ကဗျာ

အချိန်မြစ်ကြီးက ခင်ဗျားနဲ့ကျနော့်ဆီ ပြိုဆင်းလာနေတယ်

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၉၊ ၂၀၁၂

ခင်ဗျားက နေသာလို့
နေသာသလို နေမယ်ဆို
ကျနော်က
ခင်ဗျားထက်တောင် နေသာသေးတယ်….

ဒီလိုသာ နေသာကြကြေးဆို
တကမ္ဘာလုံး နေသာပြီး
ကမ္ဘာကြီး ပြာကျပျက်စီးသွားတာ ကြာပေါ့…

ခင်ဗျားက
မိုးခါးရေကို
ခင်ဗျားဝါကျနဲ့ ချိုချင်သလို ချိုမယ်ဆို
ကျနော့် မိုးခါးရေက
ကျနော့်ဝေါဟာရနဲ့ ပိုလို့တောင်ချိုသေးတယ်….

ဒီလိုသာ မိုးခါးရေချိုကြကြေးဆို
တကမ္ဘာလုံး မိုးခါးပြိုပြီး
ကမ္ဘာကြီး ရေလွှမ်းပျက်စီးသွားတာ ကြာပေါ့….

အချိန်ဆိုတဲ့ မြစ်ကြီးထဲမှာ
ခင်ဗျားရော ကျနော်ပါ
စီးဆင်းမျောပါလာခဲ့ကြတာ ဘယ်လောက်ကြာခဲ့ပြီလဲ
အဲဒီသတ္တဝါက
ခင်ဗျားနဲ့ရော ကျနော်နဲ့ပါ အမျိုးတော်စပ်တာမဟုတ်ဘူး…..

ပြောရင်းဆိုရင်း
နေသာတဲ့အထဲမှာ မိုးတွေကရွာနေပြန်ပါပြီ….

ခင်ဗျားရောကျနော်ပါ
အရက်တပုလင်းနဲ့ လက်ကမြင်းနေတဲ့
ဖျက်မြင်းတွေမဖြစ်မိဖို့
ထမင်းတစေ့နဲ့ အပင်းငြိနေတဲ့
သတိတွေကိုရွှေ့ဖို့
လားရာ အတိတ်မေ့ပြီး
လှေကြုံစောင့်အိပ်တဲ့ စိတ်တွေကိုဖျောက်ဖို့
နောက်ပြန်လျှောက်နေတဲ့
ဖောက်ပြန်ခြေထောက်တွေကို ရိုက်ချိုးဖို့ ……

အချိန်ဆိုတဲ့ မြစ်တစင်းက
ခင်ဗျားနဲ့ ကျနော့်ဆီကို အဆက်မပြတ်ပြိုဆင်းလာနေတယ်….။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အချိန်မြစ်ကြီးက ခင်ဗျားနဲ့ကျနော့်ဆီ ပြိုဆင်းလာနေတယ်

Comments are closed.