သတင်းပဒေသာ

Zarganar – ကိုဇာဂနာ မေရီလင်းမြန်မာမိသားစုများနဲ့ တွေ့ဆုံ၊ ယူကျုရုပ်သံထွက်ရှိ

ကိုဇာဂနာ မေရီလင်းမြန်မာမိသားစုများနဲ့ တွေ့ဆုံ၊ ယူကျုရုပ်သံထွက်ရှိ
မိုးမခ၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၂
ဇန်န၀ါရီလကုန်က စတင်ပြီး အမေရိကန်ပြည်ထောင်စုကို အလည်အပတ် ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ အနုပညာရှင် ကိုဇာဂနာက ၀ါရှင်တန်ဒီစီက အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်ကြီး ငယ်များနဲ့ တွေ့ဆုံမှုများ ပြုလုပ်နေချိန်မှာ ထိုပတ်ဝန်းကျင်က မြန်မာမိသားစုများနဲ့လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့က မေရီလင်းမှာ ပြုလုပ်ခဲ့တဲ့ မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲမှာ လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်က ပြိုင်ပွဲဝင်ကားတိုများကို ပြသရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး မိမိ၏ နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံများ သဘောထားများကို ပြောကြားခဲ့တာကို တွေ့ရပါတယ်။
ကိဇာဂနာက ဒီမိုကရေစီအရေးတော်ပုံအတွင်း မတရားမှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရာမှာ ကျုးလွန်သူများကို ခွင့်လွှတ်သော်လည်း မေ့ပျောက်ခြင်း မပြုနိုင်ကြောင်း၊ နောင်ကို မိမိတို့ ကြုံခဲ့ရသည့် အကျည်းတန်ဖြစ်ရပ်များ ပြန်လည်တကျော့ပြန်မလာရန် ကာကွယ်ကြဖို့ လိုကြောင်၊ မြန်မာပြည်မှာ နိုင်ငံရေးလုပ်တာ အန္တရာယ် ရှိတဲ့အလုပ်၊ ကြောက်စရာကောင်းတဲ့အလုပ်ဆိုတဲ့ သဘောထားများ၊ အတွေ့အကြုံများကို ပြောင်းလဲပစ်ဖို့ လိုကြောင်းပြောကြားသွားပါတယ်။
ယူကျုမှာ တင်ဆက်ထားတဲ့ ပွဲကြည့်သူတဦးရဲ့ မှတ်တမ်းရုပ်သံကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။
ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံဆွေးနွေးပွဲများပြီးရင် ဖေဖော်ဝါရီ ၁၀ ရက်မှာ နယူးယောက်မြို့တော်ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ မှာ လော့စ်အိန်ဂျလိစ်မြို့တော်ကို သွားရောက်ပြီး မိသားစုနဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၈ မှာ ဆန်ဖရန်စစ္စကိုမြို့တော်ကို ရောက်ရှိပြီး မြန်မာများနဲ့ ၁၉ ရက်နေ့မှာ မိတ်ဆုံပွဲတော်ကို ကျင်းပမယ်လို့ စီစဉ်ထားပါတယ်။ ဖေဖော်ဝါရီလကုန်မှာ ကနေဒါကို ခေတ္တ၀င်ရောက် လည်ပတ်မယ့်အကြောင်း သိရပါတယ်။
ကိုဇာဂနာရဲ့ ခရီးစဉ်ဟာ အလည်အပတ်ခရီးစဉ် သီးသန့်ဖြစ်တဲ့အတွက် ဖျော်ဖြေပွဲများ ကျင်းပခြင်း၊ လက်ခံခြင်း ပြုလုပ်မှာ မဟုတ်ဘဲ အဝေးရောက်မြန်မာပြည်သူ ပြည်သားများ စီစဉ်တဲ့ တွေ့ဆုံပွဲ၊ ဆွေးနွေး ဟောပြောပွဲများမှာ ဧည့်သည်တော်အဖြစ် တက်ရောက်မှာ ဖြစ်တဲ့အကြောင်း သိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts