>Media workshop in Rangoon

>

ပြည်ပအခြေစိုက် မြန်မာမီဒီယာများကိုပါ ဖိတ်ကြား၍ ပထမဆုံးမီဒီယာ ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဇန်န၀ါရီ ၃၀ ၊ ၂၀၁၂
မိုးမခ အထောက်တော်၊ ရန်ကုန်

ဒုညွှန်ချုပ် ဦးတင့်ဆွေ စာတမ်းတင်သွင်းနေစဉ် (ဓါတ်ပုံ ပေါ်ပြူလာနယူးစ်)


ယခင်က မိုးလုံးပြည့်မုသာဝါဒများ၊ လေလှိုင်းထဲမှ လူသတ်သမားများဟု ဆယ်စုနှစ်တခုကျော်ကြာ ခေါ်ဝေါ်ခဲ့သည့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများကိုပါ ဖိတ်ကြားသည့် ဒီမိုကရက်တစ်လူ့ဘောင်၏ မီဒီယာဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်၌ ယနေ့စတင်ကျင်းပသည်။

၂ ရက်ကြာမြင့်မည့် ယင်းဆွေးနွေးပွဲ သို့တက်ရောက်ရန် ပြည်ပအခြေစိုက် မြန်မာမီဒီယာများအားလုံးကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနနှင့် နီးစပ်သည့် မြန်မာစာရေးဆရာနှင့် ဂျာနယ်လစ် အဖွဲ့ Myanmar Writers and Journalists Association ကဖိတ်ကြားခဲ့ရာ ဘီဘီစီ မြန်မာပိုင်း၊ ဗွီအိုအေ မြန်မာပိုင်းနှင့် မဇ္ဈိမသတင်းဋ္ဌာနတို့မှ တက်ရောက်လာကြသည်ကိုတွေ့ရသည်။

ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန ဒုညွှန်ချုပ် ဦးတင့်ဆွေ အပါအ၀င် အခြားအစိုးရအရာရှိများလည်း ယခုဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မကြာမီ လွှတ်တော်တွင်ဆွေးနွေး အတည်ပြုရန်ရှိသည့် မီဒီယာ ဥပဒေနှင့် ပတ်သက်သည့် အိမ်နီးချင်းနိုင်ငံများမှ မီဒီယာဥပဒေများ အပါအ၀င် နိုင်ငံတကာ မီဒီယာ အတွေ့အကြုံများ၊ ပြည်တွင်း မီဒီယာများမှ သတင်းစာဆရာများ၏ လိုလားချက်များ တို့ကို တင်ပြဆွေးနွေးကြဖို့ အပြင် မြန်မာ့မီဒီယာ ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်ရမည့် ကိစ္စရပ်များကိုပါ ၀ိုင်းဝန်းဆွေးနွေးကြရန် ဖြစ်သည်ဟု MWJA ကပြောသည်။

ယနေ့ဆွေးနွေးပွဲတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း မလေးရှားနှင့် သီရိလင်္ကာနိုင်ငံတို့မှ ၀ါရင့် မီဒီယာ သမားများ၊ ပညာရှင်များက ၎င်းတို့နိုင်ငံ၏ မီဒီယာ အခြေအနေ၊ အတွေ့အကြုံတို့ကို တင်ပြခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ Tempo မဂ္ဂဇင်းမှ အယ်ဒီတာ Yuli Ismartano က မြန်မာနိုင်ငံအခြေအနေသည် အင်ဒိုနီးရှားနိုင်ငံ လွန်ခဲ့သည့် ၁၂ နှစ်က ရင်ဆိုင်နေရသည့် အခြေအနေမျိုးဖြစ်သည်ဟု ပြောဆိုသွားသည်။ အင်ဒိုနီးရှား နိုင်ငံအနေဖြင့် ယခုအခြေအနေတွင် လွတ်လပ်စွာပြောဆိုခွင့်ရှိနေပြီဖြစ်သော်လည်း ယခုအချိန်ထိ ရေးသားပြောဆိုမှုများနောက်တွင် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။

ဒုညွှန်ချုပ် ဦးတင့်ဆွေက မြန်မာမီဒီယာ ဥပဒေ ရေးဆွဲခဲ့ခြင်း လတ်တလော ပေါ်လစီ ဆိုသည့် တင်ပြချက်စာတမ်းတခု တင်ပြခဲ့ရာ ယင်းစာတမ်းတွင် မီဒီယာ ဥပဒေမူကြမ်းကို ၁၉၆၂ ခု ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ အက်ဥပဒေအပေါ် အခြေခံပြီး ပြန်လည်ရေးဆွဲခဲ့သည်ဟု ပြောဆိုသွားသည်။ ယခုလာမည့် မီဒီယာဥပဒေ၏ အမည်မှ Print Press and Publishing Law ဟုမှည့်ခေါ်ထားကြောင်းလည်း ပြောသည်။ အခန်း ၁၀ ခန်းပါရှိမည်ဖြစ်သည်ဟု ပြောဆိုသည်။ မီဒီယာ ဥပဒေမူကြမ်း မှာ ယခုလောလောဆယ်တွင် ရှေ့နေချုပ်ရုံးသို့ တင်ပြထားဆဲဖြစ်၍ ပြင်ပပုဂ္ဂိုလ်များ ကြည့်ရှုခွင့် မရရှိသေးပေ။

သတင်းစာဆရာများ၊ နိုင်ငံရေးပါတီအချို့နှင့် ပြည်ပမှ ဧည့်သည်သတင်းစာဆရာ စုစုပေါင်း လူဦးရေ ၁၀၀ ၀န်းကျင်တက်ရောက်သည့် ဆွေးနွေးပွဲကို နက်ဖြန်ဆက်လက်ကျင်းပမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts