၊ တွဲကလည်း သုံးလေးတွဲသာပါပြီး နှစ်ထပ်ရထားတွေများပါတယ်၊ ခရီးသွားကြတဲ့ ရာသီမဟုတ်သလို ရာသီဥတုက သိပ်မကောင်းတော့ ရထားပေါ်မှာ လူရှင်းပါတယ်၊

 

လူချောင်ချောင် ဂျာမန်ရထား DB Regio ဒုတိယတန်းတွဲ

လူဇမ်ဘူးကနေ ထရီယာမြို့ကို ရထားမောင်းချိန် မိနစ်လေးဆယ်ကျော်သာကြာပြီး ရထားကလည်း ခပ်ဖြေးဖြေးမှန်မှန် တနာရီ ကီလိုမီတာ ၁၀၀ ကျော်နှုန်းလောက်သာ မောင်းပါတယ်၊ မြို့သေးသေး ဘူတာလေးတွေမှာ ရပ်လိုက်သွားလိုက်နဲ့ ဂျာမန်နယ်စပ်နားက လူဇမ်ဘူးပိုင်မြို့ Waasserbëlleg အရောက်မှာတော့ နယ်စပ်စည်းခြားမြစ် မိုဇယ်ကမ်းနဖူးဘေးတလျှောက် မောင်းတာပါ၊ ဟိုဘက် ကမ်းက ဂျာမဏီ ဒီဘက်ကမ်းက လူဇမ်ဘူး မြစ်အလည်ခေါင်မှာ နယ်နမိတ်စည်း ခြားထားတာပါ၊ ပတ်ဝန်းကျင်မြင်ကွင်းတွေကတော့ ထူးထူးခြားခြားရယ် ဘာမှမရှိလှပါဘူး၊ သစ်ပင်ကျိုးတိုးကျဲတဲနဲ့ တောင်ကုန်းခပ်နိမ့်နိမ့်တွေကိုသာ မြင်တွေ့ရပါတယ်၊ ဆောင်းတွင်းရာသီဖြစ်လို့ အပင်တွေမှာလည်း အရွက်မရှိ ရိုးတန်မည်းတွေကိုသာ တွေ့ရမှာပါ၊ မြစ်ဘေးတလျှောက်မှာ ရထားလမ်းနဲ့ ကားလမ်း အပြိုင်တွေ့ရတာက ဂျာမန်နိုင်ငံရဲ့ မရိုးနိုင်တဲ့ မြင်ကွင်းတွေထဲက တခုဘဲ ဖြစ်ပါတယ်၊ စီးလာတဲ့ ရထားက ဒေသတွင်းသာ သွားတဲ့ရထားမို့ ထရီယာမြို့မှာ ရထားဂိတ်ဆုံးပါတယ်၊


Wasserbillig sur moselle (fr) မိုဇယ်မြစ်ပေါ်က ဝါဆာဘီလီမြို့
 
ထရီယာမှလူဇမ်ဘူးသို့အပြန် လူဇမ်ဘူးမီးရထား CFL

ဒီမြို့ကနေ အရှေ့ဘက် မိုင် ၈၀ လောက် ဆက်သွားမယ်ဆိုရင်တော့ မိုဇယ်နဲ့ ရိုင်းမြစ် ပေါင်းဆုံရာ Koblenz မြို့ကိုရောက်မှာပါ၊ Koblenz မြို့က ဂျာမဏီပြည်ရဲ့ နာမည်ကြီးမြို့များ ဖြစ်ကြတဲ့ Köln ကိုလုံးနဲ့ Frankfurt ဖရန့်ဖွတ် မြို့နှစ်မြို့ရဲ့ အလယ်ကျကျ နေရာမှာ တည်ရှိတဲ့မြို့ ဖြစ်ပါတယ်၊

ရထားပေါ်ကတွေ့ရတဲ့ မိုဇယ်မြစ်နဲ့ ကားလမ်းအပြိုင်

ပြင်သစ်တွေက ကီလိုမီတာ ၅၆၀ ရှည်ပြီး ဂျာမန်တွေကတော့ ၅၄၄ ကီလိုမီတာ ရှည်လျှားတယ်လို့ ဆိုကြတဲ့ မိုဇယ်မြစ်ဟာ ပြင်သစ်ပြည် Lorraine လောရိန်းဒေသရှိ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀၀ မြင့်မားတဲ့ တောင်ကုန်းတောင်တန်းများရှိရာ Massif des Vosges ကုန်းပြင်မြင့်မှာ ရှိတဲ့ Col de Bussang မှစတင်မြစ်ဖျားခံလာခဲ့ပြီး ပြင်သစ်မြေတလျှောက် ၃၄၁ ကီလိုမီတာကျော် ဖြတ်သန်းပြီးနောက် ပြင်သစ် လူဇမ်ဘူး ဂျာမဏီ သုံးနိုင်ငံ ဆုံဆည်းရာ ပြင်သစ်နယ် Apach မြို့ လူဇမ်ဘူးပြည် Schengen မြို့ ဂျာမဏီနယ် Perl မြို့အရောက်မှစ၍ ဂျာမဏီနဲ့ လူဇမ်ဘူး နယ်စပ်မျဉ်းအတိုင်း မြောက်ဘက်သို့ ၄၀ ကီလိုမီတာခန့် Waasserbëlleg (lb) Wasserbillig (fr) မြို့အထိ ဆက်လက်စီးဆင်းပါတယ်၊ လူဇမ်ဘူးအပိုင် ဝါဆာဘီလီမြို့ အနီးမှာတော့ မြောက်ပိုင်း နယ်စပ်မျဉ်းတလျှောက်က စီးလာတဲ့ D’Sauer (lb) La Sûre (fr) Die Sauer (de) ဆိုယာမြစ်နဲ့ ပေါင်းဆုံပါတယ်၊ ဆိုယာမြစ်ဟာ ဘယ်လ်ဂျီယံနယ်မှာ မြစ်ဖျားခံလာတာဖြစ်ပြီး ၂၀၆ ကီလိုမီတာ အရှည်ရှိပါတယ်၊ ဂျာမန်တွေက ဆိုယာမြစ်ကို ၁၇၃ ကီလိုမီတာသာရှည်တယ်လို့ ရေးသားထားတာ ဖတ်ရပါတယ်၊ ဆိုယာနဲ့ မိုဇယ် ပေါင်းဆုံမိပြီးတဲ့အခါမှာတော့ မိုဇယ်မြစ်ဟာ အရှေ့မြောက်ဘက် ဂျာမန်နယ်ထဲသို့ ကီလိုမီတာ ၁၈၀ ခန့် ဆက်လက်စီးသွားပြီး Koblenz မြို့အနီးမှာ နာမည်ကျော် Rhein ရိုင်းမြစ်ထဲသို့ ပေါင်းဆုံ စီးဝင်သွားပါတယ်၊

La Moselle (fr) Musel (lb) Die Mosel (de)

မိုဇယ်မြစ်ကမ်းနဘေးမှာတည်ရှိတဲ့ ထရီယာမြို့ကလေးဟာ ဂျာမဏီပြည်မှာ တကယ်တမ်းတော့ လူသိများလှတဲ့ မြို့တမြို့မဟုတ်ပါဘူး၊ လူသိများထင်ရှားတဲ့ အခြားသော ဂျာမန်မြို့တွေ အများကြီး ရှိပါတယ်၊ ဒီမြို့မှာ ခရီးသွားဧည့်သည်တွေအတွက် အဓိကလည်ပတ်စရာနေရာ သုံးနေရာရှိပါတယ်၊ ဒီမြို့လေးမှာ နံပတ်တစ်လူသိအများဆုံးက မြို့အမည်တော့ မဟုတ်ပါဘူး၊ အိမ်တအိမ်ရဲ့အမည်ပါ၊ နောက်ပြီး အိမ်အမည်နဲ့ အတူတွဲပြီး အသိများတဲ့ ဝါဒတခု အမည်ပါဘဲ၊ အိမ်အမည်နဲ့ မြို့အမည် တွဲလျှက် သိတာကတော့ တော်တော်ကိုနည်းမှာပါ၊ အဲဒါကတော့ ကားလ်မာ့စ်ဆိုသူ မွေးဖွားခဲ့ရာ Das Karl Marx-Haus အိမ်ပြတိုက်ပါ၊ နံပတ်နှစ် အသိများကြတာကတော့ Die Porta Nigra ခေါ် ရောမခေတ်ကာလက ဆောက်လုပ်ခဲ့သော မြို့အဝင်ပေါက် ဂိတ်တံခါးကြီးပါ၊ နောက်တတိယ တခု ကတော့ တံတားအောက်ခံတိုင် ကျောက်ခုံကြီးတွေ အကောင်းအတိုင်း ကျန်ရှိနေသေးတဲ့ ရောမ ခေတ်လက်ကျန် Römerbrücke ရောမတံတား ဆိုတာပါဘဲ၊


Das Karl Marx-Haus (de) La Maison de Karl Marx (fr) The Karl Marx House (en)

Karl Heinrich Marx ကားလ်မာ့စ်လို့ခေါ်သူက ဒီမြို့သား ဒီမြို့ဇာတိပါ၊ ဒီအမည်ကိုတော့ ကမ္ဘာပေါ် မှာရှိသော လူတော်တော်များများက သိကြပါတယ်၊ သူနဲ့ Friedrich Engels အိန်ဂျယ် (၁၈၂၀-၁၈၉၅) တို့အတူတွဲပြီး ရေးသားခဲ့တဲ့ သူ့တို့ရဲ့ နာမည်ကျော် Das Kommunistische Manifest (The Communist Manifesto) ကွန်မြူနစ်ကြေညာစာတမ်းကို ၁၈၄၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး မြန်မာလို အရင်းကျမ်းလို့ အသိများကြတဲ့ Das Kapital (The Capital) စာအုပ်ကို ၁၈၆၇ ခုနှစ်မှာ ရေးသားထုတ်ဝေ ဖြန့်ချီခဲ့ပါတယ်၊ သူတို့ဟာ ကမ္ဘာကျော်တဲ့ ကွန်မြူနစ်ဝါဒကို စတင်ဖော်ဆောင် အသက်သွင်းခဲ့သူတွေပါ၊ ကွန်မြူနစ်ဝါဒ ကွန်မြူနစ်စနစ်ဆိုတာကလည်း လွန်ခဲ့သောဆယ်စုနှစ်တခု ကျော်လောက် ကတည်းက ကျဆုံးခဲ့ပြီလို့ ပြောနေဆိုနေကြပေမဲ့ အခုလက်ရှိကာလထိတိုင်အောင် အရင်းရှင်ဝါဒ အရင်းရှင်စနစ်ရဲ့ အားနည်းချက်တွေကို အထောက်ပြနိုင်ဆုံး အတိုက်ခိုက်နိုင်ဆုံး စနစ်တခုပါဘဲ၊ ဒီနေရာမှာတော့ ကွန်မြူနစ်ဇင်တွေ ဆိုရှယ်လစ်ဇင်တွေ ကယ်ပီတယ်လစ်ဇင်တွေ ဆွေးနွေးဖို့ မဟုတ်ပါဘူး၊ ကွန်မြူနစ်ဝါဒနဲ့ အရင်းကျမ်းဆိုတာကို ကနဦးတွေးခေါ်ရေးသား အသက် သွင်းခဲ့သူတယောက်ရဲ့ မွေးရပ်မြေကို သိစေချင်တာ တခုပါဘဲ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး တဦးဖြစ်သူ ကားလ်မာ့စ်ဆိုသူဟာ ဒီအိမ်မှာမွေးခဲ့တယ် ဒီမြို့မှာနေခဲ့တယ်ဆိုတာကို သွားကြည့်ချင်စိတ် တခုနဲ့ သာ ဒီမြို့လေးကို သွားချင်မိခဲ့တာပါ၊

 

Das Kapital (Le Capital, de Karl Marx, couverture de l’édition originale) 
http://content.csbs.utah.edu/~ehrbar/cap1.pdfhttp://www.marxists.org/archive/marx/works/download/pdf/Capital-Volume-I.pdf

အနောက်ဂျာမန်တွေကတော့ ကားလ်မာ့စ်ကို သိပ်ပြီးအထူးတလည် အသိအမှတ်ပြုချင်ပုံ မရပါဘူး၊ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကာလက အရှေ့ဂျာမဏီ အနောက်ဂျာမဏီဆိုပြီး နှစ်နိုင်ငံဘဝနဲ့ နေခဲ့စဉ်တုန်းက အနောက်ဂျာမန်နယ်သား ကားလ်မာ့စ်ကို အသိအမှတ်ပြုပြီး ထိပ်ပေါ်တင်ခဲ့တာက အရှေ့ဂျာမန်တွေသာ ဖြစ်ပါတယ်၊ အရှေ့ဂျာမဏီဆိုပြီး ခေတ်ကောင်းခဲ့စဉ် ၁၉၇၀ ကာလများက ကားလ်မာ့စ်ရုပ်ပုံဖြင့် ငွေစက္ကူများ တံဆိပ်ခေါင်းများ ရိုက်နှိပ်အသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်၊ အခုအခါမှာ သူမွေးဖွားကြီးပျင်းခဲ့ရာ Das Karl Marx-Haus ခေါ် သူ့နေအိမ်ကိုတော့ ကားလ်မာ့စ် အမှတ်တရ အထိမ်းအမှတ် ပြတိုက်တခုအဖြစ် အသွင်ပြောင်းပြီး ပြသထားပါတယ်၊ အိမ်နံပတ် ၁၀ Brückenstraße လမ်းမှာတည်ရှိတဲ့ ကားလ်မာ့စ် အမှတ်တရပြတိုက်ကို လာရောက်လည်ကြသူ ဧည့်ပရိတ်သတ်ပေါင်း တနှစ်ကို လေးသောင်းကျော်လောက် ရှိပါတယ်၊ အဲဒီထဲမှာမှ တရုတ်လူမျိုး တွေက လေးပုံတပုံလောက် ရှိပါတယ်တဲ့၊


100 Mark der DDR (East Germany Mark)

ဂျာမဏီပြည် ထရီယာမြို့သား သမိုင်းပညာရှင် ဒဿနပညာရှင် သဘောတရားပညာရှင် ဘောဂဗေဒပညာရှင် လူမှုဗေဒပညာရှင် သတင်းစာဆရာအယ်ဒီတာ စာတမ်းရေးသားသူ တော်လှန်ရေးဝါဒီ ဆိုရှယ်လစ်ဝါဒီ ကွန်မြူနစ်ဝါဒီ ကားလ်မာ့စ်ကို ၁၈၁၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ၆၄ နှစ်အရွယ် ၁၈၈၃ ခုနှစ်တွင် လန်ဒန်မြို့မှာ နေထိုင်နေစဉ် ကွယ်လွန်ခဲ့ပါတယ်၊ ဘွန်းနဲ့ ဘာလင်တက္ကသိုလ်တွေမှာ ကျောင်းတက်ခဲ့၍ ဥပဒေပညာ ဘွဲ့ကိုရခဲ့ပြီး ဂျီနီဗာတက္ကသိုလ်မှ ဒဿနိကဗေဒနဲ့ ဒေါက်တာဘွဲ့ရခဲ့သူပါ၊ ၁၈၄၃ ခုနှစ် နောက်ပိုင်းမှာတော့ ကားလ်မာ့စ်ဟာ သူရဲ့အယူအဆ သူ့ရဲ့အတွေးအခေါ်များ ပြောဆို ရေးသားမှုများကြောင့် ဂျာမဏီကနေ ပြည်ပြေးဘဝနဲ့ ပြင်သစ်ပြည်ပါရီမြို့မှာ လာပြီး နေရပါတယ်၊ ပါရီ ၇ ရပ်ကွက်ရှိ ပြင်သစ်ဝန်ကြီးချုပ်နေအိမ် အနီးမှာရှိတဲ့ Rue Vaneau ဗားနိုးလမ်း အိမ်နံပတ် ၂၃ နဲ့ ၃၈ တို့မှာ ၂ နှစ်ကျော် နေထိုင်သွားပါတယ်၊ ကားလ်မာ့စ် ပါရီမြို့သို့ ရောက်ရှိနေထိုင်စဉ် အချိန်မှာ သူ့ရဲ့အဓိကတွဲဖော်တွဲဖက် အတွေးအခေါ်တူ လူမျိုးတူ ဖရက်ဒရစ်အိန်ဂျယ်နဲ့ ပထမဆုံးအကြိမ် ၁၈၄၄ ခုနှစ်မှာ တွေ့ဆုံခဲ့ကြတာပါ၊ နှစ်နှစ်လောက်ကြာပြီးတော့ ပါရီမြို့ကလည်း သူ့ကို မောင်းထုတ်လိုက်ပြန်တာကြောင့် ဘယ်လ်ဂျီယံ ဘရူဆယ်မှာ ခဏခိုအောင်းပြီးနောက် ဂျာမဏီ ကိုလုံးမှာ ပြန်နေပါတယ်၊ ကိုလုံးမြို့မှာလည်း လပိုင်းလောက်သာ နေလိုက်ရပြီး ပြင်သစ်သို့ပြန်သွားရန် ကြံစည် နေဆဲအချိန် ၁၈၄၈ ခုမှာ ဖြစ်ပွားသော ဒုတိယအကြိမ် ပြင်သစ်တော်လှန်ရေးကြောင့် ပြင်သစ်သို့ ပြန်မလာဖြစ် ပြန်မလာနိုင်တော့ဘဲ လန်ဒန်ကိုပြေးရပြန်ပါတယ်၊ လန်ဒန်မှာ နှစ်တော်တော်ကြာနေထိုင်ရင်း သူ့ရဲ့မွေးရပ်ဇာတိမြေကို ပြန်လည် မရောက်နိုင်တော့ဘဲ ကွယ်လွန်သည့်တိုင်အောင် နေခဲ့ရပါတော့တယ်၊ လန်ဒန်မှာနေထိုင်နေစဉ် အရင်းကျမ်း ဒုတိယတွဲနဲ့ တတိယတွဲတို့ကို ထုတ်ဝေရန် စိုင်းပြင်းနေဆဲ ၁၈၈၃ ခုနှစ် ကားလ်မာ့စ် ကွယ်လွန်သွားခဲ့၍ အိန်ဂျယ်က ဆက်လက်ရေးသား တည်းဖြတ် ထုတ်ဝေခဲ့ရပါတယ်၊

 
Karl Heinrich Marx
 
La Porta Nigra (it) Die Schwarzes Tor (de) La Porte Noire (fr) The black gate (en) (The largest Roman city gate)

Trier ထရီယာမြို့နဲ့တွဲပြီး ဒုတိယ အထင်ရှားဆုံး အကျော်ကြားဆုံးကတော့ အေဒီ ၁၈၀ ခုနှစ်ခန့်က တည်ဆောက်ခဲ့တဲ့ ဥရောပမြောက်ပိုင်းရောမအင်ပါယာရဲ့ အကြီးဆုံးသောမြို့အဝင်ဂိတ်တခုဖြစ်တဲ့ Porta Nigra အဆောက်အဦးပါဘဲ၊ လေးထပ်အဆောက်အဦးတခုဖြစ်ပြီး ယခုခေတ်အခါမှာတော့ ဂျာမဏီနိုင်ငံရှိ ရှေးအဟောင်းဆုံးသော လက်ကျန် အဆောက်အဦအဖြစ် ထိမ်းသိမ်းထားရှိတာပါ၊ သဲကျောက်တုံး အမည်းတွေနဲ့ ဆောက်လုပ်ခဲ့တာဖြစ်လို့ Porta Nigra ဂိတ်မည်းကြီးလို့ အမည်တွင် တာပါတဲ့၊ သူ့ရဲ့မူရင်းအမည်ကိုတော့ ဘာမှတ်တမ်းမှာမှ ရှာဖွေမတွေ့ရှိရပါဘူးတဲ့၊ မြောက်ပိုင်းရောမ အင်ပါယာရဲ့ မြို့တော်ဟောင်းမှာ တည်ဆောက်ခဲ့တဲ့ မြို့အဝင်ဂိတ် လေးခုအနက် ဒီဂိတ်တခုသာ ကျန်ရှိခဲ့တာပါ၊ တခြားဂိတ်သုံးခုကတော့ မရှိတော့ပါဘူး၊ တွဲလျှက်တည်ရှိနေတဲ့ ဘုရားကျောင်း ကိုတော့ ၁၁ ရာစု အစောပိုင်းက ဖြည့်စွက်တည်ဆောက်ခဲ့တာပါ၊ ၁၈၀၄ ခုနှစ် မှာတော့ ပြင်သစ် ဘုရင် နပိုလီယံဘိုနာပတ် ရောက်ရှိလာပြီး ဒီဂိတ်ဟောင်းကြီးကို ပြုပြင်မွမ်းမံခဲ့ပေမဲ့ ဘုရားကျောင်း တစိတ်တပိုင်းကိုတော့ ဖျက်စီးပစ်ခဲ့ပါတယ်တဲ့၊ နှစ်ပေါင်း ၁၈၀၀ ကျော်ပြီဖြစ်တဲ့ ဒီရောမမြို့ အဝင် တံခါးကြီးဟာ အမြင့်ပေ ၉၀ အလျှား ၁၁၈ ပေ အနံ ၇၀.၅ ပေ ရှိပြီး အင်္ဂတေအသုံးပြု သရွတ်ကိုင်ထားခြင်းမဟုတ်ဘဲ ကျောက်တုံးကြီးများကို သံချောင်းတွေဖြင့် ဆက်စပ်တည်ဆောက် ထားတာဖြစ်ပါတယ်တဲ့၊ ဂိတ်တံခါးကြီးရဲ့ ပထမထပ်ကို တက်ရောက်ကြည့်ရှု လေ့လာချင်ရင်တော့ ဝင်ကြေး သုံးယူရိုတော့ ပေးရမှာဖြစ်ပါတယ်၊ အပေါ်ထပ်ကို တက်နေသူတော့ သိပ်မတွေ့ခဲ့ရဘဲ လာသမျှလူတွေ တံခါးကြီးအောက်မှာ ကင်မရာမီးရောင်တဖျတ်ဖျတ်နဲ့ မှတ်တမ်းတင်နေကြတာကို အများအပြား တွေ့မြင်ရပါတယ်၊ ဒီဂိတ်တံခါးကြီးပြီးရင် နောက်ထပ်သွားရမဲ့ နေရာတခုကတော့ ရောမတံတားပါဘဲ၊ ရောမခေတ်က တည်ဆောက်ခဲ့တဲ့ တံတားကြီးဖြစ်လို့ ရောမတံတားလို့ အမည်တွင်နေတဲ့ ဒီတံတားကိုလည်း အေဒီ ၂၀၀ ခုနှစ်က ဆောက်ခဲ့တာပါဘဲ၊ တံတားကြီးရဲ့ မူလလက်ဟောင်း အပေါ်ပိုင်းကတော့ ပျက်စီးခဲ့တာ ကြာခဲ့ပါပြီ၊ ၁၂ ရာစုကတခါ ၁၈ ရာစုကတခါ တံတားအပေါ်ပိုင်းကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်၊ တံတားအောက်ခံ ကျောက်ခုံကြီးတွေ ကတော့ မူလစတင်တည်ဆောက်ခဲ့စဉ်က အတိုင်းပါဘဲတဲ့၊ ထရီယာမြို့ဟာ ရောမမြို့တော်ကနေ မိုင်ပေါင်းတထောင်လောက်ကွာဝေးတဲ့ နယ်မြေမှာတည်ရှိတာပါ၊ ရောမအင်ပါယာခေတ်ကောင်းစဉ် အချိန်များက ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးတွေဟာ ရောမမြို့နဲ့ သိပ်မဝေးကွာတဲ့ အရပ်ဒေသ တွေမှာတော့ ယခုထိတိုင်အောင် အများအပြား တွေ့မြင်နိုင်သေးပေမဲ့ ဒီလောက်ဝေးတဲ့ နေရာမှာ အကောင်းအတိုင်း တွေ့ရမြင်ရဖို့ မလွယ်ကူတော့ပါဘူး၊

 
မိုဇယ်မြစ်ကူးရောမတံတား Die Römerbrücke (de) Le pont romain (fr)

လူဦးရေတသိန်းကျော်ကျော်သာ နေထိုင်ကြတဲ့ ဒီထရီယာမြို့လေးမှာ သမိုင်းကြောင်းအရ ၁၅ ရာစု ကတည်းက တည်ရှိခဲ့တယ်ဆိုတဲ့ Die Universität Trier ထရီယာတက္ကသိုလ်အဟောင်း (၁၄၇၃- ၁၇၉၈) ကို ၁၇၂ နှစ်အကြာ ၁၉၇၀ မှာ ပြန်လည်အသက်သွင်း တည်ထောင်ခဲ့ပြီး ယခုအခါမှာ ကျောင်းသားကျောင်းသူပေါင်း တသောင်းခွဲကျော် တက်ရောက်ပညာသင်ကြား နေပါတယ်၊ လာရောက်တက်နေတဲ့ နိုင်ငံရပ်ခြားက ကျောင်းသားများကတော့ ၁၅ ရာခိုင်နှုန်းကျော် ရှိပါတယ်၊ ဂျာမန်ကျောင်းသားများကော်မတီက သူတို့ရဲ့နာမည်ကျော် ထရီယာမြို့သားကို ဂုဏ်ပြုတဲ့အနေနဲ့ ကားလ်မာ့စ်တက္ကသိုလ်လို့ ပြောင်းလည်းခေါ်ဝေါ်ဖို့ကို အဆိုတင်သွင်းကြပေမဲ့လည်း တက္ကသိုလ် အာဏာပိုင်များက ပယ်ချခဲ့ပါတယ်တဲ့၊ ဘယ်လိုဘဲဖြစ်ဖြစ် ကားလ်းမာ့စ်ရဲ့ဇာတိမြို့ ရောမခေတ်ရဲ့ သမိုင်းဝင်မြို့လေးဟာ အေးအေးချမ်းချမ်း ငြိမ်ငြိမ်ဆိမ်ဆိမ် တိတ်တိတ်ဆိပ်ဆိပ်နဲ့ သာသာယာယာ လှလှပပရှိတဲ့ မြို့ကလေးပါဘဲ၊ နောက်တခါလောက်တော့ အေးအေးဆေးဆေး နားနားနေနေ လာလည်ချင်ပါသေးတယ်၊


ထရီယာမြို့လယ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts