>Maung Thaw Ka – Articles

>

ယမကာညနေခင်း (၈)
မောင်သော်က
ဇန်န၀ါရီ ၁၇၊ ၂၀၁၂


ပင်။ ။ အလို ဘယ်လိုဖြစ်နေတာပါလိမ့်။ ကျုပ်ဖြင့် လူကိုတောင် မမှတ်မိပါသလဲ။ မနည်းကြည့်ယူရတယ်။ ဘာစိတ်ကူးရလို့များ ခေါင်းတုံး ရိတ်လိုက်တာလဲ။
အယ်။ ။ အမယ် ဒီလူ သင်္ကြန်တွင်းတုန်းက ဒုလ္လဘရဟန်းခံလိုက်သေးသလား။ ကျုပ်တို့တောင်မသိရပါလား။ သာဓုဗျာ၊ သာဓု…
သော်။ ။ ဟိုးဆရာ ဟိုး၊ ခင်ဗျားသာဓုကိုချန်ထားဦး။ ဘယ်ကလာ ဒုလ္လဘရဟန်းခံရမှာလည်း စိတ်ညစ်လို့ ဆန္ဒပြတဲ့အနေနဲ့ ခေါင်းတုံးရိတ် ထားတာဗျ။

ပင်။ ။ အမယ် ခင်ဗျားက ဘာများစိတ်ညစ်ရပြန်တာတုန်း။ ဘယ်တုန်းကမှ စိတ်မညစ်တတ်တဲ့လူ စိတ်ညစ်တယ်ဆိုတော့ ဆန်းသားကလား။ ဆိုစမ်းပါဦး။
သော်။။ အရက်ကို လွယ်လင့်တကူဝယ်သောက်ချင်တာ မရလို့၊ ကျက်သရေရှိရှိ သောက်ချင်တာ မသောက် ရလို့ စိတ်ညစ်တဲ့အထိမ်းအမှတ်ပါ။

အယ်။ ။ဒါနဲ့များ စိတ်ညစ်ခံပြီး ခေါင်းတုံးရိတ်မနေပါနဲ့ဗျာ။ ခင်ဗျားလိုသာ စိတ်ညစ်လို့ ခေါင်းတိုးရိတ် ဆန္ဒ ပြရရင် တိုင်းပြည်မှာ ခေါင်းတုံးတွေ မှိုလိုပေါက်ကုန်မှာပေါ့။

ပင်။ ။ နေပါဦး၊ ခင်ဗျားဟာက စိတ်ညစ်တယ်လည်းပြောရဲ့ မျက်နှာကလည်း ပြုံးဖြဲဖြဲကြီးပါလား။ ဘာတွေများကြိတ်ပြီးဝမ်းသာနေရပြန် တာတုန်း။
သော်။ ။ ဝမ်းသာတာ သက်သက်တော့မဟုတ်ပါဘူး။ ဝမ်းနည်းဝမ်းသာစရာကြီးလို့ ဆိုကြပါစို့။

အယ်။ ။ ငို၍ရယ်၍မရသော မျက်နှာပေါ့ဗျာ၊ ဆိုစမ်းပါဦး၊ ဘာဖြစ်လို့လဲ။
သော်။ ။ အိမ်မှာ တယ်လီဖုန်းရလို့။

ပင်။ ။ ဟာ တကယ်၊ တယ်ဟုတ်ပါလား။ ဘယ်လောက်များပေးလိုက်ရသလဲ။
သော်။ ။ တစ်ပြားတစ်ချပ်မှာ မပေးရပါဘူးဗျာ။ နိုင်ငံတော်ကိုပေးသွင်းရတဲ့ ငွေ ၁၂၀၀ိ ပဲ ကုန်ကျပါတယ်။ ခင်ဗျားတို့ တယ်ခက်တဲ့လူတွေ ပါလား။ ငွေပေးရင် တယ်လီဖုန်းရတယ်ဆိုတဲ့ ကောလာဟလတွေ ဘယ်ကများကြားကြသလဲ။ မဟုတ်လည်း မဟုတ်ဘဲနဲ့၊ သားပုပ်လေလွှင့် လျှောက်မပြောကြပါနဲ့ဗျာ။

အယ်။ ။ ကဲ ထားပါတော့။ မပေးရလည်း ဝမ်းသာပါတယ်။ အဲဒီလိုမပေးရဘဲနဲ့ တယ်လီဖုန်းရတာများ ခင်ဗျားက ဘာကြောင့်လွတ်လွတ် ကင်းကင်း ဝမ်းမသာနိုင်တာတုန်း မျက်နှာကြီးကလည်း ရှုံ့လို့။
သော်။ ။ အခြေအနေအရပေါ့ဗျာ။ လောကမှာ ဝမ်းသာမှုဆိုတာ အများနဲ့မျှတခံစားရမှ တကယ်ဝမ်း သာစရာကောင်းတာ၊ ဆင်းရဲမှုကိုတစ် ယောက်တည်း ကြိတ်မှိတ်ခံလို့ရတယ်။ ပမာပြောရ ရင်ဗျာ။ ခင်ဗျားအိမ်က နေ့စဉ် ဒံပေါက်ထင်းချက်စားနိုင်တယ်ဆိုပါစို့။ နံဘေးအိမ်တွေက လည်း အနည်းဆုံးတော့ ထောပတ်ထမင်းလေး အုန်းထမင်းလေးတော့ ချက်စားနိုင်မှ ခင်ဗျားဒံပေါက်ကို မျိုကျမှာပေါ့။ ခင်ဗျားကတော့ ဒံပေါက်ထမင်းချက်၊ အိမ်နီးပတ်ဝန်းကျင်က ထမင်းရည်လျက်နေရရင် ခင်ဗျားဒံပေါက်ဟာ အရသာရှိပါ့မလား။ လူစိတ်ရှိရင်တော့ ခင်ဗျား ဘယ်နည်းနဲ့မှ မျိုမကျနိုင်ပါဘူး။ အဲ… လူစိတ်ရှိပြန်ရင်လည်း ခင်ဗျားခံရပြီသာမှတ်ပေတော့။

ပင်။ ။ အင်း အကျယ်ကို လင်းစမ်းပါဦးဆရာကြီးရယ်။
သော်။ ။ ဒီမှာ ခင်ဗျားတို့ ကျွန်တော်တို့နေကြရတာက လူလတ်တန်းစားဝန်းကျင်မှာလို့ဆိုကြပါစို့။ အိမ်တိုင်းမှာ တယ်လီဖုန်းမရှိနိုင်ဘူး။ ဟိုဘက်ခန်း ဒီဘက်ခန်း အပေါ်ထပ် အောက်ထပ်က ခင်ဗျားအိမ်မှာ တယ်လီဖုန်းရှိမှန်းသိတာနဲ့ ကိစ္စရှိလို့ပါလို့လာလိမ့်မယ်။ နေ့ညအချိန် မရွေး လာလိမ့မယ်။ လူမှုရေးအရ ခင်ဗျားငြင်းဆန်ရင် ကောင်းမလား၊ ကြီးကျယ်တယ်အပြောခံရမယ်။

ပင်။ ။ ဒါတော့ ဘယ်ကောင်းမလဲဗျာ။ မကောင်းတဲ့အတူ တစ်ခါဆက် တစ်ကျပ် နှစ်ကျပ်ယူပေါ့ဗျာ။ အဝေး မဆက်ရလို့လည်း ပြောထားဦး။
သော်။ ။ ခင်ဗျားဟာလေ ပင်စင်ယူကတည်းက ထစ်ခနဲဆို ရသမျှအခွင့်အရေးလေးနဲ့ စီးပွားရှာဖို့ချည်း စိတ်ကူးနေတော့တာပဲ။ မော်တော် ကားအသစ်လျှောက်ရောင်းစား၊ အဟောင်းဝယ် တက္ကစီဆွဲ ဓာတ်ဆီထုတ်ရောင်းစား၊ ဒီအကြံမျိုးလောက်ပဲ ခင်ဗျားတို့ ပင်စင်နာတွေမှာ ရှိ တော့သလား။ ရရင် ဘနဖူးသိုက်တူးဖို့ချည်း ကြံစည်နေကြတော့တာပဲ။ ကျုပ် အဲဒီအလုပ်မျိုး ဘယ်တော့မှမလုပ်ဘူး။ တယ်လီဖုန်းဆက်ခ ယူပြီး စီးပွားရှာစားရတယ်လို့ဗျာ။

အယ်။ ။ ခင်ဗျား အဲဒီလိုတော့ အရမ်းမပြောနဲ့ဗျာ။ ဒီလူတွေရှိနေလို့ မြို့ထဲမှာ အရေးအကြောင်းရှိ တယ်လီဖုန်းသုံးရတာ လွယ်နေသေးတာ၊ သူတို့သာမရှိရင် ဒုက္ခပဲဗျ။ ဘယ်သွားဆက်ရမှာတုန်း။
သော်။ ။ ခင်ဗျားပြောတာလည်း ဟုတ်သလောက် ဟုတ်ပါတယ်။ နောက်တော့ ကျုပ် သီးသန့်ဆွေးနွေးပါ့မယ်။ ခုပြောတာက လူမှုရေးအရ မငြင်းပယ်နိုင်တာကို ပထမပြောတာပါ။ နောက်တစ်ခါ သူတို့ကတစ်ဆင့် ခင်ဗျားနံပါတ်ကို ပေးထားကြပြန်ရော၊ လာပါလိမ့်မယ်။ ဟိုဘက် ခန်းက ဟဘယ်သူ့ကိုခေါ်ပေးပါ။ အပေါ်ထပ်က ဘယ်ဝှာကိုပြောပေးပါဆိုတဲ့ အားမနာရှာမကျိုးနိုင်တာမျိုးတွေ၊ ကိုယ့်တယ်လီဖုန်းနဲ့ကိုယ် အနှိပ်စက်ခံ အညှင်းပန်းခံဖြစ်ရတာမျိုးတွေ။

အယ်။ ။ ဟုတ်ပါ့ဗျာ။ ကျုပ်လည်း ဒီအဖြစ်မျိုး ခံနေရတာပါပဲ။
သော်။ ။ နောက်ပြီး ကိုယ့်အိမ်သားထဲကပဲ ထားပါတော့။ လူတွေက တယ်လီဖုန်းယဉ်ကျေးမှု (Telephoen Etiquette) မရှိဘူးဗျ။ တယ်လီ ဖုန်းဆိုတာ အရေးကြီးမှအရေးကြီးသလို အသုံးချရတာ လိုရင်းတိုရှင်းသာပဲပြော၊ ပြောပြီးပြန်ချလိုက် ခုတော့ဟုတ်ပေါင်ဘူးဗျာ။ တစ်ခါပြော ရင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်လောက် လေကြောရှည်ပြီးဆွဲပြောနေတယ်။ ဘာမှအရေးမကြီးတာတွေနဲ့ စကား ကြောရှည်နေ တတ်ကြတယ်။ သိပ်နားကြားပြင်းကတ်ဖို့ကောင်းတာပဲ။ အဲဒီအချိန်မှာ ကိုယ့်အိမ်ကို အခြားလူက အရေးတကြီးဆက်ချင်နေရင်တော့ သေပေတော့။ စောင့်ပေဦးတော့၊ အင်ဂေ့ခ်ျ- အင်ဂေ့ခ်ျ- အင်ဂေ့ခ်ျကြီးပဲဗျာ။

ပင်။ ။ ဟုတ်တယ်။ မိန်းမတွေကိုလေရှည်ကြတယ်။ ကျုပ်အိမ်ကမိန်းမလည်း ဖြစ်ကြောင်းရယ်တဲ့ကုန်စဉ်ကို နတ်သံနှောလို့ ဖုန်းပေါ်က ပြောတာ။ ကျုပ်တောင် တစ်ရေးအိပ်လို့ရတယ်။
သော်။ ။ ဒါကြောင့် တယ်လီဖုန်းဆိုသည်မှာ သိပ်သောက်မြင်ကတ်လောက်သည့် အဆင်ပြေမှုနှင့် သိပ်အဆင်ပြသော သောက်မြင်ကတ်စရာ ပစ္စည်းတစ်ခုသာ (A Telephone is most convenient nuisance and most nuisance convenience) လို့ ဆိုတာပေါ့။

အယ်။ ။ အဲဒီတာ့ အဲဒီလို ကိုယ့်အိမ်ပေါ် ကိုယ်ပင့်ခေါ်လာတဲ့ပြဿနာကို ဘယ်လိုများဖြေရှင်းကြရင်ကောင်းမလဲ။
သော်။ ။ အလွယ်ဆုံးနဲ့ အခက်ဆုံးကတော့ အများပြည်သူသုံး တယ်လီဖုန်းသေတ္တာ (Public Telephone Booth) ပဲ။ အဲဒါတွေကို စနစ်တကျ နဲ့ နှံ့နှံ့စပ်စပ်ထားနိုင်ရန် ဆက်သွယ်ရေးပြဿနာပြေလည်ပြီဆိုရမှာပေါ့။ ဒါပေမဲ့ အဲဒါဟာ အခက်ခဲဆုံးပြဿနာပဲ။

ပင်။ ။ ဘာဖြစ်လို့လဲဗျာ။
သော်။ ။ အများပြည်သူတွေဟာ ပြည်သူများအတွက်ထားပေးတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ရိုသေရကောင်းမှန်း မသိသေးဘူး။ ပြည်သူ့ကျင့် ဝတ်၊ ပြည်သူ့နီတိကို လိုက်နာရကောင်းမှန်း မသိသေးဘူး။ တစ်နည်းအားဖြင့်ဆိုလျှင် တိုင်းကြီးပြည်ကြီးကား အဆင့်အတန်းမရှိသေးဘူး။ ယဉ်ကျေးတဲ့လူမျိုး မပီသသေးဘူး။ ဒါကြောင့် အများပြည်သူအကျိုးအတွက် နိုင်ငံတော်အစိုးရက လုပ်ဆောင်ပေးသမျှဟာ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်ရတယ်။

အယ်။ ။ ခင်ဗျားဟာက တွယ်လှချည်လား။ ဖိလှ နှိပ်လှချည်လား။
သော်။ ။ ဖိမှ နှိပ်မှ ချိုးမှ ဖဲ့မှနာတတ်မယ်။ ဒီလူတွေအတွက်ကတော့ ဒီစကားမျိုးနဲ့ပဲတန်တယ်။ အိမ်သာတောင်မှ မစင်မကပ်အောင် မယို တတ်တဲ့လူမျိုး၊ ဖင်ထိုင်အိမ်သာတောင်မှ ဖင်ချမထိုင်တတ်ဘဲ ဆောင့်ကြောင့်ထိုင်ရမှ သွားတတ်တဲ့လူမျိုး။ တွေ့ကရာကို တုတ်ခနောင်ချိုး ပြီး အီးအီးကုန်းတတ်တဲ့လူမျိုးကို ဘာအထင်ကြီးစရာရှိသလဲ။

ပင်။ ။ နေပါဦး၊ ခင်ဗျားဟာက တယ်လီဖုန်းကနေ ဘယ့်နှယ့်လုပ်အိမ်သာကိစ္စရောက်သွားတာလဲ။ အိမ်သာကို မောင်သစ် စပယ်ရှယ် လစ်လုပ်ပြီး ရေးနေပါတယ်။ အိမ်သာဒေဝလုပ်နေတာ မောင်သစ်ပေါ့။ သူရေးဖို့ထားပါဦး။
သော်။ ။ အဲဒီအိမ်သာကအစပြောမှ အရင်းအမြစ်ကနေ လှန်ပြောတာဗျ။ အိမ်သာကအစ ပန်းခြံတို့၊ အများပြည်သူသုံး တယ်လီဖုန်းရုံတို့၊ အိုဗျာ အလှအပမှန်သမျှ၊ သောဘဏအလှမှန်သမျှ၊ ပြည်သူ့အကျိုးပြုပစ္စည်းမှန်သမျှ ဘာကိုမှတန်ဖိုးမထားတတ်တဲ့လူတွေပါ။

ပင်။ ။ ဘာတွေများဖျက်ဆီးနေကြတာကို ခင်ဗျားက နာကျည်းနေရတာလဲ။
သော်။ ။ ခုနကပြောတဲ့ အများသုံးတယ်လီဖုန်းတွေပေါ့ဗျာ။ တစ်ချိန်သောအခါက ခင်ဗျားမှတ်မိပါလိမ့်မယ်။ လမ်းထောင့်တွေမှာ၊ ရုပ်ရှင်ရုံ တွေမှာ၊ ဈေးတွေမှာ၊ ပန်းခြံထဲမှာ၊ ဆေးရုံတွေမှာ အများသုံး တယ်လီဖုန်းအနီလေးတွေလေ။ ပိုက်ဆံတစ်မတ်အကြွေထည့်ရင် ပြောလို့ ရတာလေးတွေ နိုင်ငံတော်အစိုးရက ထားပေးဖူးတယ်။ မှတ်မိသေးသလား။

အယ်။ ။ ဟုတ်ပြီ၊ မှတ်မိတယ်။ အခုတော့ မတွေ့သလောက် ပျောက်နေပါပြီ။
သော်။ ။ ဘယ်မှာတွေ့တော့မလဲဗျာ။ လူတွေက တစ်ခြားလူတွေကို အခွင့်အရေးမပေးဘဲ ရုံထဲက မထွက်တမ်းစကားပြောတယ်။ ပိုက်ဆံ အကြွေတစ်မတ်ထည့်ရမယ့်အစား မဟုတ်တာတွေထည့်တယ်။ တုတ်နဲ့ထိုးတယ်။ ပိုက်ဆံအကြွေနှိုက်ယူတယ်။ လုံလုံခြုံခြုံဆိုရင် အတွင်း မှာ အီးအီးပါတယ်။ ရှူရှူပေါက်တယ်။ စကားပြောကိရိယာကိုဖြတ်ပြီး ခိုးယူသွားတယ်။ ဒီလို အကျင့်တန်တဲ့လူတစ်ချို့ကို နိုင်ငံတော်က ဘယ်လောက်ကြာရှည်သည်းခံနိုင်ပါ့မလဲ။ အဆုံးမှာတော့ဗျာ။ အများပြည်သူဟာ ပြည်သူ့နီတိကို မသိနားမလည်တာမှာ ဘာစီမံကိန်းမှ မအောင်မြင်တာရဲ့အခြေခံပဲ။

ပင်။ ။ နေပါဦး။ ခင်ဗျား အခုမှ တယ်လီဖုန်းရသလား။ အရင်က တယ်လီဖုန်းမရှိခဲ့ဘူးလား။ အောက်လှချည်လား။
သော်။ ။ ရှိခဲ့ပါဗျာ။ မလိုချင်တာနဲ့ လွင့်ပစ်ခဲ့တာ။ ခုနကပြောသလို တယ်လီဖုန်းကို အသုံးပြုမှားခြင်း အလွှဲသုံးစားပြုခြင်းကြောင့် ဖြတ်ပစ် လိုက်တာဆိုပါတော့။ အိမ်ကသမီးတွေအပျိုဖြစ်လာပြီးကတည်းက ဖြုတ်ပစ်ခဲ့တာ။ ဘယ့်နှယ်ဗျာ တယ်လီဖုန်းကို ကိုယ်အသုံးပြုရတယ်မရှိ ဘူး။ ရည်းစားစကားပြောတာနဲ့၊ ကျောင်းကသူငယ်ချင်းကို စာမေးတာနဲ့၊ စာကူးတာနဲ့၊ ရုပ်ရှင်ဇာတ်လမ်းကို အစအဆုံးပြောတာနဲ့ ဒါနဲ့ သောက်မြင်ကတ်ပြီး ဖြုတ်ပစ်လိုက်တာ။

အယ်။ ။ အခုတော့ကောဗျာ။
သော်။ ။ ခုတော့ လင်ရလို့ ကျုပ်မှာမြေးတောင်ရနေပြီ။ လင်ကတော့ တယ်လီဖုန်းမရှိလည်း ရမှာပါပဲ။ အဲ… သူတို့လင်ရသွားလို့ အိမ် ထောင်ကျသွားတော့မှ တယ်လီဖုန်းပြန်လိုချင်တော့ မလွယ်ဘူးဗျ။ ကိုယ်ကလည်း အသက်ကြီးလာပြီလေ၊ အရင်ကလို ပေါ့ပေါ့ပါးပါး သွား နိုင်တော့တာမှ မဟုတ်ဘဲ။ အဲဒီတော့ တယ်လီဖုန်းနဲ့ ပြီးတန်တဲ့ကိစ္စ လူကိုယ်တိုင်မသွားရအောင် တပ်ဆင်ရတာပေါ့။

ပင်။ ။ ဝမ်းသာပါတယ်ဗျာ၊ ဒါထက် နံပါတ်က ဘယ်လောက်လဲ။
သော်။ ။ ဘာလို့ပြောရမှာလဲဗျ။

ပင်။ ။ အလို ဘာဖြစ်လို့များလဲခင်ဗျာ။
သော်။ ။ ကျုပ်တယ်လီဖုန်းက ကျုပ်ပြောချင်ရင်သာ ပြောလို့ရအောင်ထားတာ။ ခင်ဗျားတို့ အားအားရှိ လှမ်းဆက်တိုင်း အလုပ်ပျက်ခံ၊ အိပ် ရေးပျက်ခံပြောဖို့ တပ်ထားတာမဟုတ်ဘူး။

အယ်။ ။ အလိုလေးဗျာ။ ဒါဖြင့် တယ်လီဖုန်းလမ်းညွှန် (Directory) ထဲမှာ ဘယ်လိုဖော်ပြမလဲ။
သော်။ ။ ဒါရိုက်ထရီမှာလည်း ပါမှာမဟုတ်ဘူး။ ဒါက စာရင်းမတင်တဲ့ တယ်လီဖုန်းပဲ။ အရေးကြီးပုဂ္ဂိုလ်မှန်သမျှ ဒီလိုချည်းပဲဟာ။ ကျုပ်လည်း ကျုပ်ဟာ ကျုပ်တော့ ဗွီအိုင်ပီနေတာပဲဟာ။ မတော် မဂ္ဂဇင်းအယ်ဒီတာများက စာမူကို တယ်လီဖုန်းနဲ့တောင်းခံတာတို့၊ ဆောင်းပါးမကောင်း လို့ စာဖတ်သူက လှမ်းဆက်ဆဲတာတို့ကိုကာကွယ်ဖို့ လျှိုဝှက်ထားရလိမ့်မယ်။

ပင်။ ။ ခင်ဗျားလိုသာ တယ်လီဖုန်းကို စနစ်တကျအသုံးပြုရင် လိုင်းတွေ အတော်ရှင်းသွားလိမ့်မယ်ထင်တယ်။ ကျုပ်အိမ်တော့ တဂွမ်ဂွမ် လာနေတာပဲ၊ သူ့ကိုဖြေဖို့ လူတစ်ယောက် သက်သက်ထားရမလိုဖြစ်နေတယ်။
သော်။ ။ တစ်ခုတော့ရှိတယ်ဗျ။ မြန်မာပြည်ရဲ့ထူးခြားချက်လို့ ဆိုရမှာပေါ့။ မြန်မာပြည်တွင် အရေး ကြီးသည့်အခါ ခေါ်လျက်မရ၊ လိုင်းများ ပျက်နေသည့်ပစ္စည်းကို တယ်လီဖုန်းဟု ခေါ်သည်လို့ ဆိုရမှာလား မသိပါဘူးဗျာ။ ဟိုတစ်လောဆီက အရေးကြီးတဲ့ကိစ္စ လေးငါးရက်ပေါ်မှ တယ်လီဖုန်းတွေက ဘယ်မှခေါ်လို့မရတော့ဘူးဗျာ။ မိုးမရွာခင်မှာ ထီးပေးထားပြီး မိုးရွာမှ ထီးမဆောင်းစေလိုလို့ ထီး ပြန်တောင်း တာတော့ မကောင်းပါဘူးဗျာ။

www.shwezinu.com ကူးယူဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts