>Free All Now … Everyone Political Prisoners in Prisons

>

အားလုံးလွတ်မြောက်၊ ပါဝင်နိုင်ကြဖို့ လိုအပ်
ဇာဝါရီ ၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၂

နှစ်ရှည်လများ နိုင်ငံတကာဖိအား၊ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံသမားများ၏ တွန်းအား၊ ပြည်တွင်းအင်အားစုများ၏ တင်းအားတွေကြောင့် အမှန်တကယ် တိုင်းပြည်တိုးတက်ရေးကို လုပ်ဆောင်လိုလို့လား၊ ထွက်ပေါက်တခုခုကြောင့်လားမသိ အာဏာပိုင် ဦးသိန်းစိန် အစိုးရ၏ အကွက်၊ ဆုံးဖြတ်ချက်နဲ့ ယုံကြည်ချက်ကြောင့် နှစ်ရှည်လများ မတရား အကျဉ်းချခံထားနေခဲ့ရတဲ့ အထင်ကရ (၈၈) ကျောင်သားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုကိုကြီး၊ ကိုလှမျိုးနောင်၊ ရှမ်းအမျိုးသားခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် ဒီမိုကရေစီအရေးတော်ပုံ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွတ်မြောက်လာတဲ့ မင်္ဂလာသတင်းကြောင့် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာရှိ မြန်မာ့အရေး လေ့လာစောင့်ကြည်နေသူများ နဲ့ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူပြည်သားများ အတိုင်ထက်အလွန် ဝမ်းမြောက်ကြိုဆိုခဲ့ကြတယ်။

Facebook  လူမှုကွန်ယက်နဲ့ အင်တာနက်စာမျက်နှာတွေမှာ လွတ်မြောက်လာသူတွေအကြောင်း ဝမ်းသာအားရ ပီတိများစွာနဲ့ မိနစ်စက္ကန့်မလပ် နေ့ညမအိပ် အပြန်အလှန် ရေးသားသတင်းဖလှယ်မှုများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများရဲ့  တင်ပြချက်များကြောင့် လွတ်မြောက်လာသူများ၏ သံမဏိစိတ်ဓါတ် ခံယူချက်၊ ပြောဆိုမှုတွေ၊ ထောင်ဗူးဝအထိ သွားရောက်ကြိုဆိုကြတဲ့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ရပ်မိရပ်ဖများ၏ ပြောဆိုသံများ၊ မြင်ကွင်းများက မြင်ရကြားရသူများကို မျက်ရည်ဝဲ ဝမ်းမြောက်ခံစားမှုတွေ ဖြစ်စေခဲ့တယ်။

ဒီလို အထင်ကရ ဒီမိုကရေစီသူရဲကောင်း ကျောင်းသားခေါင်းဆောင်တွေ အလွန် သာယာလှပတဲ့ ဇန်နဝါရီလ (၁၃) ရက်နေ့ သောကြာနေ့ (အနုတ်လက္ခဏာ အမှတ်သင်္ကတရှိခဲ့တဲ့ ၁၃ ဂဏန်းနဲ့ အမဲရောင်သောကြာနေ့  (Black Friday) မြန်မာလူမျိုးတို့အတွက် မင်္ဂလာနေ့ ဖြစ်ခဲ့တယ်) မှာ အိမ်ပြန်ခွင့်ရခဲ့ချိန်မှာ မထင်မရှား အညတရ ကျောင်းသားလူငယ်များ – လွတ်လပ်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး – တိုင်းပြည်နဲ့ ပြည်သူ့ပြည်သားများကောင်းကျိုး စတဲ့ အရေးကိစ္စများကို ယုံကြည်ချက်များနဲ့ တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီ အရေးတော်ပုံသမားများစွာ သံတိုင်းတွေနောက်ကွယ်မှာ ကျန်ရစ်နေခဲ့တယ်။

ဒီလို ကျန်ရစ်ခဲ့သူတွေထဲမှာ ပဲခူးတောင်မှာ နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေမှု (ပုဒ်မ ၅ဝ၅ – ခ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု (ပုဒ်မ ၁၇/၂)၊ အီလက်ထရောနစ် ဥပဒေ (ပုဒ်မ ၃၃(က)/၃၈) စတဲ့ ပြစ်မှုဆိုင်ရာများနဲ့ (၁၅) နှစ် မတရားချုပ်နှောင်ခံနေရတဲ့ ညီငယ်၊ မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇင်မင်းအောင် လည်း ကျန်ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ လေးကြိမ် လွတ်ငြိမ်ချမ်းသာခွင့်အတွင်း သူနဲ့အတူ အကျဉ်းကျခံခဲ့ရတဲ့ မျိုးဆက်သစ်လူငယ်အဖွဲ့ဝင်များ လွတ်မြောက်သွားခဲ့ပေမယ့် ကိုဇင်မင်းအောင် တယောက်မပါဝင်၊  အခုအချိန်အထိ မလွတ်မြောက် ကျန်ရှိနေဆဲ။

လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီအရေးတော်ပုံသမားအများစု လွတ်မြောက်လာလို့ ဝမ်းသာခဲ့ပေမယ့် မျိုးဆက်သစ် ညီငယ်တယောက် မလွတ်မြောက်သေးလို့ အပြည့်အဝ ဝမ်းမမြောက်နိုင်သေးသလို၊ သောကတဝေဝေနဲ့ မျှော်တလင့်လင့် စောင့်စားနေတဲ့ အမေအိုအတွက်လည်း စိတ်မကောင်းဖြစ်နေရပါတယ်။

 ညီငယ် ဇင်မင်းအောင် နဲ့အတူ ကျန်ရှိနေသေးတဲ့ ဒီမိုကရေစီအရေးတော်ပုံသမားများ လွတ်မြောက်ရေး၊ တိုင်းရင်းသားများအပေါ် တိုက်ခိုက်ဖိနှိပ်မှုနဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသားရင်ကြားစေ့ရေး နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့ကို မြန်မာပြည်သူပြည်သားများ အင်တိုက်အားတိုက် ဆက်လက်တိုက်ပွဲဝင်သွားရပါမယ်။
အထင်ကရ ခေါင်းဆောင်များပါဝင်တဲ့ ဒီတကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အတွက် အစဉ်အဆက် တိုင်းပြည်နဲ့ ပြည်သူပြည်သားများအား မတရားမှုပြုခဲ့တဲ့ စစ်အစိုးရတဖြစ် လက်ရှိ အရပ်သားအစိုးရ၏ လုပ်ဆောင်ချက်ကို ကောင်းချီးပေးကြသူတွေလည်း ရှိနေခဲ့ပါတယ်။

ကျနော်အဖို့တော့ ဦးသိန်းစိန် အစိုးရရဲ့  လုပ်ရပ်ကို ဒီနေရာမှာ ပြန်လည်လွတ်မြောက်လာသူတွေထဲက (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုလှမျိုးနောင် ပြောဆိုချက်
“အစိုးရတရပ်က အစိုးရတာဝန်ကို ထမ်းဆောင်ရမယ်။ အစိုးရတရပ်က သူ့ပြည်သူတွေအပေါ်ကို မေတ္တာ၊ စေတနာထားလို့ အပိုဆုပေးတယ်ဆိုတာ မရှိဘူး။ သူ့တာဝန် သူလုပ်ရမယ်။”
ဆိုတဲ့အတိုင်း မြန်မာပြည် အနာဂတ် လှပငြိမ်းချမ်းသာယာဖို့အတွက် ဒီထက်မက အစိုးရတရပ်အနေနဲ့ လုပ်ဆောင်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။

အကျဉ်းစခန်းများမှာ ကျန်ရှိနေသေးတဲ့ တရားမျှတမှု၊ လွတ်လပ်မှု၊ တိုင်းပြည်လူမျိုး ငြိမ်းချမ်းသာယာ တိုးတက်ရေးအတွက် ယုံကြည်ချက်အပြည့်နဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ညီငယ် ကိုဇင်မင်းအောင် အပါအဝင် သူရဲကောင်းအပေါင်း အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts