မျက်မှောက်ရေးရာ သတင်းပဒေသာ

ဟန့်တားမှုများရှိနေကြောင်း NLD ပြောဆို

မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂
NLD ၏ ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဥာဏ်ဝင်း (ဓာတ်ပုံ – getty images)


tအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးဆင်းမဲ့ နယ်မြေတွေကို သက်ဆိုင်ရာ အာဏာပိုင်အချို့က ကန့်သတ်ခြင်း၊ တားဆီးပိတ်ပင်ခြင်းများ ပြုလုပ်လာသောကြောင့် အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးလုပ်ငန်းစဉ်များကို ထိခိုက်စေကြောင်း အန်အယ်ဒီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကန်ပိန်းမန်နေဂျာ ဦးဥာဏ်ဝင်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၊နေ့လည် ၁၂နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

` အားကစားကွင်းတွေမှာ ဟောပြောခွင့်ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့ အားကစားဝန်ကြီး ဦးတင့်ဆန်းကပဲ အားကစားကွင်း(ဘောလုံးကွင်း)တွေမှာ ဟောပြောပွဲ မလုပ်ရဆိုပြီး စာထွက်တဲ့တယ်၊ ရှေ့ဆက်မဲ့ပါတီစည်းရုံးရေး တွေကို ထိခိုက်တယ် လို့ ယူဆတယ်`ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး ကန်ပိန်းမန်နေဂျာ ဦးဥာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နှစ် ၂၀ကျော်ကြာအောင် ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့ရသောကြောင့် ယခုလို ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ခွင့်ရသော ဟောပြောပွဲများကိုပြုလုပ်ရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအား ဟောပြောဖို့အတွက် လုံလောက်သော ကွင်းပြင် လိုအပ်ကြောင်း၊ အားကစားကွင်းဟု ဆိုသော ဘောလုံးကွင်းများကို ဟောပြောခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်သို့ စာတင်ပြီးခွင့်တောင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ခွင့်ပြုခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလေးစားသောကြောင့် ဥပဒေအတိုင်းပဲ ဆောင်ရွက်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် ထိခိုက်အောင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်း၊ သို့သော် အားကစားဝန်ကြီး ဦးတင့်ဆန်းက အားကစားကွင်းများတွင် ဟောပြောပွဲ မလုပ်ရန် တားမြစ်ခဲ့ကြောင်း ဦးဥာဏ်ဝင်းက သတင်းမီဒီယာအား သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

`ဖျာပုံမှာလည်း အားကစားကွင်းမသုံးရဖူးဆိုပြီး လုပ်ခဲ့တာလည်း ၀န်ကြီးဦးတင့်ဆန်းကပဲ ဟန့်တားနေတာ၊ ဒီလို ဟန့်တားမှုတွေက တရားမျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေတယ်လို့ ခံစားရတယ်`ဟု ဦးဥာဏ်ဝင်းက သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီစည်းရုံးရေးခရီးစဉ်ကို ဇန်န၀ါ၇ီလ ၂၆ ရက်နေ့ ထားဝယ်ခရီးစဉ် တွင်စတင်ခဲ့ကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ငါးနေရာထိသွားရောက်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ခရီးစဉ်များတွင် အားကစားကွင်းအတွင်း ဟောပြောပွဲ ပြုလုပ် ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့သော်လည်း အားကစားဝန်ကြီး ဦးတင့်ဆန်းက ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မတ်လဆန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နန်းတီးကျေးရွာ စည်းရုံးရေး ခရီးစဉ်ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အချို့က ကချင်ပြည်တွင် လုံခြုံရေးကြောင့် စည်းရုံးခွင့်လုံးဝ မပြုကြောင်း၊ ထို့ပြင် အားကစားကွင်းကိုလည်း ခွင့်မပြုဟု တားမြစ်ထားကြောင်း၊ သို့သော်လည်း အဖွဲ့ချုပ်အနေဖြင့် မနောမြေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းလျက် ရှိကြောင်း သိရှိရသည်။

`ကန့်သတ်မှုတွေ တဖြည်းဖြည်းနဲ့ များလာတယ်၊ ဒီလိုသာ ဆိုရင် လာမဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိဖို့ ခဲယှဉ်းလာနိုင်တယ် `ဟုဦးဥာဏ်ဝင်းက ပြောသည်။

ကန့်သတ်ချက်တွေ များလာခြင်း၊ လွတ်လပ်ပြီး တရားမျှတစေရေး အတွက် ရွေးကောက်ပွဲကော်မရှင်က ပြောဆိုနေပြီး၊ လက်တွေ့စည်းရုံးရေးဆင်းရာတွင် အခက်အခဲများအကြပ်အတည်းများကြုံတွေ့နေရခြင်း၊ ဆက်လျက်ပြီး စည်းရုံးရေးအတွက် အကြပ်အတည်းများ ကြုံတွေ့နေရလျှင် လည်း အန်အယ်ဒီ အဖွဲ့ချုပ်အနေဖြင့် ဆက်လျက် ကြိုးစားဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး ကန်ပိန်းမန်နေဂျာ ဦးဥာဏ်ဝင်းက ပြောသည်။

အန်အယ်ဒီပါတီအနေဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာစလုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

မူရင်း – ရွှေမြစ်မခ www.myitmakhamediagroup.com/detail.php?newid=734


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts