>Min Kaung Chit – Articles

>

အမျိုးသားပြန်လည်သင့်မြတ်ရေးမှတ်တိုင်
မင်းကောင်းချစ်
ဇန်န၀ါရီ ၂၀၁၂


၁၉၈၈ ခုနှစ်မှာ သမိုင်းရထားကြီးဟာ ကျယ်လောင်တဲ့ ဥသြသံရှည်ဆွဲပြီး တစ်ပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေးမှတ်တိုင်ကို ဆိုက်ရောက် ခဲ့ပါတယ်။ “ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်၊ သမိုင်းသစ်ကို ဒို့ဖွင့်လှစ် “အဲဒီလို ကြွေးကြော်သံကို ကျွန်တော်တို့တတွေ သံပြိုင်ကြွေးကြော်ခဲ့ကြ တယ်။ တချို့ဆို အသံများတောင် ပြာလို့။ တစ်ပြည်လုံးအတိုင်အတာနဲ့ လူတန်းစားပေါင်းစုံ၊ ကျေးလက်တောင်တန်းဒေသ မကျန်ပါဝင်ခဲ့ကြ လို့ တစ်ပါတီစနစ်ချုပ်ငြိမ်းခဲ့ပါတယ်။

အဲဒီနောက်တော့ သမိုင်းရထားကြီးဟာ ၁၉၉၀ ရွေးကောက်ပွဲမှတ်တိုင်၊ ၂၀၀၇ ရွှေဝါရောင်မှတ်တိုင်၊ ၂၀၁၀ ရွေးကောက်ပွဲမှတ်တိုင် စ တဲ့မှတ်တိုင်ပေါင်းများစွာ တစ်တိုင်ပြီးတစ်တိုင် ဆိုက်ရောက်ဖြတ်သန်းခဲ့တာ အခုဆို အမျိုးသားပြန်လည်သင့်မြတ်ရေးမှတ်တိုင်ကို ဥသြဆွဲ လို့ ဝင်ရောက်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့သမိုင်းမှတ်တိုင် ဘူတာစဉ်တွေကိုပြန်စောင်းငဲ့ကြည့်လိုက်တဲ့အခါ၊ နိုင်ငံရေးခရီးသည်မှားစွာဟာ တက်သူကတက်၊ ဆင်းသူကဆင်း၊ လမ်းခုလပ်မှာ ပြုတ်ကျတဲ့သူ ပြုတ်ကျ၊ ရထားကျိတ်ခံခဲ့ရတဲ့သူ ခံရနဲ့ ရှိကြပေမဲ့ သမိုင်းရထားကြီးကတော့သူ့ခရီးစဉ်အတိုင်း မပျက်မကွက် ဆက်လက်ခုတ်မောင်ခရီးနှင်လျှက်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရ သမ္မတဦးသိန်းစိန်တို့ရဲ့တွေ့ဆုံခြင်းကနေ စတင်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်း စဉ်ဟာ ဇန္နဝါရီလ (၁၃) ရက်နေ့က အဓိကကျတဲ့တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ ကျောင်သားခေါင်းဆောင်အများစုကို လွှတ်ပေး လိုက်ခြင်းနဲ့ အတော်အသင့်ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ရေးအုပ်မြစ်ကို ချနိုင်ခဲ့ပါတယ်။ အကြွင်းမဲ့ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ အတွက်ကတော့ တပြည်လုံးအတိုင်အတာနဲ့ အပစ်အခတ်ရပ်စဲတာတို့၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတို့ အစရှိတဲ့ မြောက်များစွာသော အပြုသဘောဆောင်တဲ့လုပ်ရပ်တွေ အကောင်အထည် ဖေါ်ရအုံးမှာပါ။

လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးခြေအနေကို သုံးသပ်ကြည့်တဲ့အခါ ပေါ်လာတဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစ ဖြစ်တည်လာမှုကို လက်သင့်ခံတဲ့ နိုင်ငံရေးအင်အားစုနဲ့၊ လက်သင့်မခံတဲ့အင်အားစုလို့ နှစ်ပိုင်းခွဲလို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ လက်သင့်မခံတဲ့ အင်အားစုတွေအကြောင်းဘဲပြောခြင်ပါတယ်။ ဒီအင်အားစုကိုထပ်ပြီးခွဲလိုက်ရင်၊ လက်ရှိအစိုးရဖက်က မပြောင်းလဲလိုသူတွေနဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေထဲက အစိုးရကို မယုံကြည်သူတွေလို့ (၂) စုခွဲလို့ရပါတယ်။

* အစိုးရဖက်က မပြောင်းလဲလိုသူတွေကတော့ ကြိမ်ဖန်များစွာကျူးလွန်ခဲ့တဲ့အမှားတွေအတွက် စိုးရိမ်ကြောင့်ကြနေသူတွေနဲ့ မတရား သဖြင့်ရခဲ့တဲ့စည်းစိမ်ချမ်းသာနဲ့ အာဏာပါဝါတွေကို ဆုံးရှုံးရမှာ စိုးရိမ်နေသူတွေအပြင်၊ အမှားအမှန်မခွဲခြားနိုင်လောက်အောင် အတွေး အခေါ် အကျဉ်ကျနေသူတွေပါဝင်ပါလိမ့်မယ်။
* အတိုက်အခံတွေဘက်ကတော့ စစ်အာဏာရှင် စနစ်ဆိုးရဲ့ ထုထောင်းညှင်းဆဲသတ်ဖြတ်မှုတွေအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရလို့ ပွေ့ပိုက်ထားရတဲ့ အနာတရတွေနဲ့ အာဃာတ မဖြောက်နိုင်သေးသူတွေ၊ အယူဝါဒတစ်ခုအောက်မှာ အစွန်းရောက်စွာ ပိတ်လှောင်မိ နေသူတွေ၊ ယုံကြည်လိုပေမဲ့ အကြိမ်ပေါင်းများစွာ အလိမ်ခံခဲ့ရလို့ သံသယကြီးစွာနဲ့ စောင်ကြည့် နေသူတွေ၊ မသာအိမ်ဖဲ လိမ်ရိုက်သလို ကိုယ်ကျိုးရှာတတ်တဲ့ အခွင့်အရေးသမားတွေ၊ ရန်ကိုရန်ခြင်း တုံ့နှင်းပြီး အာဏာရှင်စနစ်ထက် အာဏာရှင်နဲ့အပေါင်းအပါ တွေကို အမြစ်ဖြတ်ချေမှုံးသုတ်သင်လိုတဲ့ ဒီမိုကရေစီအမည်ခံ စစ်ဝါဒီသမားတွေပါဝင်ပါလိမ့်မယ်။

ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် ဘယ်သူဘဲဖြစ်ဖြစ် အထက်မှာဖေါ်ပြခဲ့သူအားလုံးဟာ မြန်မာနိင်ငံသားတွေချည်းပါဘဲ။ ဆရာကြီးဒဂုန်တာရာ ပြောတဲ့ နိုင်ငံရေးမှာ ရန်သူမရှိ မိတ်ဆွေဘဲရှိတယ်ဆိုတဲ့စကားဟာ အင်မတန်တန်ဘိုးရှိပြီး လေးနက်လှပါတယ်။

ကျွန်တော်တို့လုပ်ဆောင်ရမဲ့ အမျိုးသားနိုင်ငံရေးတာဝန်တရပ်ကတော့ အမှားအတွက်စိုးရွံ့သူတွေနဲ့၊ ခံခဲ့ရပေါင်းများလို့ သံသယရှိသူ တွေကြားမှာရှိတဲ့ အဟ (gap) ကိုဖြည့်နှိုင်သမျှဖြည့်ပေးပြီး၊ သူတို့အားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်ကြောင်းပေါ် တက်လာ ကြစေဖို့ပါဘဲ။

ဒီနေရာမှာဥပမာပေးလိုတာက အနာ့ပဆုပ်ဆိုတဲ့ ရောဂါဆိုးကြီးစွဲကပ်နေတဲ့ လူနာတစ်ဦးကို၊ နက်ရှိုင်းစွာလှိုက်စားနေတဲ့ အဲဒီအနာကြီးကို လှီးဖြတ်ပြီးကုလို့မရပါဘူး။ အနာကိုဆေးကြောပြီး၊ ဆေးရည်စိမ်ထားတဲ့ ဂွမ်းလိပ်တွေအနာပေါက်ထဲ သွတ်သွင်းမူတွေ အကြိမ်ကြိမ်လုပ်ပြီး အသားနုတက်လာအောင် ဖြေးဖြေးခြင်းကုယူရပါတယ်။ ကုစားလို့မရတဲ့ အသားအဆွေးအမြေ့အစတွေကတော့ အနာဖေးတက်၊ ခြောက် ကပ်ပြီး ကွာကျကုန်တာ ဓမ္မတာပါ။

အဲဒီလိုပါဘဲ နာတာရှည်နိုင်ငံရေး အနာ့ပဆုပ်ပေါက်နေတဲ့ မြန်မာနိုင်ငံရဲ့ညီညွတ်ရေး ခရီးကြမ်းကြီး သာယာဖြောင့်ဖြူးဖို့၊ ပြည်ထောင်စု စိတ်ဓါတ် ဆေးရည်စိမ်ထားတဲ့၊ အပြုသဘောဆောင်တဲ့လုပ်ကိုင်မှု ဂွမ်းလိပ်တွေ အကြိမ်ကြိမ်ထဲ့သွင်းခြင်းနဲ့ ယုံကြည်မှု၊ ညီညွတ်မှု ဆိုတဲ့ အသားနုတွေတက်လာအောင် လုပ်ယူရမှာဖြစ်ပါတယ်။ လုံးဝကုလို့မရတဲ့ အစွန်းရောက် သူတွေ၊ မိုက်မဲသူတွေဟာ အသားပုတ်အသားဆွေး တွေလို ခြောက်ကပ်၊ အနာဖေးတက်ပြီး ကွာကျသွားပါလိမ့်မယ်။

ဒါကြောင့် လက်ရှိအစိုးရနဲ့တကွ အတိုက်အခံနိုင်င်ရေးအင်အားစုတွေနဲ့ မြန်မာပြည်သူပြည်သားအားလုံး ကိုမေတ္တာရပ်ခံလိုတာက အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းခြမ်းရေးဟာ တတိုင်းတပြည်လုံးအရေး၊ အားလုံးရဲ့အရေးဖြစ်တာမို့ ပုဂ္ဂိုလ်စွဲကင်းကင်း၊ အာဃာတရှင်းရှင်း ထားလို့၊ ဒုက္ခပင်လယ်ဝေပြီး ငရဲတွင်းထဲ ကျသလိုခံစားနေရတဲ့ အမိမြန်မာနိုင်ငံတော်ရဲ့အကျိုးကိုသာရှေ့တန်းတင်ကြဖို့၊ ပြည်ထောင်စုစိတ် ဓါတ်ကို လက်တွေကျင့်သုံးကြဖို့ပါဘဲ။

သမိုင်းရထားကြီးကတော့ဥသြသံဆွဲလို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဘူတာမှာဆိုက်လို့နေပါပြီ။ သံသယတွေဖျောက်နိုင်ကြပါစေ- သံ သယတွေပျောက်နိုင်ကြပါစေ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေ ကိုယ်တိုင်းပြည်အတွက်ကောင်သောကံများ ပြုနိုင်ကြပါစေ- အစိုးရနဲ့ ဒီမိုက ရေစီအင်အားစု၊ နှစ်ဖက်စလုံး အာဃာတတိမ်သလ္လာကင်းလို့ နိုင်ငံရေးအမြင်ရှင်းကြပါစေ။ သက်ဆိုင်သူအားလုံး အမျိုးသား ပြန်လည် သင့်မြတ်ရေးမှတ်တိုင်မှသည်၊ ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးမှတ်တိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး မှတ်တိုင်များဆီသို့ အတူတကွလိုက်ပါ နိုင်ကြပါစေ။

လေးစားစွာဖြင့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts