>Phoe Htet – Aung Thin and Me in Singapore

>

ဆရာ (ဦး) အောင်သင်းစာပေဟောပြောပွဲနှင့်ကျနော့်အတွေးစများ
ဖိုးထက်၊ ဇန်န၀ါရီ ၂၄၊၂၀၁၂
ဒီနေ့ တနင်္ဂနွေ ပိတ်ရက်မှာ ဆရာကြီး ဦးအောင်သင်း၏စာပေဟောပြောပွဲသို့ သူငယ်ချင်း တစ်ယောက်နှင့် အတူ သွားဖြစ်ခဲ့သည်။ စာပေဟောပြောပွဲများကိုအွန်လိုင်းမှ၊ ကက်ဆက်မှ၊ စီဒီမှ တဆင့် စာရေးဆရာမျိုးစုံ ပြော ဟောတာကို နားထောင်ဘူးသဖြင့်မစိမ်းပေမယ့် အပြင်မှာ လူအရှင်လတ်လတ်ကြီး ဟောတာကို နားထောင်တာက လက်ချိုးရေတွက်လျှင်လက်တစ်ဖက် မပြည့်ချင်။
          အထူးသဖြင့်ကျနော် က ဆရာကြီး ဦးအောင်သင်း၏ စာပေတပည့်လို့ ပြောလျှင်ရမည်။ ဆရာကြီး အမြဲပြောတတ်သောသူ၏ စာသင်တစ်ပည့်နှင့် စာပေတပည့် နှစ်မျိုးရှိရာမှာ ကျနော်က စာပေတပည့်ထဲမှာ ပါဝင်သည်။ဆရာကြီး၏ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ စာပေဟောပြောပွဲ အခွေများကို ကက်ဆက်မှ တစ်ဆင့်နားထောင်မိကတည်းက ဆရာကြီး၏ စာပေတပည့် တစ်ယောက်ဖြစ်သွားတော့သည် ဆိုလျှင် ပိုမှန်မည်။“ ကျနော်တို့ နိုင်ငံတော်ကြီး သံယံဇာတ ပေါကြွယ်ဝပါတယ်..ဘာတွေ ညာတွေ လျှောက်အော်မနေနဲ့..ရေနံဖင်ခုထိုင်ထား..မတူးတတ် အလကားဘဲ..တူးတတ်တဲ့ ပညာတတ် တွေက ရှေ့ကသွား..မြန်မာတွေက ပေါက်တူးပေါက်ချွန်းတွေကိုင်ပြီး နောက်ကနေ ကျွန်မျိုးဟေ့ တို့ဗမာ” ဆိုသည့် ရဲရဲတောက် ဟောပြောချက်ကိုကျနော်က သဘောကျသည်။ ဆရာ့နှယ့် ပြောဘဲ ပြောတတ်ပလေဆိုပြီး နာလိုခံခက် စပ်ဖျဉ်းဖျဉ်းခံစားမိဘူးခဲ့သည်။
          “စစ်သူကြီးမဟာဗန္ဓလလောက် ဘယ်သူ မျိုးချစ်စိတ်ရှိမလဲ၊ ဘယ်သူ သူ့လောက် သတ္တိကောင်းမလဲ၊ ဒါပေမယ့် ရွှေထီးကြီးတ၀င်းဝင်းနဲ့ လုပ်နေတုံး ဟိုက “ထုံး” ဆိုတော့ သေရော..ကိုယ်ကမှ ပြန်မထုံးနိုင်ဘဲကိုးသေမှာပေါ့..သမိုင်းမှာတော့ မြန်မာတို့သည် နယ်ချဲ့ အင်္ဂလိပ်ကို ရွပ်ရွပ်ချွန်ချွန် တွန်းလှန်တိုက်ခိုက်ပါသော်လည်းလက်နက်အင်အားမမျှတသဖြင့် ရှုံးရသည် ဘာ ညာဆိုပြီး သမိုင်းလှအောင် လျှောက်ရေးမှာပေါ့..တကယ်ကပွင့်ပွင့်လင်းလင်းရေးကြကြေးဆို မြန်မာတို့သည် ပညာမတတ်သဖြင့် အင်္ဂလိပ်ကို ရှုံးလေသည်..”ဆိုသည့် ပြောဟောချက်သည် ကျနော့်အတွက် အတွေးသစ်၊ အမြင်သစ်။
          ဆရာကြီး၏စာပေအရေးအသား စာအုပ်များကို အများအပြား ဖတ်ဘူး၊ နှစ်သက်ဘူးပေမယ့် အပြင်မှာ ဆရာကြီးကိုတစ်ခါမှ မတွေ့မကြုံဘူး။ စာရေးဆရာတွေဆိုတာလဲ ရုပ်ရှင်မင်းသားတွေလို ရုပ်ပြစားရသော လူတန်းစားမဟုတ်သလိုထိုစာရေးဆရာ၏ စာပေအရေးအသား၊ အတွေးအမြင်၊ အနုပညာအဆင့်အတန်းကသာ ပိုမိုအရေးကြီးသည်ဟု ခံယူမိသောကျနော့်အတွက် ဆရာကြီးကို တွေ့ဖို့ ဘယ်တုံးကမှ မကြိုးစားမိခဲ့ပေ။ ဓာတ်ပုံတွေနှင့်ဘဲရင်းနှီး သိကျွမ်းသည်။
          သို့သော်စင်္ကာပူမှာ ဆရာကြီး၏ စာပေဟောပြောပွဲရှိသည်ဆိုသည့် သတင်းရရှိသောအခါ ကျနော့်မှာ တအံ့သြကြီးအံ့သြရတော့သည်။ ဆရာကြီး အသက် ၈၅ ပြည့်တော့မည်။ ၈၅ နှစ်ဆိုသည့် အဘိုးကြီး အရွယ်နှင့်မပူမပင် မကြောင့်မကြ နေလို့ရသည့် အချိန်မှာတောင် နိုင်ငံရပ်ခြားအထိ စာပေရေးရာများ လိုက်လံဟောပြောမည့်ဆရာကြီး၏ စေတနာကို ကျနော် လေးစား ရှစ်ခိုးပူဇော်မိသည်။ စနေညကတည်းက အွန်လိုင်းပေါ်မှာဆရာကြီး၏ ငယ်ရွယ်စဉ်အချိန်က ဟောပြောချက်များကို ပြန်လည်ရှာဖွေ နားထောင်မိသည်။ ဘယ်စာပေဟောပြောပွဲမှာမဆိုဆရာကြီးအဓိက ဟောပြောသော အကြောင်းအရာက ပညာ အရေးကြီးကြောင်း၊ ပညာ တန်ဖိုးကြီးကြောင်းများသာ။
          ဟောပြောပွဲခန်းမကို ရောက်တော့ ခန်မကြီးက ခမ်းနား ထယ်ဝါကြီးမားသလောက် ပရိတ်သတ်က ထင်သလောက်မများ။ခုံအလွတ်၊ နေရာအလွတ်တွေ တပုံတပင်။ 20 SGD သာပေးရသော စာပေဟောပြောပွဲမှာ လူမပြည့်ဘဲ50 SGD ပေးရပြီး မတ်တပ်ရပ်ကြည့်ရသည့် IC ရှိုးပွဲတုံးက ခမ်းမအပြည့်ဟု သူငယ်ချင်း တစ်ယောက်ပြောသံကိုပြန်ကြားမိပြီး မချင့်မရဲဖြစ်မိသည်။ ကျနော်တို့ နှစ်ယောက် သတ်မှတ်နေရာမှာ ထိုင်ပြီးမကြာခင်မှာအခမ်းအနားစသည်။ နိုင်ငံတော်သီချင်းကို အားရပါးရ အတူဆိုကြပြီး အခမ်းအနားစသည်။  ညီ၊ ညီမအရွယ် ကျောင်းသူ ကျောင်းသားလေးတွေကPresenter အနေဖြင့် စိတ်ဝင်စားဖွယ်ကောင်းအောင် အစီအစဉ်များကို စကားပြော ဆွေးနွေးသလိုအသိပေးသွားသည်။
          ပထမဆုံးအစီအစဉ်တွေကိုကျနော် သိပ်စိတ်မပါ။ ကျေးဇူးတင်ထိုက်သူများ ကို ကျေးဇူးတင်ကြောင်း ဘာကြောင်း ညာကြောင်း။ဆရာကြီး၏ စာပေဟောပြောပွဲ ပထမပိုင်း စတင်ရန် ဖိတ်ခေါ်လိုက်တော့ ဆရာကြီးကို လူနှစ်ယောက်တွဲပြီး တက်လာတာကို မြင်ရတော့ ငါ အဲဒီအသက်အရွယ်ရောက်ရင် ဆရာကြီးလို ပညာက မပြည့်တော့ဒီလိုလူအုပ်ကြီးကို ဟောပြောဖို့ မပြောနဲ့ သတိတောင် ကောင်းပါတော့မလားဟု လန့်တွေး တွေးမိသည်။
          ဆရာကြီးကထိုင်ခုံပေါ်မှာ ထိုင်ပြီး ဟောပြောပေမယ့် နားထောင်သူတွေ၏ ပရိတ်သတ်ထိုင်ခုံတွေက ဆရာကြီးထိုင်ရသော ထိုင်ခုံထက် ပိုကောင်းနေတာကို နှိုင်းယှဉ်မိပြီး အခမ်းအနား စီစဉ်သူများကိုစိတ်ကွက်မိသည်။  စာတွေ အများကြီး ဖတ်ခဲ့သော၊ဗဟုသုတများလှသော၊ စာအုပ်၊ စာတမ်းအများကြီး ရေးခဲ့သော၊ ဘ၀အတွေ့အကြုံပြည့်စုံသော ဆရာကြီး၏ဟောပြောချက်များမှာ အဘိုးကြီးတစ်ယောက် အားစိုက်ထည့် ပြောနေရသည့် အသံကို မေ့လျော့သွားစေသည်။
          ကျနော့်အခံပါရမီက သူတစ်ဖက်သားအပေါ် ကြိုက်ကြိုက်မကြိုက်ကြိုက် မိတ်အပျက်ခံကာ စကားအလွန်များကာစနောက်တတ်သည့် ၀သီပြင်းပြသည်။ အစအနောက်ကောင်းသဖြင့် ကြီးမှ ပြန်တွေ့သည့် ကျောင်းအတူတက်ခဲ့သည့်သူငယ်ချင်းတွေတောင် မခေါ်မပြောချင် ဖြစ်ရလောက်အောင် နာမည်ပျက်ခဲ့ရသည်။ သို့သော် ယခုကျနော့်ရှေ့စင်ပေါ်ရှိ မတ်တပ်ထိုင်ခုံလေးပေါ်မှာ ထိုင်နေရှာသည့် အသက်ရှစ်ဆယ့်ငါးနှစ်ရှိသောမြန်မာပညာရှိ အဘိုးကြီး၏ စကားများကိုတော့ ကျနော့် စချင်၊ နောက်ချင်၊ဟာသ လုပ်ချင်စိတ်များကိုလွယ်လွယ်ကူကူချိုးနှိမ်နိုင်ကာ စကားလုံးတိုင်း စကားလုံးတိုင်းကို အမိအရ မှတ်သားနားထောင်မိသည်။
          အသက်ရှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်သည့်ဆရာကြီး၏ အသက်သည် ဒီခေတ်လူ့သက်တမ်းနှင့် ယှဉ်ပြောရလျှင် အတော်ကို  အသက်ရှည်နေသေးသည်လို့ ပြောရမည်ထင်သည်။ ဆရာကြီး၏ကျန်းမာရေး ယို့ယွန်းလာတာကိုတော့ဖြင့် အထင်းသား၊ အရှင်းသားမြင်နေရသည်။ ဟောပြောပွဲ ပထမပိုင်းတစ်နာရီခွဲခန့်အချိန် ပြီးခါနီးမှာ အဲယားကွန်း လေများဖြင့် ဆရာကြီး အအေးပါတ်ပြီး နေမကောင်းဖြစ်ချင်လာတာကိုပြောသွားရှာသည်။
          လောကကြီးမှာကောင်းမွန်သည့် ဘယ်အရာမဆို စိတ်ညစ်ညူးစရာများ ဒွန်တွဲပါဝင်နေတတ်သည် ဆိုသည့် အဆိုက အလွန်မှန်သည်ထင်သည်။ဆရာကြီး၏ အဆီအနှစ်များနှင့် ပြည့်စုံသော စကားလုံးများကို ကျေနပ်ကြည်နူးအားရမိသလောက်ကျနော့်နောက်နှင့် အရှေ့ဘက်ရှိ လူများကိုတော့ ထမဆဲမိ၊ မပြောမိအောင် ချုပ်တီးရင်း အတော်ကြီးကိုအားစိုက်နားထောင်နေရတာက စိတ်ပျက်ညစ်ညူးစရာ။
`        စာပေဟောပြောပွဲဆိုတာကစတိတ်ရှိုးမဟုတ်၊ အငြိမ့်ပွဲမဟုတ်။ လူတစ်ယောက်၏ ပညာအတွေ့အကြုံများ၊ တိုက်တွန်းချက်များကိုမလေးစား၊ သဘောမတူရင်တောင် ငြိမ်ငြိမ်သက်သက်နားထောင်သင့်သည်။ နားမထောင်နိုင်ရင် မလာရုံဘဲရှိသည်။ ကျနော့်နောက်က အသက်လေးဆယ်ခန့်ရှိ ဆရာမဟု ဘေးက လူငယ်များက ၀ိုင်းခေါ်နေကြသောအမျိုးသမီးကြီးက ဦးဆောင်ကာ ဆရာကြီး ဟောပြောနေချိန်အများစုမှာ စကား အရမ်းများကြသည်။ရုပ်ရှင်ရုံမှာ စကားပြောသလိုမျိုး လေသံသဲ့သဲ့လေးနှင့် စကားတွေ ပြောသည်။ ရီသည်။ ကျနော့်နောက်ကျောသူတို့ခုံတန်းမှာ စကားပြောသံများသည် ဆရာကြီးဟောပြောပွဲကိုတော့ဖြင့် ဘယ်လိုမှ အနှောင့်အယှက်မဖြစ်ပေမယ့်အရှေ့ဘက်ရှိ ကျနော်တို့ကို အနှောင့်အယှက်အများကြီးပေးသည်။ ထိုင်ခုံလွတ်ရှိရာတွေသို့ကျနော် ထထွက် ထိုင်လို့ရပေမယ့် ဆရာကြီး ဟောပြောနေချိန်မှာ ထလမ်းလျှောက်မိတာ စော်ကားတာနဲ့အတူတူဘဲဖြစ်မှာစိုးသဖြင့် မလုပ်ဖြစ်။
          ကျနော့်ရှေ့ကစုံတွဲလေးကတော့ တစ်မျိုးတစ်ဘာသာ။ ခေါင်းချင်းပူးသွားသည်။ ပြန်ခွာလာသည်။ ဟောပြောနေချိန်ဓာတ်ပုံမရိုက်ပါနှင့်ဟု မေတ္တာရပ်ခံထားသည်ကို မသိကျိုးကျွန်ပြုကာ တယ်လီဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီးFacebook သုံးနေတာကို အရှင်းသား မြင်တွေ့ရေသည်။ ခနနေတော့ တယ်လီဖုန်းမှ Bon Jovi သီချင်းအကျယ်ကြီးထွက်လာကာ ဖုန်းလာသည်။ ဒီလို အသက်ကြီး အဘိုးကြီး မပြောနှင့် အသက်ငယ်ငယ် စာရေးဆရာဟောပြောလျှင်တောင်လေးစားသမှုဖြင့် တယ်လီဖုန်းကို အသံမမည်အောင် လုပ်ထားရမယ်ဆိုသည့် အတွေးအခေါ်လေးတောင်မရှိရလောက်အောင် မတွေးနိုင်ကြတော့ပြီလား။ ပစိပစပ်များလွန်းသော မိန်းမ အသက်ကြီးကြီးတစ်ယောက်လို ဖြစ်နေသည့် ကျနော့် ဒေါသအတွေးများကို ဆရာကြီး၏ စကားသံများက ဆွဲဆောင်နေသဖြင့်သာတော်တော့သည်။ 
          Presenterချာတိတ်လေးတွေ ရွတ်ဆိုပြသည့် မောင်ချောနွယ်၏ ရထားကဗျာများထဲမှ အထက်တန်းကျတဲ့ရေ ကဗျာထဲမှအပိုဒ်လေးကို နားထောင်ကာ မောင်ချောနွယ်ဆိုတာ ဘယ်သူလဲ။ တစ်ခါမှ မကြားဘူးဘူးဟု ရိုးသားစွာဝန်ခံပြောသံကိုတော့ ကျနော်မခံစားနိုင်စွာ အပြင်သို့ ထထွက်ခဲ့သည်။ မောင်ချောနွယ်မသိတာသူ့အပြစ်မဟုတ်၊ စာမဖတ်ကြတော့တာသာ ငါတို့လူမျိုးတွေ အပြစ်ဟု ဆရာတွေး တွေးကာ ကျနော် ပြန်ဝင်လာတော့ဆရာကြီး၏ စာပေဟောပြောပွဲ ဒုတိယပိုင်း အမေးအဖြေ အပိုင်း စတော့မည်။
          မေးခွန်းတွေအများကြီး စိတ်ဝင်တစ်စားမေးကြသည်။ နိုင်ငံရေးအကြောင်းပြောတာ မဟုတ်ပါဘဲလျက် ယခုအချိန်မှာနိုင်ငံရေးကို သဘာဝကျစွာ စိတ်ဝင်စားပြီး မေးမြန်းထားကြသည်ကို ဆရာကြီးကလဲ သေသေချာချာပြန်ဖြေကြားပေးသည်။ ဒီမိုကရေစီစနစ်ကို ဆရာကြီး ဘယ်လိုမြင်ပါသလဲဟု အမေးကိုတော့ ဒီမိုကရေစီဆိုတာအများက ၀ိုင်းဝန်းပြီး ထိမ်းသိမ်းရတဲ့စနစ်။ မလိုချင် အာဏာရှင်စနစ်ပြန်သွားပေါ့ ဆိုသည့်အဖြေကိုတော့ လက်ခုပ်သံအကျယ်ကြီး တီးကြသည်။
          အပြာစာပေသည်ရသစာပေထဲ ပါ ပါသလားဆိုသည့် အမေးကိုတော့ သူ့သားသေလို့ ငါစာရေးလိုက်လို့ အဲဒီမိန်းမကြီးငိုတာ ငါစာရေးကောင်းလို့လား၊ သူ့အကြောင်းနဲ့သူငိုတာလား..အခုလဲ အပြာစာပေကို ရသစာပေလားလို့မေးတဲ့ မောင်ရင်လေးလဲ အပြာစာပေက ရသပေးလို့လား၊ မောင်ရင်လေးဘာသာ မောင်ရင်လေး အကြောင်းရှိလို့လားဆိုသည့် အဖြေကို ပညာရှိဆန်စွာ ဖြေဆိုသွားသည်။ မေးတဲ့ ကောင် နင်၊ မနင်တော့ မသိ။ ကျနော်ဘေးလူတောင် အနေခက်သည်။
          ဆရာပြန်တွေးရင်သိပ်ဝမ်းနည်းတယ်။ ငါတို့ စစ်တပ်ဆိုတာ လူတစ်ဖွဲ့ရဲ့ ၊ လူတစ်ဦးတစ်ယောက်ရဲ့ အသုံးချခြင်းကိုစိတ်မကောင်းစရာကောင်းလောက်အောင် ခံခဲ့ရတာကွ ဆိုသည့် အသက်ရှစ်ဆယ့်ငါးနှစ် ခေတ်ကြီးများကိုဖြတ်သန်းလာသည့် ပညာရှိ အဘိုးကြီး၏ မှတ်ချက်သည် မမှားတန်ရာ။
          အစိုးရဆိုတာပြည်သူ ပြည်သားတွေရဲ့ မိဘဘဲ။ မင်းတို့ ပါတ်ဝန်းကျင် မိဘတွေထဲမှာ အစားတစ်လုပ် လျှော့စားပြီးသားသမီး ပညာရေးကို အားပေးတဲ့ မိသားစု ဘယ်တော့မှ အောက်တန်းမကျဘူး။ ဘယ်တော့မှ နောက်ကောက်မကျဘူးဆိုသည့် ဘယ်လိုအစိုးရက အကောင်းဆုံးလဲဆိုသည့် အမေးကို ဖြေသွားတာက ကွက်ကွက်ကွင်းကွင်းကြက်သီးထစရာ။
          တကယ်ကြတော့ကျနော့်အတွက် ဆရာကြီး၏ လေယူလေသိမ်း၊ ပြောကွက်၊ ဆိုကွက်များသည် သူ့စာတွေကော၊ သူ့ဟောပြောပွဲအခွေတွေပါ နားထောင်ထားသည့်အတွက် အသစ်အဆန်းကြီးမဟုတ်။ သို့သော် မရိုးအီသွား။ ဒီနေရာမှာဘာပြောချင်လို့ ဆရာကြီး ဘာစကားစပြောနေတယ်ဆိုတာ ခန့်မှန်းလို့ရနေပေမယ့် ဆရာကြီး၏ စေတနာအပြည့်ဆိုဆုံးမ တိုက်တွန်းသံသည် အပ်ကြောင်းထပ်နေသည်ဟု ကျနော် မမြင်မိ။
          ဆရာကြီးသည်မေးခွန်းများကို ဆေးတစ်ခွက်ပြီး တစ်ခွက် သောက်ကာ မမောမပန်း ဖြေပေးသွားရှာသည်။ အခမ်းအနားပြီးနဂါးနီသီချင်းဆိုတော့ ဘာအကြောင်းမှန်းမသိဘဲ ကျနော် ကြက်သီးတွေထသည်။ ဆရာကြီးကတော့ နေမကောင်းဖြစ်နေတာကိုသီးခံကာ စင်ပေါ်မှာ ဆက်ပြီး ထိုင်နေပေးရှာသည်။ ကျနော့် ရှေ့မှာ စုံတွဲလေးက ဆရာကြီးကိုဘယ်ညာ ညှပ်ကာ ဓာတ်ပုံတွေ ရိုက်သည်။ ကျနော့်နောက်က ဆရာမဟု အများခေါ်နေကြသည့် အမကြီးကသိပ်လဲ မရီရဘူးဟု မှတ်ချက်ပေးသံကြားရသည်။
          ကျနော်ကတော့ဓာတ်ပုံလဲ တွဲရိုက်ချင်စိတ်မရှိတော့။ ဒီတစ်သက်မှာ ဆရာကြီးဟောပြောပွဲ ရှိနိုင်ပါအုံးမလားတွေးမိကာ ၀မ်းနည်းလာသည်။ စင်မြင့်ပေါ်ရှိ လူတွေ တအုန်းအုန်းနှင့် ဓာတ်ပုံ တွဲ အရိုက်ခံနေရှာသည့်ဆရာကြီးကို ကျနော် အကြာကြီး စိုက်ကြည့်ကာ အားကျမိသည်။ သမိုင်းမှာ “အောင်သင်း” ဆိုသည့်နာမည်တစ်လုံးကို တာဝန်ကျေပွန်စွာ ထားသွားခဲ့နိုင်တော့မည့် အဲဒီမြန်မာကြီးကို ကြည့်ကာဂုဏ်ယူစိတ်တွေ ဖြစ်မိသည်။ မြန်မာလူမျိုးတွေ သမိုင်းမှာ “အောင်သင်း” က ဘယ်လိုလူဆိုတာနောင်လာ နောက်သားများအတွက် လိပ်ပြာသန့်သန့်နဲ့ ချန်ထားခဲ့ပေတော့မည်။ “အောင်သင်း” ဆိုတာသန့်ရှင်းကြည်လင်စွာနဲ့ နိုင်ငံသားကြီး တစ်ယောက်တာဝန်ကျေသွားခဲ့တယ်ဆိုတာ သိကြရပေတော့မည်။
           ခန်းမကြီးထဲမှ ကျနော်တို့ ပြန်ထွက်လာတော့ ည ရှစ်နာရီထိုးတော့မည်။အသူရာ နေမင်းကြီး အိပ်စက် အနားယူပြီ။ သို့သော် သြကာသ လောကကြီးသည် မှောင်မည်းမနေ။ ကျနော်တို့သွားလိုရာကိုသွားနိုင်ဖို့ အလင်းရောင်တွေ ကောင်းစွာရှိသည်။ ထိုအလင်းရောင်များ အောက်မှ  ကျနော်တို့ ခြေလှမ်းများသည် နွေးထွေးလုံခြုံရာ အိပ်စက်အနားယူမည့် အိမ်ဆီသို့ ဦးတည်လိုက်ကြတော့သည်။
(ဓာတ်ပုံကို ဒီနေရာကhttp://www.flickr.com/photos/ktmgktmg/5652554568/in/photostream/ယူပါတယ်)
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts