မောင်လူရေး
ဧပြီ ၁၆၊ ၂၀၁၃
အစီရင်ခံစာပါတဲ့အတိုင်းကောက်ချက်ချရရင် လက်ပံတောင်းစာချုပ်ဟာ တရားမဝင်။ ဥပဒေနဲ့မညီ။ အထူးသဖြင့် နိုင်ငံတော်အကျိုး တစိုးတစိမှ မရှိ။
အစီရင်ခံစာထဲကအတိုင်းဆိုရင် ဦးပိုင်ဟာ ဇိမ်ခန်းပိုင်ရှင်နဲ့တူနေတယ်။ ဝမ်ဘောင်ကတော့ ရဲပေါ့လေ။ ဇိမ်မယ်ကတော့ လက်ပတောင်း ဒေသခံတွေဘဲ။ နိုင်ငံတော်ကတော့ ရပ်ကွက်လူကြီးအဆင့်လောက်ရှိမယ်ထင်တယ်။
ဆိုတော့ ကြေးနီထုတ်ယူတဲ့လုပ်ငန်းက ရပ်ထားရမယ်။ နိုင်ငံတကာစံနှုံးတွေနဲ့ညီအောင် လုပ်ရမှာတွေ အများကြီး။ အဲလိုလုပ်ပြီးရင်တောင် ဒေသခံတွေရယ်၊ နိုင်ငံအဝှမ်းကပြည်သူတွေရယ် ကြိုက်နှစ်သက်မှ၊ လိုလားမှ ဆက်လုပ်ရမှာ။
အခုဟာက ခပ်တည်တည်ဘဲ။ မြေလျော်ကြေးလေး မဖြစ်စလောက်ပေး၊ ပီးရင် စာချုပ်မယ်တဲ့။ တကယ်က အဲဒီအဆင့်ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ စာချုပ်သင့် မသင့် တိုင်းပြည်က စဉ်းစားရမှာ။ ဦးပိုင်လဲမဟုတ်ဘူး။ ဝမ်ဘောင်လဲမဟုတ်ဘူး။ ဒေါ်စုလဲမဟုတ်ဘူး။ မြန်မာ့မြေရေလေပိုင်ရှင် မြန်မာပြည်သူတွေ စဉ်းစားရမှာ။
ဘာ့ကြောင့်ဆို ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ ကြည့်ရအောင်။
အရင်က ဒီပိုက်လိုင်းကို တရုတ်ကလုပ်တာမှတ်နေတာ။ ခုမှဘဲ တရုတ်ဆီက ငွေချေးပြီး မြန်မာဘက်ကလုပ်ရမှန်း သိတော့တယ်။ ပီးတော့ ဓာတ်ငွေ့နဲ့ရေနံက သူတို့သုံးဖို့။ ဒီမှာ စိုက်ခင်းတွေ၊ ဘဝတွေအပျက်ခံပြီး၊ မြန်မာပြည်ကြီးထက်ပိုင်း ပိုင်းခံပြီး၊ ရာသက်ပန် မြေကြီးက ရွှေသီးရမဲ့ဟာတွေ ဆုံးရှုံးခံပြီး သစ်တောတွေ၊ မြေတွေတင် ပေးလိုက်ရတယ်မှတ်နေတာ။ ခုတော့ မြေတင်မက ငွေရောပေးလိုက်ရတာကိုး။ ငွေက ဘယ်ကတုန်းဆိုတော့ တရုတ်ဆီက ချေးထားတာတဲ့။ အဲဒီငွေနဲ့ ပိုက်လိုင်းမြုတ်၊ ပီးရင် တရုတ်ကိုဓာတ်ငွေ့ပို့ပေး။ ပီးရင် မြန်မာ့ရင်းနှီးမြုတ်နှံမှုဘဏ်က အကြွေးပြန်ဆပ်။ အဲသလိုတဲ့ဗျာ။
မိအေးတို့များ သဘောကောင်းချက်တော့ ကလေး ၅ ယောက်၊ အဖေမပေါ်ဘူး ဆိုသလိုဘဲ။
ကဲ မြန်မာပြည်မိအေး၊ နောက်ထပ် အဖေမပေါ်တွေ မမွေးချင်တော့နဲ့။
ဗိုလ်သန်းရွှေ ဘာတွေလုပ်ထားမှန်းမသိဘူး။ ရူးနေတာထက်ဆိုးတယ်။ စာချုပ်တွေ တတိုင်းပြည်လုံးကသိဖို့ သိပ်အရေးကြီးနေပြီ။ မဟုတ်ရင် မြန်မာပြည်က မနက်အိပ်ယာထရင် ကိုယ့်တိုင်းပြည်မဟုတ်တော့ဘဲ တရုတ်ပြည်ဖြစ်နေမဲ့ကိန်း။ တရုတ်လဝကဆီ ခံဝန်နဲ့နေနေရတာလို ဖြစ်နေမယ်။
ဖတ်ကြည့်ဗျာ Z.ဖေဝင်း ရဲ့ ရွှေလေထီးနဲ့ မိုးကျရွှေကိုယ်တော်များ ဆိုတဲ့ ပြည်သူ့ခေတ်ကဆောင်းပါး။
“နဝတ အစိုးရလက်ထက်မှာ အရပ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို အသုံးပြုတာ မရှိသလောက်နည်းပါးခဲ့ရပြီး၊ အခု ဒီဘက်ပိုင်းမှာ ပညာရှင်များကို အသုံးပြုလာပေမယ့် အဆုံးအဖြတ်ကတော့ သူတို့လက်ထဲမှာပါပဲ။ လုပ်ငန်းကိစ္စကြီးတွေအတွက် စာချုပ်စာတမ်း ချုပ်ဆိုလုပ်ကိုင်ကြရာမှာ ကျွမ်းကျင်မှု ဘယ်လောက်ရှိဖို့ လိုတယ်ဆိုတာ အခုဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် အရေးမှာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါပြီ။ ကိုယ်ကလုပ်ငန်းအကြောင်းကို နားမလည်၊ လူလည်းမသိစေချင်တော့ ပညာရှင်လည်းသုံးလို့မဖြစ်၊ တစ်ဖက်ကပြောသမျှ၊ တွက်ပြသမျှယုံပြီး လုပ်လိုက်တော့ နောက်ဆုံးငါးပါးမှောက်တာပါပဲ။ တစ်ဖက်က ယုံလောက်အောင်လုပ်တဲ့နေရာမှာ စားပွဲအောက်ကရော၊ စားပွဲပေါ်ကရော၊ စားပွဲဘေးကပါ အမျိုးစုံလုပ်ခဲ့ပုံရပါတယ် “
အဲဒီဆောင်းပါးမှာ ဘာမှမသိတဲ့စစ်ဗိုလ်ချုပ်တွေကို လျှပ်စစ်ကဏ္ဍတွေမှာ တရုတ်ဘက်က နည်းမျိုးစုံနဲ့နှပ်ချတဲ့အကြောင်းတွေ၊ ယုတ်မာခဲ့တာတွေရေးထားပါတယ်။ ငွေယူပြီး အနှပ်ချခံတာလဲ ဖြစ်နိုင်တယ်တဲ့။
အူကြောင်ကြားလေယဉ်အသစ်ဝယ်ပုံတွေအကြောင်းလဲပါပါတယ်။ အိတ်စပါရာဒိတ်မကြည့်ဘဲ ဝယ်လာသလိုမျိုးလေ။ ကိုယ်အူတာ အတာ နတာ ချာတာ ဒူတာ ကမ္ဘာလှဲ့ပြနေသလိုပါဘဲ။ ဘာဖြစ်လို့မှ တာဝန်ယူ၊ တာဝန်ခံရတဲ့သူကလဲ မရှိ။ တာဝန်မခံရဲတဲ့နေရာမှာတော့ မြန်မာစစ်ဗိုလ်ချုပ်တွေကို မှီတဲ့သူ ဒီဒွန္နယာမှာ မပေါ်သေး။
ဆောင်းပါးရှင်ကလဲ သူတဆင့်ဖတ်ရတဲ့နွယ်နီမဂ္ဂဇင်းထဲက ဆောင်းပါးအကြောင်းဖောက်သည်ချပါ တယ်။ ကျုပ်လဲ ထပ်ချသင့်တယ်ထင်လို့ ထပ်ချလိုက်ပါတယ်။ ဖတ်မိတဲ့သူတွေလဲ ထပ်ချလိုက်ပါအုံး။ မြန်မာမှန်သမျှ သိရမှ ဖြစ်မှာကိုး။
ဗိုလ်သန်းရွှေ တိုင်းပြည်အပေါ်လုပ်ရက်ပုံကတော့ဗျာ။ ဖတ်သာကြည့်ကြပေတော့။
“ ဒီအကြောင်းတွေ စဉ်းစားမိတဲ့ အကြောင်းရင်းကတော့ ယခုနှစ် မတ်လထုတ် နွယ်နီမဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်ကြောင့်ပါ။
‘ မြန်မာပြည်အပေါ် တရုတ်လွှမ်းမိုးမှု အနေအထား နှင့်တိုင်းပြည်အနာဂတ်’ ဆိုတဲ့ ဆောင်းပါးပါ။ စာမျက်နှာ ၁၀၂ မှာ ၁၉၉၉ ခုနှစ် အကုန်မှာ မြန်မာအစိုးရဟာ တရုပ်ပြည်နဲ့ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံဖိုး ရှိတဲ့ နားလည်မှု သဝဏ်လွှာပေါင်း ၅၀၇ ခုကို လက်မှတ်ထိုးခဲ့တယ်။ ၂၀၀၂ ခုနှစ်မှာ တရုပ်ကုမ္ပဏီတွေဟာ ဒေါ်လာ ၂.၁ ဘီလီယံတန်ဖိုးရှိတဲ့ စီမံကိန်း ၂၉၃ ခု ကန်ထရိုက် စာချုပ် ချုပ်ဆိုလိုက်ပြီး၊ ၂၀၀၄ ခုနှစ် မတ်လမှာ သဘောတူညီချက် ၂၁ ချက် လက်မှတ်ရေးထိုးခဲ့တယ်။ ဒီသဘော တူညီချက်တွေက အထူးချေးငွေတွေ၊ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတွေ ပါဝင်ပါတယ်။ ၂၀၀၆ စက်တင်ဘာလအထိ မြန်မာပြည်မှာ တရုပ်ပြည်ရဲ့ စီမံကိန်းတွေနဲ့ အလုပ်သမား ကန်ထရိုက်စာချုပ်ပေါင်း ၈၂၅ ခု ရှိပါတယ်။ အများဆုံးကတော့ ၂၀၁၀ စက်တင်ဘာလ ၇ ရက်ကနေ ၁၁ ရက်နေ့အထိ ၅ ရက်ကြာတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်မှာ တရုပ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ထုတ်ချေးခဲ့ပါတယ်။ စာချူပ်ကိုတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ တရုတ်ဖွံ့ဖြိုးရေးဘဏ် ကော်ပိုရေးရှင်း (CDBC) တို့က လက်မှတ်ရေးထိုးခဲ့ ကြတယ်။ ဒီချေးငွေတွေကို အဓိက ကျောက်ဖြူ ခွန်မင်း ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေးတို့မှာ အသုံးပြုဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီဆောင်းပါးထဲမှာ စစ်လေယာဉ်ဝယ်တာ၊ တင့်ကားဝယ်တာ စတဲ့ စစ်ဘက်အသုံးအဆောင်ဝယ်တဲ့ စာရင်းတွေလည်းပါပါတယ်။ ဒါပေမယ့် ကျွန်တော်စိတ်ဝင်စားတာက အပေါ်မှာတင်ပြခဲ့တဲ့ စာချုပ်တွေပါပဲ။ အဲဒီစာချုပ်တွေသာ လက်ပံတောင်းတောင်လို၊ အပေါ်မှာပြောခဲ့ တဲ့ ဥပမာတွေလိုဖြစ်လာရင် ကျွန်တော်တို့ဘယ်လောက် ဆုံးရှုံးနစ်နာလိုက်မလဲ မတွေးဝံ့စရာပါပဲ။ နောက်သတိပြုမိတာတစ်ခုက အတိုးမဲ့ချေးငွေ ၄.၂ ဘီလီယံဆိုတာ ကျောက်ဖြူ၊ ခွန်မင်း ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေးတွေမှာသုံးဖို့ဖြစ်ပါတယ်။ ဒီငွေတွေကို မြန်မာ့ရင်းနှီးမြှပ်နှံမှုဘဏ်က ပြန်ဆပ်ရမယ်ဆိုတော့ ဒီပိုက်လိုင်းတွေဟာ ကိုယ့်ငွေနဲဝယ်ထားရတဲ့ သူတို့ပစ္စည်းဖြစ်နေတာပေါ့ “
“ အခုပြောခဲ့တဲ့ ဖြစ်စဉ်တွေရဲ့အဓိက အားနည်းချက်တွေက ဘာလဲဆိုတော့ နံပါတ် ၁ ကတော့ ပွင့်လင်းမြင်သာမှုပါ။ အရေးပါလှတဲ့ စီးပွားရေးစာချုပ်စာတန်းတွေ ချုပ်ဆိုရာမှာ ပွင့်လင်းမြင်သာမှု မရှိဘဲ တစ်ဦးတစ်ယောက် (သို့မဟုတ်) လူနည်းစုလေးနဲ့ ကြိတ်ပြီး လုပ်ခဲ့ကြတာတွေကြောင့် ဖြစ်နေ ရတာပါ။ နံပါတ် ၂ ကတော့ ကျွမ်းကျင်တဲ့ ပညာရှင်များ၊ လုပ်သက်ရင့် အရပ်ဘက်ဝန်ထမ်းများကို နေရာမပေးတဲ့ ပြဿနာပါ။ တကယ်သိ၊ တကယ်နားလည်ပြီး၊ တိုင်းပြည်အပေါ်၊ ကိုယ့်မိခင်ဌာန၊ ကိုယ့်လုပ်ငန်းအပေါ် တကယ်စေတနာရှိတဲ့လူတွေက ဘေးရောက်နေတဲ့ ပြဿနာဖြစ်ပါတယ် ။ နောက်ဆုံးအချက်ကတော့ credibility မရှိတဲ့၊ reliable မဖြစ်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်ဆံလုပ်ကိုင်တာပါ။ အဲဒီလို ကုမ္ပဏီတွေဟာ လုပ်ငန်းမှာ ယုံကြည်စိတ်ချရမှု မရှိပေမယ့် ဟိုကိစ္စမှာတော့ အတော်ယုံကြည်ရပုံရပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘိဇနက်လောကမှာ တရုတ်ကုမ္ပဏီ တွေဟာ လာဘ်ပေးလာဘ်ယူတွေနဲ့ ထိုးဖောက်နေတယ်ဆိုပြီး အတော်နာမည် ပျက်နေတာ ဖြစ်ပါတယ်။
အခု အကူးအပြောင်းကာလလည်းဖြစ် ပွင့်လင်းမှုတစ်စုံတစ်ရာရှိလာတော့ မြန်မာ့စီးပွားရေး လုပ်ငန်းများဟာ ပိုမိုယုံကြည်စိတ်ချရမှုရှိတဲ့ ကမ္ဘာတစ်ဝန်းဖြန့်ကျက်နေတဲ့၊ ပွဲစားမဟုတ်တဲ့၊ မူရင်း အနောက်ကုမ္ပဏီကြီးများနဲ့သာ ဆက်ပြီးစခန်းများသွားဖို့ ကြိုးစားသင့်ပါတယ် “ တဲ့။
ဒေါ်စုခေါင်းဆောင်တဲ့ကော်မရှင်ခင်ဗျား ….
မြေလျော်ကြေးပေးပြီး စာချုပ်သစ်ချုပ်ဖို့ အလွယ်တကူမပြောပါနဲ့။ အဲလောက်မြန်မြန် အကောင်အထည်ဖေါ်ရမဲ့ဟာ မဟုတ်ပါဘူး။
တကယ်တော့ ခင်ဗျားတို့သာ ပိုင်တဲ့မြေလဲ မဟုတ်ပါဘူး။
အကောင်အထည်ဖေါ်ဆောင်ရေးများခင်ဗျား။
တရုတ်နဲ့ဘယ်လိုစာချုပ်မျိုးတွေချုပ်ထားတယ်ဆိုတာ ခင်ဗျားတို့အသိဆုံးပါ။ စွတ်ရွတ်ပြီး သခင်အားရ ကျွန်ပါးဝလုပ်မနေပါနဲ့။
လွှတ်တော်ကြီးခင်ဗျား
ခင်ဗျားတို့လဲ တောင်းဆိုကြပါအုံး၊ လွှတ်တော်ကြီးထဲမှာ စာချုပ်တွေအကြောင်း မပြောကြရင် ခင်ဗျားတို့ဟာ ပြည်ဖျောက်တရားခံတွေပါဘဲ။
တပြည်လုံးနီးပါးချုပ်ထားတာဆိုတော့ စာချုပ်တွေဟာ မြန်မာပြည်ကြီးပါဘဲ။
တပ်မတော်ကြီးခင်ဗျာ
ခင်ဗျားကတော့ လုံးဝတိုက်ရိုက်တာဝန်ရှိပါတယ်။
ဒါတွေဟာ တပ်မတော်ဟာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်လို့ ကုန်းရုန်း အော်နေတဲ့တပ်ချုပ်ကြီးတွေလုပ်သွားတာပါ။
အမျိုးသားရေးကို ဆက်ပြီး သစ္စာရှိကြအုံးတပ်မတော်ကြီး။
ကိုယ့်တိုင်းပြည်ကြီးကို အဲလို စိတ်ရူးပေါက်သလို စာချုပ်ချုပ်ရောင်းစားထားတာတွေကို ပြန်လည်ကယ်တင်ကြဖို့ အချိန်ရောက်နေပါပြီ။
(ချောက်ထဲကျရန် လက်နှစ်လုံးအလိုမှာ ကယ်လိုက်ရတာမျိုးမဟုတ်ပါ)
စာချုပ်တွေ အကုန်လုံး ပြည်သူကို ချပြပါ။
ပြည်သူက မညစ်ပတ်ပါဘူး။
ပြည်သူဆုံးဖြတ်တာ တရုတ်ကုမ္ပဏီတွေကလဲ နာခံရမှာပါ။
သမတကြီးက ပြည်သူ့ဆန္ဒနဲ့တက်လာတဲ့အစိုးရဖြစ်တော့ကာ ပြည်သူမလိုလားတဲ့မြစ်ဆုံ စီမံကိန်းကို သူ့လက်ထက်မှာ ရပ်ထားမယ်ဆိုပြီး လုပ်ပြထားတဲ့နမူနာရှိပါတယ်။
တကယ်တော့ ပြည်သူ့ဆန္ဒဟာ စာချုပ်ပါဘဲ။ ဥပဒေပါဘဲ။
ပြည်သူက လုပ်ထိုက်ရင် လုပ်ရုံပါဘဲ။
မလုပ်ထိုက်ရင် ဖျက်သိမ်းကြပါ။ နောက်မျိုးဆက်ကျန်ပါသေးတယ်။
မြန်မာပြည်ဆိုတာ ဒီကမ္ဘာမြေပေါ်ကနေ မနက်ဖန်၊ သဘက်ပျောက်သွားမှာ မဟုတ်ပါဘူး။
တိုင်းပြည်ကို ဗိုလ်သန်းရွှေမပိုင်ပါဘူး။ ဒီလိုဘဲ ဘယ်သူတဦးတယောက်မှ မပိုင်ပါဘူး။ သူချုပ်ထားတာတွေ တရားမဝင်ပါဘူး။
မြန်မာတွေ နိုးကြပါ။ ကြားကြပါ။
ဦးသိန်းစိန်လည်း ဘာတတ်နိုင်မှာလဲ