မာမာအေး

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၀) – Mar Mar Aye – 410

မာမာအေး
ဖေဖော်ဝါရီ ၉၊ ၂၀၁၂


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးတော့ဖြင့် ‘သက်ဆိုင်သူသို့’ သီချင်းထဲကလို “သက်ဆိုင်သူရေ – မေ့အသံအား မှတ်မိပါရဲ့လားလေ” အဲဒါမျိုး ဆိုပြရလိမ့်မယ် ထင်တယ်၊ အသံက ကြားတဲ့အတိုင်း အသံဝက်သားဆီ ၀င်တချက် ထွက်တချက် ခတ်အက်အက်မို့ မာအေးတယောက် ဖျားများ နာများ နေလို့လား စဉ်းစားချင်ရင် – အရင်တပါတ်က ဘယ်လို ညည်းပြခဲ့တာလဲ ဆိုတာလေးကို သတိရလိုက်လေ၊ လက်ဝဲ သုန္ဒရ အမတ်ကြီးရဲ့ မဲဇာကမှ ‘နေခြည်ဖြာမှ နွေးသောကြောင့်’ ဆိုတာနဲ့အညီ နေရောင်ခြည်ရရင် နွေးနိုင်ပါသေးတယ်၊ မာအေးနေတဲ့အရပ်ဆီမှာက နေရောင်ခြည်နွေးတာကလဲ နွေးတာဘဲ၊ ချီကာဂိုမြို့ကြီးဖက်က ‘မစ်ချီကန်ရေကန်ကြီး’ပေါ် ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေထုကြီးရဲ့ အေးတာကလဲ မပြေးသာဘူး အေးတာဘဲ၊ သီခြားစီပါဘဲ၊ ဒီတော့ တည့်တည့်ပြောကြေးဆိုရင် အအေးမိသွားပါတယ်ပေါ့ရှင်။

လုံးဝ မဖျားပါဘူး။ အသံကတော့ ၀င်သွားရောဘဲ၊ ဘာထူးသလဲ ဆိုတော့ နှာမမွှန်ခင်၊ ချောင်းမဆိုးခင်ထဲက အသံဝင်သွားတယ်၊ လည်ချောင်းလဲ မနာဘဲနဲ့၊ သီချင်းတွေလဲ မဆိုဘဲနဲ့၊ ဘာလို့ ဒီအသံအိုးလေးက ယောင်ရမှာလဲ။ ကိုယ့်တိုင်းပြည် ကိုယ့်ဇာတိမှာတုန်းကတော့ ဒါလေးများ ဆိုပြီး ပိုးသေစေတဲ့ ဆေးတွေ သောက်မယ်၊ အယောင်လျော့စေတဲ့ ‘ကီးမို့’တွေ ဘာတွေ သောက်မယ်၊ ဒီဆေးတွေက အားနည်းစေခဲ့ရင် အားဆေးစားမယ်၊ အားဆေး သွင်းမယ်၊ အဲဒါတွေ လုပ်တာဘဲ၊ ခုကတော့ မလုပ်ရဲတော့ဘူး၊ ဒီတိုင်းပြည်က ဥပဒေကို ထိဘို့ မရဲတာပါ။ သူ့ဥပဒေက မထွက်သမျှ လုံခြုံစိတ်ချစွာ နေရတာက တန်ဖိုးထားစရာကေါင်းလို့ပါ။ ဒါကြောင့် ကိုယ့်ကိုယ်မှာ ထူးခြားတာ တခုခု ခံစားရရင် ဆရာဝန်ဆီ ပြေးရတော့တာပါဘဲ။ ကိုယ်က ရိုးရိုး မဟုတ်တော့ဘူး။ နှလုံးက သွေးကြောတွေလဲတတ်ထားရတဲ့သူ ဆိုတော့ ဆေးတိုင်းနဲ့မတဲ့တာတွေလဲ ရှိလိမ့်မယ် မဟုတ်လားရှင်။ ကိုယ့်ဟာကိုယ် မလုပ်ရဲသွားတာ ဒါကြောင့်လဲ ပါတာပေါ့။ မာအေးဆရာကိုယ်တိုင်တောင် တော်တော်လေး ဆေးရှာလိုက်ရတာတွေ့တယ်။ ဆေးတွေက သောက်လိုက်ရတာ ဆယ်မျိုးမှ မကတော့ဘဲကိုး။ တလကို ဒီနိုင်ငံက လူကြီးတွေလိုဘဲ ဆေးစားရိတ် ကျခံပေးတာ ဒေါ်လာ တစ်ထောင်ကျော် တန်ဖိုးရှိပါတယ်ရှင်။ ၂၀၀၇ – ခုနှစ်တုန်းက သူတို့ ခွဲစိပ် ကုသပေးခဲ့လို့ အသက်ရှည်နေရတဲ့ မာအေးက ကျေးဇူးသာ တင်မိတာ ဘာမှ အလုပ်အကြွေးပြုခဲ့တာ မရှိသေးဘူး။ နေဘို့ အစီအစဉ် မရှိဘဲ နေလိုက်ရတဲ့ဘ၀မှာ မိတ်ဆွေတွေက ကေါင်းကြလို့ပါ၊ ဒီတိုင်းပြည်က ဘာတခုမှ မတောင်းခံခဲ့ရတာအတွက် စိတ်ရှင်းပါတယ်။ ညသန်းကေါင်က မနက်အထိ အလုပ်လုပ်ရင်း ကျန်းမာရေး လုပ်ငန်းကျောင်း တက်ဖြစ်ခဲ့တယ်။ အောင်ချက်လဲ ကေါင်းပါတယ်။ ကျောင်းကရတဲ့ ပညာရေး ပံ့ပိုးငွေအပြင် ကိုယ်တိုင်လဲ စိုက်ထုတ်ခဲ့ရတဲ့ (၂) နှစ်တာ သင်တန်းက လုပ်ပိုင်ခွင့်လက်မှတ်တွေ ရခဲ့ပေမယ့် ကိုယ့်နိုင်ငံအတွက်လို့ ရည်ရွယ်ခဲ့ရင်းမို့ မလုပ်ခဲ့ပါဘူး။ ခြေရှည်ချင်တာလဲ ပါတာပေါ့၊ ကိုယ့်ရွာမှာတော့ အပျော်ထမ်းကူတာပေါ့လေ။ အသက် (၆၆)က ကျော်လာတော့ အလိုအလျောက် သူတို့လူကြီးတွေအတိုင်းဘဲ အထောက်အပံ့တွေ ကျန်းမာရေးအစ ပေးလာပြန်ပါတယ်။ ဒီတော့ သူတို့ ဥပဒေတွေကိုလဲ လေးစားလိုက်နာဘို့ သင့်တယ်လို့ ဆုံးဖြတ်ရပါတယ်။

အဲဒီလို ဆုံးဖြတ်ထားကါမှ ဖေါက်စရာအကြောင်းတခု ပေါ်ခဲ့တယ် ဆိုတာလေး ပြောပြချင်တာနဲ့ ပျိုးနေတာပါ။ သိတယ်မို့လား၊ ဟိုဖက်နှစ်လလေါက်က သြစတေးလျ နဲ့ နယူးဇီလန် နိုင်ငံတွေကို ရောက်ခဲ့တယ်ရှင့်၊ ဟိုသွားဒီသွား ကူစရာ များပြီးသွားတဲ့အခါ သြစီကရော – နယူးဇီလန်ကရော မိတ်ဆွေတွေနဲ့ရောပြီး “ဂိုး(လ)ကို့(စ)” လို့ ခေါ်တဲ့ ကမ္ဘာ့ခရီးသွားများ အကြိုက် သောင်ကမ်းမြို့ကလေးဆီ အလည်သက်သက် ထွက်ခဲ့ပါတယ်။ ညဖက် ရောက်သွားကြတော့ သိတ်လှတဲ့ မြို့ကလေးနဲ့ ပင်လယ်ကြီးကို ဟိုတယ်ပေါ်ကနေ ဆီးမြင်ရရုံနဲ့ကို ရွှင်လန်း ကြည်နူးစရာပါဘဲ၊ မနက်လင်းလို့ ဆင်လည်ဖို့ ပြင်ကြတော့မှ မာအေး ခြေထောက်က နင်းလို့မရအောင် နာလွန်းတာနဲ့ မလိုက်နိုင်တော့ပါဘူး။ လမ်းမှာ ‘ဘရစ်(စ)ဘိန်း’ ဘုန်းကြီးကျောင်းကို ၀င်ဖူးရင်း ပြန်တွေ့ရတဲ့ ဆရာ ‘ရက်ဂျီလေး’ကတော့ ‘ဂေါက်’ ဖြစ်မယ့် လက္ခဏါတဲ့၊ ဘယ်ဘက်ခြေမက ထိတာနဲ့ နာတာမျိုး ဖြစ်လာတာပါ၊ အော် – ‘ဂေါက်ရောဂါ’ ဆိုတာ ဒါမျိုးပါလား လို့ သိသွားတဲ့အခါ၊ မိတ်ဆွေ လူပျက်ကြီးလေးယောက်ထဲက – ကိုရွှေရိုးကြီး ထိသွားတာ ဒါဖြစ်မှာဘဲလို့ သတိရမိတယ်၊ ရမည်းသင်း ရွှေမြင်တင်တောင်တော်က အဘ ရသေ့ကြီးနဲ့ ကုလို့ ပျောက်ရတယ် ဆိုတဲ့ မိတ္ထီလာက ဆရာဝန် မောင်နှံ၊ တောင်ကမ္ဘားယံမှာ ဇရပ်ကလေးတွေထဲ စောင့်ပြီး ဆေးကုနေတဲ့သူတွေလဲ အမှတ်ရလို့ ဆေးတွေ့ကြပါစေ ဆုတောင်းဖြစ်သေးတယ်။

သြစီက ၀မ်းမနာသား ကိုဇော်လဲ ဧည့်သည်တွေ ပြေးပို့လိုက်၊ အမေ့အတွက် ဆေးရှာလိုက် အလည်ကို မလိုက်ရတော့ပါဘူး။ တချို့တွေ ပြန်ရောက်လို့ နားကြမယ် လုပ်တုန်း အတူ အလည်ထွက်သူထဲက တယောက်ကို – နောက်တယောက်က တွဲပြန်လာပါတယ် ‘ရင်ထဲက အောင့်တယ်၊ အသက်ရှူလို့ မ၀ဘူး၊ မူးရိပ်ရိပ်ဖြစ်တယ်၊ ဆရာဝန်ပြချင်တယ် ဆိုလို့ ပြန်ခေါ်လာတာ’ တဲ့။ သည်လူနာကို အားလုံးက ချစ်ကြပါတယ်။ ဗဟုသုတကလဲ ကြွယ်၊ စကါးပြောကလဲ ကေါင်း၊ မာအေးထက် ပြောစရာတွေပေါတဲ့ သမိုင်းဋ္ဌာနမှာ ဆရာလုပ်ခဲ့တဲ့သူပါ။ ဇနီးလဲ အတူပါလာပါတယ်။ လူနာရဲ့ အရောင်အသွေးက ဖြူဖျော့ဖျော့ဖြစ်နေပြီ။ ချွေးစီးတွေနဲ့ ပါးစပ် ဟစိဟစိနဲ့ အသက်ရှူမရပုံက သိသာတယ်။ ခြေတွေလက်တွေက အေးစက်စက်နဲ့ သွေးခုန်နှုန်းမမှန်၊ သွေးပေါင်ချိန်တိုင်းတဲ့စက်က လက်မခံပြန်တော့ ‘ဟာ့အတက်’ ဖြစ်မယ်ပေါ့။ မာအေးက ဆေးတိုက်ချင်လာတယ်။ ဥပဒေကိုလဲ ကြောက်ရတယ်။ ကိုယ်ကလဲ နှလုံးသမားမို့ သွားလေရာမှာ အသက်ကယ်ဆေး ဆောင်သွားဘို့ စက်ကရိယာတွေ ယူသွားဘို့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးအိတ်က အနားတင်ရှိနေလို့ပါ။ ဆေးရုံကားတော့ ခေါ်ထားတာပေါ့ရှင်။ ဒီကြားအချိန်လေးဆိုတာကလဲ အန္တရာယ်ဘဲ၊ ကဲ – ဥပဒေနဲ့အသက် အရွေးချက်မနေတော့ပါဘူး။ ကိုယ့်သွေးဖက်ကိုယ်လိုက်၊ ကိုယ့်အသက်ကယ်ဆေးတွေ ထုတ်တိုက်နဲ့ ခတ်မိုက်မိုက် လုပ်ခဲ့လိုက်တာပေါ့။ ရမ်းချက်နဲ့ နှမ်းထွက်က ကိုက်သွားလို့သာဘဲ၊ ကိုယ့်မိတ်ဆွေကြီးလဲ အချိန်မီ ခွဲစိပ်နိုင်လို့ ကျန်းမာပကတိ ချမ်းသာပါ၏ ဖြစ်သွားပြီလို့ ကြားလိုက်ရချိန်မှာ – ဆေးပညာ ဗဟုသုတ ကျောင်းအတွက် ပေးခဲ့ရတဲ့အချိန်နဲ့အသပြာ – ဒါနဲ့တင် တန်သွားပြီလို့ ပီတိစား အားရှိ ပျော်ခဲ့မိကြောင်းပါရှင် –
*(လူချွန်လူကေါင်းမှ)

ဆရာဝန် ပညာတွေသင် – ခေတ်ရော ရှေးမီ သမားကျော်အများပင် ၊ ပြည်သူလူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင် ရင်ဝင်သား ညွှန်ကြား ညွှန်ကြား သန်ထွား ကျန်းမာ ခန့်ခိုင် အားအင် xxx ခလေးလေးတွေ ပညာရရှိဘို့တော့ အဖအမိပုံသွင် – အာစရိတွေပင်၊ လူချွန်လူကေါင်းလေးတွေ ဖြစ်အောင် မြေတောင်မြှောက်ကါ မြှင့်တင် xxx



ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts