>Mone Aung – Essay

>

လယ်ယာမြေ ပြဿနာ
မုန်းအောင်
ဖေဖော်ဝါရီ ၂၀၁၂

အခုနှစ်ပိုင်းတွေမှာ..ခပ်စိပ်စိပ် ဖြစ်လာနေတဲ့၊ ခပ်ကျယ်ကျယ်အော်နေကြရတဲ့၊ လယ်ယာမြေ သိမ်းယူခြင်းကိစ္စတွေကြားမှာ၊ မေးခွန်းတခု က မေးစရာဖြစ်လာပါတယ်။

“မြန်မာနိုင်ငံမှာ လယ်ယာပိုင်ဆိုင်စိုက်ပျိုးရေးက ….
ပုဂ္ဂလိကပိုင်လား …
ပြည်သူပိုင်လား …
လယ်သမားပိုင်လား ….
ကုမ္မဏီပိုင်လား ….”
+++

၁၉၅၃-ခုနှစ် က လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ဆိုတာ ပြဌာန်းပြီး အခုထိ မရုပ်သိမ်း သေးပါ ဘူး။ ၁၉၄၇-ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ “နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” .. ဆိုတဲ့မူကို အခြေခံပြီး ပြဌာန်းခဲ့တဲ့သဘောပါပဲ။ ဒါကြောင့် လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိဘူး။ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်ဘဲရှိတယ်။

ဒါပေမဲ့ ပုပ္ပါးတောင်တ၀ိုက်မှာ လက်ဖက်စိုက်ပျိုးဖို့ ထူးကုပ္မဏီက တောတွေရှင်းနေတယ်လို့ ကြားရတယ်..။ ဟူးကောင်းတောင်ကြား ဒေသ မှာ စိုက်ပျိုးရေး (ဘာတွေ စိုက်မယ်တော့မသိ) လုပ်ဖို့ ယုဇနကုမ္ပဏီက.. တောတွေရှင်းနေတယ်တဲ့။ ဘီလင်းနယ် အကျဉ်းဦးစီးရဲဘက်စ ခန်းက စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေကို ပုဂ္ဂလိကရောင်းလိုက်တယ်တဲ့။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ရေနက်ကွင်းတွေကို ပုဂ္ဂလိက ကို ရောင်းလိုက်တယ်တဲ့။ လောလောလတ်လတ် စစ်ကိုင်းတိုင်းက လက်ပတောင်းတောင် ကြေးနီလုပ်ကွက်တွေအတွက် ထူးကုမ္မဏီနဲ့ တရုတ်ကုမ္ပဏီတခုက အနီးတ၀ိုက်က ကျေးရွာတွေ လယ်မြေတွေကို အဓမ္မရွှေ့ပြောင်းခိုင်းနေတယ်တဲ့ စသဖြင့် ……

အဲဒီလိုဟာတွေကရော လယ်ပိုင်ခွင့်မဟုတ်ပဲ လယ်လုပ်ပိုင်ခွင့်ပဲလား။

မထင်ပါပေ။ အဲဒီလို ရာချီ ထောင်ချီတဲ့ လယ်မြေဧကတွေကိုတော့ လက်လွတ်စပယ်လုပ်ကြမှာ မဟုတ်တန်ရာ။ မြေစာရင်းနဲ့ ညှိပြီး (ပေါင်း ပြီး) အမည်ပေါက် ဦးပိုင်တွေ လုပ်ကြမှာပါ။ ကျေးရွာ မြေယာကော်မတီတွေ အနားကပ်ရမှာတောင်မဟုတ်။ ဖုတ်လေတဲ့ငပိ ရှိတယ်လို့ တောင် ထင်ပါ့မလား။

ဒါဆို လယ်ယာ ပိုင်ဆိုင်မှုဟာ ပုဂ္ဂလိကပိုင်လား။ နိုင်ငံတော်ပိုင်လား။

ပုဂ္ဂလိကပိုင်ဆိုရင်ရော လယ်တတုံးလုပ် နွားတရှဉ်းလုပ် တအိမ်ထောင် တနိုင်တပိုင် လယ် (၁၀) ဧကလောက်ပိုင်တဲ့လယ်သမားလေး တွေ ရဲ့ ပုဂ္ဂလိကပိုင်လား။ ဧရာမပုဂ္ဂိုလ်ကြီးတွေရဲ့ ပုဂ္ဂလိကပိုင်လား။ အဲဒီပုဂ္ဂိုလ်ကြီးတွေအတွက် ပုပ္ပါးတောင်တ၀ိုက်မှာ လက်ဖက်စိုက်ချင်စိုက် ဘိန်းစိုက်ချင်စိုက် ကြိုက်တာစိုက်လို့ရတယ်။ နွားတရှဉ်းလောက်နဲ့လုပ်တဲ့ လယ်သမားငအေးကတော့ သူ့လယ်ထဲမှာတောင် သူစိုက်ချင်တဲ့ သီးနှံ စိုက်ချင်လို့ မရဘူး။ စပါးစိုက်ဆို စပါးပဲစိုက်၊ ဆည်ရေရောက်တဲ့နေရာမှာ နွေစပါးမစိုက်ချင်လို့မရဘူး.. တွက်ခြေကိုက်ကိုက်- မကိုက် ကိုက် စိုက်ပဲ။ မစိုက်ချင်ရင် မြေယာကော်မတီနဲ့ တွေ့သွားမယ်။ အာဏာကြီးတဲ့ မြေယာကော်မတီက ဒေသခံစစ်တပ်ကို အကြောင်း ကြား လိုက်ရင် လယ်လုပ်ပိုင်ခွင့်ကို စစ်တပ်က၀င်ယူလိုက်တော့ လယ်လုပ်ခွင့်တောင် ဆုံးရှုံးရသူတွေ ဒုနဲ့ ဒေးပါ။

စိုက်ပျိုးပါပြီတဲ့။ ရေလိုချိန် ရေလွှတ်အောင် ရေမလိုချိန် ရေတွေ တရဟောလွှတ်မချအောင် ဆည်က ရေတံခါးစောင့်နတ်ကို ရေလောင်းပြီး ပူဇော်ရပါသေးတယ်။ ဒီတော့ လယ်ပိုင်ခွင့်ကိုထားဦး လယ်လုပ်ပိုင်ခွင့် စိုက်ပျိုးပိုင်ခွင့်မှာတောင် ပုဂ္ဂလိကအခွင့်အရေးကို ညီတူညီမျှ ရပါ သလား။ နောင်ရော ရမှာလား… ဘယ်ပုဂ္ဂလိက က အခွင့်ထူးရပြီး ဘယ်ပုဂ္ဂလိကက ကြွေးတင် ကျွန်ဖြစ်ဖြစ်နေမလဲ။ ပြီးတော့.. ဒါက ဒီအ တိုင်း မနေသေးဘူး။ ရှေ့တမျှော်လောက် လှမ်းကြည့်။ ဒါမှမဟုတ် လယ်ယာသမိုင်း နောက်ကြောင်းပြန်ကြည့်လိုက်ရင် သိပ်မဝေးသေးပါ ဘူး။

အနှစ် ၇၀ -၈၀ လောက်။
+++++

၁၉၄၀ ခုနှစ်မတိုင်ခင် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်ဆိုပါတော့။
မြေယာနဲ့ပတ်သက်လို့ အထက်မြန်မာနိုင်ငံမှာဆိုရင်..
* ဘုရင်နှင့်ဆိုင်ရာ အရာတော်မြေ
* မင်းမှုထမ်းနှင့်ဆိုင်ရာ အရာတော်မြေ
* ဘိုးဘ ပိုင်မြေ
* ၀တ္တကံမြေ

အောက်မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ကတီထွင်တဲ့ ….
* စကွာတာမြေ
* ပတ္တာမြေ
* မြေငှား
* ဂရန်မြေ
* ကိုလိုနီမြေ …လို့ အမျိုးမျိုးရှိတယ်။

အထက်မြန်မာနိုင်ငံက ဆိုင်ရာ ဆိုင်ရာ မြေယာပိုင်ဆိုင်ခွင့်ရှိတယ်။ ဘိုးဘပိုင်မြေဆိုရင် အဘ-သား-မြေး- သုံးဆက် ဆက်လုပ်ရင် ဖြစ်စေ ၊ ၁၂ နှစ်ကနေ ၁၅ နှစ်လုပ်ရင်ဖြစ်စေ ပိုင်ဆိုင်ခွင့်ရှိတယ်။ အောက်မြန်မာနိုင်ငံမှာလည်း၊ အစထဲက နှစ်ကာလအပိုင်းအခြားနဲ့ ဂရံခံခဲ့တာ ဖြစ်စေ၊ ၁၂ နှစ်ကနေ ၁၅ နှစ်အထိ အဆက်မပြတ် အခွန်ပေးဆောင်လို့ ဖြစ်စေ၊ ပိုင်ဆိုင်ခွင့်ရှိတယ်။ တခုနဲ့ တခု ကွဲလွဲချက် နဲနဲစီ ရှိကြပေမဲ့ ၀တ္တကံမြေကလွဲရင် ၊ ကျန်တဲ့မြေတွေဟာ ယေဘုယျ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ရှိတဲ့မြေတွေပေါ့။ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်၊ အမွေ ဆက်ခံခွင့်တွေရှိတယ်။ လယ်လုပ်စရိတ်ငွေ လိုအပ်ချက်တွေ လှူချင်တန်းချင်တာတွေအတွက် ချေးငှားတယ်။ ပေါင်နှံတယ်။ ရောင်းချ တယ်။ ငွေတတ်နိုင်သူတွေက မြေဧက ရာထောင်ချီပြီး ဂရံခံငှားကြတယ်။ နောက်တော့ ငွေတိုးချေးစားတဲ့ချစ်တီးတွေ ရောက်လာတယ်။ ကြွေးမကြေရင် မြေသိမ်းတယ်။ ဒီလိုနဲ့ နွားတရှဉ်း နှစ်ရှဉ်းနဲ့ ကိုယ့်လယ်ကို တနိုင်တပိုင် လုပ်စားတဲ့လူတွေဟာ လယ်ပိုင်တာ နဲလာတယ်။ ကိုယ်ပိုင် လယ်မလုပ်ဘဲ လယ်ယာပိုင်တဲ့သူတွေ တဖြည်းဖြည်းများလာတယ်။ ဒီတော့ သီးစားခယူပြီး လယ်ထောက်ခချတယ်ဆိုတဲ့ အငှား ချစားတာတွေ ရှိလာတယ်။ လယ်ပိုင်ရှင်ရယ် လယ်သီးစားရယ် လယ်ကူလီရယ်လို့ရှိလာပြီး သီးစားခရယ်လို့လည်း ပေါ်လာတယ်။ မြေပိုင် ရှင်စနစ်ပေါ့။

အိန္ဒိယနဲ့ မြန်မာလူဝင်မှုစနစ်ကလဲမရှိခဲ့တော့ လယ်စိုက်ဧရိယာတိုးချဲ့ချင်တာကြောင့် သင်္ဘောခတောင်မယူဘဲ ကုလားတွေခေါ်သွင်း လာ ခဲ့တယ်။ ပင်လယ်နဲ့နီးတဲ့ အောက်မြန်မာနိုင်ငံမှာ ငွေတိုးချေးစားတဲ့ချစ်တီးနဲ့ ကုလားလယ်ကူလီတွေ အရမ်းဖြစ်လာတယ်။ ချစ်တီးက ငွေ တိုး ချေးယုံတင်မက အကြွေးမရရင် မြေသိမ်းပြီး သီးစားချစားတဲ့ လယ်ရှင်ဖြစ်လာတယ်။ သူတို့ပြည်ကပါလာတဲ့ ကုလားလယ်သမား တွေ ကလည်း ကုလားလယ်သီးစားတွေ ဖြစ်လာတယ်။

ဘယ်လောက်ထိလဲဆိုတော့ ၁၉၄၀ ခုနှစ်တ၀ိုက် ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ မြန်မာတပြည်လုံး (အထူးသဖြင့် အောက်မြန်မာပြည်) မှာ စိုက်ပျိုးမြေဧရိယာ ဧကပေါင်း (၁၉ သန်း) အနက် ကိုယ်တိုင်လယ်လုပ်သူ ပိုင်တဲ့မြေဧက (၁၂ သန်းကျော်) ရာခိုင်နှုန်းအားဖြင့် ၆၆.၈ ရာ နှုန်းဖြစ်ပြီး လယ်မလုပ်သူ (လယ်ပိုင်ရှင်) ပိုင်တဲ့လယ်က (၃၃.၂ ရာခိုင်နှုန်း) ထိ ဖြစ်လာတယ်။ ချစ်တီးပိုင်လယ်က ဧက (၃ သန်းကျော်) ဆိုတော့ ၁၆.၆ ရာခိုင်နှုန်းလောက်ပေါ့။

ကိန်းဂဏာန်းတွေ ခဏထားဦး။

ဆိုချင်တာက တပြည်လုံး လယ်ဧက ၁၀၀ ရှိရင် ကိုယ့်လယ်ကိုယ်လုပ်ပြီး ပိုင်တဲ့လယ်က ၆၇ ဧက ရှိမယ်။ လယ်မလုပ်ဘဲ လယ်ပိုင် နေ သူရဲ့လယ်က ၃၃ ဧကရှိနေမယ်။ “မလုပ်ပဲ ပုတ်ထဲ ကြွယ်တဲ့သူတွေ” များတဲ့ခေတ်ပေါ့။

ပုဂ္ဂလိကပိုင်တာတော့ ပိုင်တာပါဘဲ။ ပုဂ္ဂလိကသေးသေးတွေက နည်းနည်းပိုင်ပြီး ပုဂ္ဂလိကကြီးကြီး ဧရာမကြီးတွေက တဖြည်းဖြည်း လယ် တွေ ပိုပိုပိုင်လာတဲ့သဘောဖြစ်လာတယ်။

အပေါ်မှာပြောခဲ့တဲ့ ပုပ္ပါးကလယ်ပိုင်ရှင်ကြီးတွေ၊ ဟူးကောင်းတောင်ကြားက မြေပိုင်ရှင်ကြီးတွေ၊ လက်ပတောင်းတောင်နားက မြေပိုင်ရှင် ကြီး တွေမျိုးပေါ့။ ကြောက်ဖို့ မကောင်းပေဘူးလား။

အခုတော့မသိဘူး။ အရင်ခေတ်ကလူတွေကတော့ (တိုင်းရင်းသား ပုဂ္ဂလိကမြေပိုင်ရှင် ပိစိကလေးတွေက) ကြောက်ကြပါတယ်။ အဲဒါ ကြောင့် အဲဒီခေတ်က ပါလီမန်မှာ ဆူကြပွက်ကြနဲ့ နောက်ဆုံးတော့ ၁၉၃၈ ခုနှစ် မြေလွှဲပြောင်းရေးဥပဒေ (LAND ALIENATION ACT 1938) ကို အတည်ပြုလိုက်ကြရပါတယ်။ အဲဒါဟာ လူမျိုးခြား အင်္ဂလိပ်အစိုးရလက်ထက်မှာပါ။ ခုနေများတော့ ဘယ်မှာသွားပြီး ဆူရပွက်ရ ပါ့မလဲ။၂၀၀၈ ဖွဲ့စည်းပုံရဲ့ပါလီမန်မှာ အဲဒီလို သွားဆူပွက်ရင် ဘယ်လိုနေပါ့မလဲ။

အဲဒီ ၁၉၃၈ ဥပဒေရဲ့ အဓိကအချက်ကတော့ “လယ်ယာမြေများကို တောင်သူလယ်သမားမဟုတ်သူများလက်သို့ လွှဲပြောင်းပေးခြင်း မပြု ရ” ဆိုတာပါပဲ။ ဒါတောင် ချွင်းချက်ကတော့ ရှိနေခဲ့သေးတယ်။ “သို့ရာတွင် ငွေချေးစားသူများနှင့် လယ်မလုပ်သူများသည် လယ်မြေများကို ယာယီ ၁၅ နှစ် လက်ဝယ်ထားရှိခွင့်ရှိသည်” တဲ့။

ဒါပေမဲ့ အခြေအနေတွေပိုကောင်းမလာပဲ လက်တွေ့မှာ ငွေအရင်းအနှီးလိုတဲ့လယ်သမားတွေမှာသာ ပိုမိုကြပ်တည်းလာပုံရတာကြောင့် ၁၉၄၁ ခုနှစ်မှာတော့ နောက်ထပ်ဥပဒေတခု ထပ်ချမှတ်ရပြန်ပါတယ်။

“လယ်ယာမြေ ၀ယ်ခြမ်းရေးဥပဒေ (LAND PURCHASE BILL) ” ပါ။

ဥပဒေရဲ့ အဓိကအချက်ကတော့ ချစ်တီးနဲ့ မြေပိုင်ရှင်များလက်သို့ရောက်ရှိနေတဲ့ လယ်မြေများကို အစိုးရက၊ ငွေစိုက်ပြီး ပြန်ဝယ်ပေး ဖို့ ဖြစ်ပြီး လယ်လုပ်သူ လယ်ယာမဲ့များကို ၂၅ နှစ်ဆိုင်း အကြွေးစနစ်နဲ့ အရင်းအတိုင်း ရောင်းချပေး၊ လယ်သမားက အရစ်ကျ ပြန်ဆပ်သွားဖို့ပဲ ဖြစ်ပါတယ်။ လက်တွေ့ဘယ်လောက်ကျပြီး ချစ်တီးတွေ ဘယ်လောက်သဘောခွေ့ခဲ့မလဲဆိုတာတွေတော့ ထားလိုက်ပါတော့။ ဒီဥပဒေ လည်း အကောင်အထည် မပေါ်ခဲ့ပါဘူး။

ဒီအချက်တွေကို သဘောပေါက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ “နိုင် ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” လို့ ထည့်ပြဌာန်းခဲ့ပြီး ချစ်တီးတွေကို အလဲထိုးခဲ့ပါတယ်။

အဲဒီတော့ အဓိကပြောချင်တာကတော့ လယ်ယာမြေ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးမှာ ဘယ်ပုဂ္ဂလိကတွေကို..ဦးစားပေးနေမိပြီလဲ။ ဘယ် ပုဂ္ဂလိ ကတွေကို ဦးစားပေးရမှာလဲ။

တော်တော်ကြာ သမိုင်းတကြော့ ပြန်လည်ပြီး ဧရာမပုဂ္ဂလိကပိုင်ကြီးတွေလက်ထဲ မြေတွေစုပုံပြန်ရောက်သွားရင် အမှန်တကယ် လယ်လုပ် သူတွေလက်ထဲ လယ်မြေတွေပြန်ရောက်အောင် ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်မျိုးကို တခါထပ်မျှော်စောင့်ရဦးလေမလား။

အဲဒီလိုမဟုတ်ရင်တော့ လယ်ထဲမှာ ရွှံ့တပိသာလောက် ဖင်ထဲက၀င် ပါးစပ်ထဲက၀င်ပြီး တကယ်လယ်လုပ်နေရသူတွေ ၀မ်းမ၀လို့ကတော့ ….။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts