ရသဆောင်းပါးစုံ

အညတရအကျဉ်းသားရဟန်းတော်များ (၁၃) အရှင်ကုမုဒ (ခ) ကျော်ဝင်း

အရှင်ပညာနန္ဒ
ဖေဖ၀ါရီ ၁၇၊ ၂၀၁၂

အမည်- အရှင်ကုမုဒ (ခ) ကျော်ဝင်း
မွေးဖွားရာဒေသ – (—) စဥ့်ကူးမြို့ နယ်၊ မန္တလေးတိုင်း။
မွေးသက္ကရာရာဇ် – ၁၉၆၂
အဖမ်းခံရသည့်နေ့စွဲ – ၁၉၈၉
ပုဒ်မ – ၆ (၁) ၁ ၀/၁၄ (ဃ) ၆ (က) (ခ) ၅
စီရင်ချက်ချနေ့ နေ့စွဲ – ဇန်န၀ါရီ ၂၂၊ ၁၉၉၁
ချမှတ်ခံရသည့်ထောင်ဒဏ် – (၁၁) နှစ်။
နေခဲ့ရသည့်ထောင်များ – ပြည်၊ သာယာဝတီ၊ လွိုင်ကော်ရေအားလျှပ်စစ်စီမံကိန်း (လုပ်အားပေးစခန်း) ရှေ့တန်းစစ်မျက်နှာ။
လွတ်မြောက်သည့်နေ့ - ၁၉၉၄ ခုနှစ်။

● ရှစ်လေးလုံးအရေးအခင်းကာလ
၁၉၈၈ အရေးအခင်းဖြစ်တော့ ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်မှာ ပရိယတ္တိစာပေသင်ကြားဘို့ ရောက်ရှိနေပါတယ်။ အရေးအခင်းဖြစ် တာနဲ့ကြုံတော့ အခြားသံဃာတော်တွေနဲ့အတူ လူသတ်သမားအစိုးရ အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ရှေ့ဆုံးကနေ ပါဝင်လှုပ်ရှား ခဲ့ပါတယ်။ အခြားသံဃာတော်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာပါဝင်ဆောင်ရွက်ရင်း ၁၉၈၉ ခုနှစ်မှာ အခြားသံဃာတော် (၇) ပါးနဲ့အတူ အဖမ်းခံရပြီး ပြည်မြို့ရဲစခန်းမှာ လေးပတ်ကြာ ချုပ်နှောင်ထားခြင်းခံခဲ့ရပါတယ်။ ညဘက်အချိန်တွေမှာ ဦးခေါင်းကိုအိပ်နဲ့စွပ်တာခံရပြီး အရက်မူးမူးနဲ့ ရဲတွေရဲ့ရိုက်နှက်တာ၊ ဆဲဆိုတာတွေကို ပြည်မြို့ကရဲစခန်းမှာ လေးပတ်ကြာ နေ့စဉ်ခံခဲ့ရပါတယ်။ အဲဒီနောက် ဘုန်းကြီး (၇)ပါးလုံးကို ပြည်ထောင်ကိုပို့လိုက်ပါတယ်။

● စစ်ကြောရေးအတွေ့ အကြုံများ
ထောင်ရောက်တာနဲ့ ရဟန်းသိက္ခာချဘို့ ထောင်မှူး ထောင်ပိုင်တွေနဲ့  ထောက်လှမ်းရေးကအမိန့်ပေးပါတယ်။ သိက္ခာချဘို့ ဘုန်းကြီးတွေက ငြင်းဆန်ခဲပေမဲ့ အတင်းအဓမ္မ ကိုယ့်သဘောနဲ့ကိုယ် သိက္ခာချကြောင်းလက်မှတ်ထိုးခိုင်းတဲ့အတွက် လူဝတ်လဲပေးလိုက်ရပါတယ်။ လူဝတ် လဲလိုက်ပေမဲ့လဲ ဦးဇင်းတို့ဟာ သိက္ခာမချရသေးတဲ့အတွက် ရဟန်းဘ၀မှာဘဲရှိပါသေးတယ်။ ဘုန်းကြီးတွေကို ထောက်လှမ်းရေးလား ဘာ လားတေ့မသိဘူး နေ့လည်ပိုင်းတွေမှာ မေးခွန်းတွေမေးပြီးပြန်သွားကြတယ်။ ညဘက်မှာတော့ ရဲတွေက စစ်ဆေးမေးမြန်းတာကိုခံရပါ တယ်။ တချို့က ယူနီထောင်းတွေဝတ်ထားပြီး တချို့ကတော့ အရပ်ဝတ်တွေနဲ့ပါ။ သူတို့မေးတဲ့မေးခွန်းကတော့ “မင်းတို့ကို ဘယ်သူက ခိုင်းတာလဲ? မင်းတို့ ခေါင်းဆောင်ကဘယ်သူလဲ? အခြားဘယ်သူတွေပါသေးလဲ?” နဲ့ ထပ်ခါ ထပ်ခါ မေးကြပါတယ်။

ထောက်လှမ်းရေးလို့ယူဆရသူတွေက ဘုန်းကြီးတွေကိုမတ်တပ်ရပ်ခိုင်းပြီး လက်တွေကို ဘေးဘက်ဆီထုတ်ထားခိုင်းပြီး မနားတမ်း လေ ယာဉ်ပျံ စီးခိုင်းပါတယ်။ သူတို့ရိုက်တာလည်း ခံရပါတယ်။ နောက်ဘုန်းကြီးတွေကို ခြေထောက်တချောင်းထဲနဲ့ မတ်တတ်ရပ်ခိုင်းပြီး သံဆူး တွေပေါ်မှာ ခြေထောက်ကို အတင်းအဓမ္မထောက်ခိုင်းပါတယ်။ အသည်းခိုက်အောင်နာကျင်လှပါတယ်။ တခါတလေ မျက်နှာကိုအိပ်နဲ့စွပ်ပြီး
“မင်းတို့က ဘာလို့ဘုန်းကြီးဘ၀နဲ့ အေးအေးဆေးဆေးမနေချင်ကြတာလဲ? ဘာလို့ နိုင်ငံရေးလုပ်တာလဲ? နိုင်ငံရေးနဲ့ မင်းတို့နဲ့ ဘာမှမ ဆိုင် ဘူးလို့ပြောပြီး ရင်ဘတ်တွေ၊ ကျောတွေက ထောင်လှမ်းရေးတွေရဲ့ စစ်ဖိနပ်နဲ့ ဝိုင်းပြီးကန်တာကိုခံရပါတယ်။ ဘုန်းကြီးတွေမို့လား မသိဘူး။ အခြားသူတွေထက် အရိုက်ခံရ၊ အဆဲခံရပါတယ်။

သူတို့နားမလည်တာက လက်ရှိစစ်အစိုးရက ပြည်သူတွေကိုညှဉ်းဆဲသတ်ဖြတ်နေတာတွေ၊ ဗိုလ်ကြအနိုင်ကျင့်နေတာတွေကြောင့် ဘုန်း ကြီးတွေက အေးအေးဆေးဆေးမနေဘဲ တရားမျှတမှုအတွက် ပါဝင်ဆောင်ရွက်နေတယ်ဆိုတာကို နားမလည်တာပါဘဲ။ ဒါကြောင့် ဘုန်း ကြီးတွေက မတရားတဲ့စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေတာပါ။ အာဏာပိုင်တွေက ဘုန်းကြီးတွေနဲ့ ပြည်သူတွေရဲ့ခံစားချက်ကို နားမ လည်ကြဘူး။ အကျဉ်းထောင်တွေထဲမှာ ဘုန်းကြီးတွေကို ဗုဒ္ဓဘာသာဝန်းထမ်းတွေကဘဲ ဆဲဆို ရိုက်နှက် ကန်ကျောက်နေတာတွေဟာ အတော်လေး စိတ်မချမ်းမြေ့စရာကောင်းလှပါတယ်။

အဲဒီလိုနဲ့ ဇန်န၀ါရီ ၂၂၊ ၁၉၉၁ ခုနှစ်မှာ စစ်ခုရုံးက ဦးဇင်းကို ထောင်ဒဏ် (၁၀) နှစ်နဲ့ ဒဏ်ငွေငါးသောင်း ချမှတ်လိုက်ပါတယ်။ ဒဏ်ငွေ မဆောင်နိုင်လို့ တနှစ်ထပ်တိုးပြီး (၁၁) နှစ်ပြစ်ဒဏ်ချမှတ်တာခံခဲ့ရပါတယ်။ ပြစ်ဒဏ်ချမှတ်တာခံရပြီး မကြာခင် သာယာဝတီထောင်ကို ပို့ လိုက်ပါတယ်။ သာယာဝတီထောင်မှာ ဘုန်းကြီးခြောက်ပါးလောက်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။ သာယာဝတီထောင်မှာ နှစ်ပတ်လောက်ထားပြီး ဦးဇင်းကို အလုပ်ကြမ်းစခန်းကိုပြောင်းရွှ့ပြီး အလုပ်ကြမ်းလုပ်ခိုင်းတာခံရပါတယ်။

● အဓမ္မလုပ်အားပေးစခန်း
ပထမဆုံး လှည်းကူးအဝေးပြေးလမ်းမစီမံကိန်းအတွက် ကျောက်ထုရပါတယ်။ အဲဒီမှာ (၁၅) ရက်လောက်နေခဲ့ရပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နားက မထောင်ပိုလုပ်အားပေးစခန်းကို ပို့ဆောင်ခဲ့ပြီး သံခြေကျင်းတွေ တနေ့လုံးအခတ်ခံထားရပြီး ရေအားလျှပ်စစ်စီမံကိန်း အတွက် ပင်ပန်းဆင်းရဲစွာ အလုပ်ကြမ်းလုပ်ခိုင်းတာခံရပါတယ်။

အဲဒီမှာ ဘုန်းကြီး (၇) ပါးလောက်နဲ့ တွေ့ ဆုံခဲ့ရပါတယ်။ သူတို့လည်း ၈၈ အရေးခင်းမှာပါဝင်ခဲ့လို့ ထောင်ကျနေတာဆိုတာ သိခဲ့ရပါတယ်။ အဲဒီရေအားလျှပ်စစ်စီမံမံကိန်းမှာ ဂျပန်အင်ဂျင်နီယာတွေ ရှစ်ယောက်လောက်ရှိပါတယ်။ ဦးဇင်းတို့ ခြေကျင်းတန်းလန်းနဲ့ အလုပ်လုပ်နေတာ တွေ့ပေမယ့် ဘာမှမေးမြန်းခြင်းမရှိပါ။

မနက် (၈) နာရီကနေ (၁၁)၊ ၃ နာရီခွဲအထိ အလုပ်လုပ်ရပြီး၊ နေ့လည် (၁) နာရီကနေ ညနေ (၄) နာရီအထိ အလုပ်လုပ်ရပါတယ်။ နွားတွေ လို အလုပ်လုပ်ခိုင်းတာခံရပြီး အရိုက်ခံရပါတယ်။ ပင်ပန်းလို့ အနားယူလို့မရ။ တခါတလေစခန်းအာဏာပိုင်တွေက သူတို့ကိုယ်တိုင် မရိုက် တော့ဘဲ ထောင်တန်းစီးတွေကို ရိုက်ခိုင်းပါတယ်။

နေ့စဉ်ကျွေးတဲ့ထမင်းကတော့ ပဲဟင်းလို အရည်တမျိုးဖြစ်ပြီး နေပူရင် ထမင်းဟင်းတွေက သိုးကုန်ပါတယ်။ အဲဒီလို ထမင်သိုး ဟင်းသိုး တွေ နေ့စဉ်ရက်ဆက် စားသုံးရတာတွေကြောင့် တချို့ ၀မ်းလျောဝမ်းပျက်ဖြစ်ပြီး အကျဉ်းသားအချို့ သေဆုံးခဲ့ရပါတယ်။ အဲဒီအလုပ်ကြမ်း စခန်းမှာ ၁၉၉၃ ခုနှစ်အထိ နေခဲ့ရတယ်။

● ပေါ်တာ (အထမ်းသမားဘ၀)
အလုပ်ကြမ်းစခန်းကနေ ဦးဇင်းအပါအ၀င် အကျဉ်းသာ (၅၀) ကျော်လောက်ကို စစ်တပ်ပေါ်တာအနေနဲ့ ဖားဆောင်းမြို့နယ်နားက စစ် စ ခန်းတခုကိုပို့ဆောင်တာခံရပြန်ပါတယ်။ အလုပ်ကြမ်းစခန်းမှာမသေဘဲ ရှေ့တန်းစခန်းမှာ အထမ်းသမားဘ၀နဲ့ စစ်သားတွေသတ်လို့သေ မလား၊ ကျည်ဆံမှန်ပြီးသေမလားဆိုတာ စိုးရိမ်ခဲ့ရပြန်ပါတယ်။ စောထစခန်းနဲ့ ထီးထစခန်းကို အမြောက်ကျည်ဆံတွေကို ခုနှစ်ရက် သယ် ပေးရပါတယ်။

ကရင်ပြည်နယ်၊ ဖားဆောင်းနားက ထောင်းလှဆိုတဲ့တောင်ကုန်းတခုမှာ ခုနှစ်ရက်နေပြီး ဦးဇင်းတို့ကို ဖားဆောင်းပြန်ပို့ပြီး ရဲစခန်းမှာချုပ် ထားပြန်ပါတယ်။ အဲဒီကနေ ခလ၇ (၄၂၈) ခလရ (၄၂၉) လက်ထဲကိုပြန်လွှဲပြီး ပေါ်တာအဖြစ်နဲ့ ကျည်ဆံသေတ္တာတွေထမ်းပြီး ရှေ့တန်းစခန်း တွေ သယ်ပေးရပြန်ပါတယ်။ နေ့ည မနားတမ်းကျည်ဆံသေတ္တာတွေထမ်းခိုင်းတာကြောင့် ဦးဇင်းနဲ့အတူ အချို့ပေါ်တာတွေ မထမ်းနိုင်ဘဲ လဲကြကုန်ပါတယ်။ အချို့ပေါ်တာတွေ အာဟာရပြတ်ပြီး သေဆုံးကုန်ပါတယ်။ မြေမြှုပ်မိုင်းဒဏ်ကြောင့် စစ်သားတွေနဲ့ ပေါ်တာတွေ သေ ဆုံးရတာတွေလည်းရှိပါတယ်။ လမ်းမလျှောက်နိုင်တော့တဲ့ပေါ်တာတွေကို စစ်သားတွေက ပစ်သတ်လိုက်ကြပါတယ်။ စစ်သားတွေပြော တာက ငါတို့ကမသတ်လည်း ကေအဲန်ယူကမိရင် မင်းတို့ကိုသတ်မှာဘဲတဲ့။

ဒါကြောင့် သူတို့အစား မင်းတို့ကို ငါတို့ဘဲသတ်မယ်လို့ပြောတယ်။ ဦးဇင်းကိုယ်တိုင် ပေါ်တာတယောက်ရဲ့အသက်ကို အသက်နဲ့ရင်းပြီး ကယ်ဆယ်ဘူးတယ်။ ဦးဇင်းနဲ့အတူပါလာတဲ့ ရန်ကုန်က ကိုဇော်ထွန်းဆိုတဲ့အကျဉ်းသားပေါ်တာကို မထမ်းနိုင်လို့ လမ်းပေါ်လဲအကျမှာ စစ်သားတယောက်က ပစ်သတ်မယ်လုပ်ပါတယ်။ ကိုဇော်ထွန်းကိုမသတ်ဘို့ ဦးဇင်းက အနူးအညွတ်တောင်းပန်တယ်။ သူ့ကိုမသတ်ပါနဲ့။ သူလမ်းမလျောက်နိုင်ရင်ထားခဲ့ပါ။ သူကောင်းချင်လည်းကောင်းလာမှာပါ။ ကေအဲန်ယူကမိလို့သတ်ရင်လည်း သူကံပေါ့လို့ပြောမှ မသတ် ဖြစ်တော့ဘဲ လမ်းပေါ်မှာ ဒီအတိုင်းပစ်ထားခဲ့ရတယ်။ သူ အသက်ရှင်လား သေလားဆိုတာလည်းခုချိန်ထိသတင်းမရခဲ့ပါ။ ကိုယ့်ရှေ့မှာ လူတွေအများကြီးအသတ်ခံထားရတာကိုတွေ့နေရလို့ အရမ်းလည်းကြောက်နေပြီ။ ကိုယ့်အလှည့်ဘယ်တော့လာမလဲဆိုတာ စိုးရိမ်နေရပြီ ဖြစ်တဲ့အတွက် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒုတိယတခေါက် ခြောက်လလောက်အကြာ ရှေ့တန်းစခန်းမှာရောက်နေတုန်း ၁၉၉၄ နိုဝင်ဘာလမှာ သံလွင်မြစ်ကိုဖြတ်ကူးပြီး ထွက်ပြေး လွတ်မြောက်ခဲ့တယ်။ ABSDF တပ်ရင်း (၁၀၉) က ကျောင်းသားတပ်မတော်ကရဲဘော်တွေက အကူအညီပေးလို့ အသက်ရှင်ခွင့်ရခဲ့ပါတယ်။ ဦးဇင်းရဲ့ အတွေ့ အကြုံတွေကတော့တကယ့်ငရဲခန်းတွေပါဘဲ။ကံကောင်းလို့ မသေခဲ့တာပါ။

ပြည်သူဘက်ကရပ်တည်ခဲ့လို့ ထောင်ချခံရမယ်၊ အလုပ်ကြမ်းစေခိုင်းခံရမယ်၊ ပေါ်တာအဖြစ် ရှေ့တန်းစခန်းတွေကိုသွားရမယ်ဆိုတာမသိခဲ့ ပါဘူး။ ပြည်သူတွေဒုက္ခရောက်နေတဲ့ချိန်မှာ ကိုယ်နိုင်တာတခုခုလုပ်ပေးချင်တယ်။

ဘာမှမလုပ်ဘဲမနေနိုင်ဘူး။ အဲဒါကြောင့် ဒကာ ဒကာမတွေကိုကို ဘယ်ဟာကတော့ မှန်တယ် ဘယ်ဟာကတော့ မှားတယ်ဆိုတာကို သင် ကြားပေးခဲ့တာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တတ်နိုင်သလောက်ဆက်လုပ်သွားရဦးမှာပါ။ ။

ရင်းမြစ်- AAPP


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “အညတရအကျဉ်းသားရဟန်းတော်များ (၁၃) အရှင်ကုမုဒ (ခ) ကျော်ဝင်း

Comments are closed.