“အိပ်မက်မြုံရှင်သန်ခွင့်”
လင်းနွေးအိမ်၊ ဧပြီ ၁၃၊ ၂၀၁၃
ပိတောက်သစ်
ဖြစ်တည်နိုင်စွမ်းခမ်းနေလား။
သင်္ကြန်ရေတဖလား
ပိတောက်တခက်
မေ့အတွက် ပျက်ကွက်တာ
ပြက္ခဒိန်အခါခါ။
ငါတော့လေ
အကြောသေရင်ခုန်ပွင့်
ရနံ့ လွင့် မှိုတက်အိပ်မက်
ဂျပ်သေတ္တာနံရံကွက်
ချည့်နဲ့ အင်းဆက်များနဲ့ သာ
တွန့် ကြေအိပ်ယာမည်းမှာလုံးထွေး
တေးဆာသွေးဥတချို့ တော့
ဟန်တကျော့ မာန်နော့လို့ 
အလင်းဖျော့မှာ ခုန်ကဝေ့ဝဲ
‘ညိုမြ’တော့အခေါ်မခံနိုင်ဆိုပဲ။
ငုဝါတွေ
သင်းကွဲနွေလွင်ပြင်မှာ
မျှော်လင့်ခြင်းများစွာနဲ့ 
သစ်ကုလားအုပ်ဖြစ်နေလား
အပြင်းစားဝေဒနာသရုပ်ကို
သင်္ခါရ ကဗျာတပုဒ်လို
သက်ပြင်းချမှုတ်ထုတ်နေပေမယ့်
တချက် တချက်
ရက်စက်လေပြန်တေးသွားက
တံခါးမဲ့နားဝကို
တောင်ပြိုကမ်းပြိုတိုက်ချ
မေရေ ငါ့ကို
‘ဂွမ်းတစ’နဲ့  ‘ရီလီဇင်’တပြား
နားလည်ခြင်းနဲ့ ပို့ ပေးပါ။
ညောင်းရွက်တွေ
ဂန္ဓာရီလေမှာ
လိပ်ပြာလွင့်မူးဝေနေပလား
အငှါးဥခွံထဲက ဝင်ကစွပ်လို
ကိုယ်ပိုင်မဲ့ ဘဝမျိုးနဲ့ 
ကိုယ်တိုင်ဖန်တီးခွင့်မဲ့
ရောဂါဗရပွနဲ့ ငါ့ကို
‘ပရိုဗီမင်’သောက်ခွင့်ပေးပါ။
နှစ်ဆယ်ရာစုမကုန်ခင်မှာ
မေ့အတွက်ငါ
ပိတောက်ဝါတွေပေးချင်လို့ 
ကဗျာများစွာရေးချင်လို့ ။ ။
လင်းနွေးအိမ်
၁၉၉၇ သင်္ကြန် — အင်းစိန် (သီးသန့် အကျဉ်းထောင်)