>Tu Maung Nyo – “လွတ်ငြိမ်းချမ်းသာခွင့်” ကတ္တီပါအုပ်ထားတဲ့ အခဲမကျေမှု

>

“လွတ်ငြိမ်းချမ်းသာခွင့်” ကတ္တီပါအုပ်ထားတဲ့အခဲမကျေမှု
တူမောင်ညို ။ ဇန်န၀ါရီ ၁၄၊ ၂၀၁၂
လူ့နှလုံးသားခံစားချက်အရပြောရရင်နှစ်ပေါင်းများစွာပြစ်ဒဏ်တွေချမှတ်ခဲ့ပြီး “ထောင်” ပေါင်းများစွာမှာ မိသားစုတွေနဲ့  ရှင်ကွဲ သေကွဲ ခွဲခြားထားခြင်းခံကြရသူတွေပြန်လည်ဆုံဆည်းကြရတဲ့ အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ အမေနဲ့သား၊ လင်နဲ့မယား၊ မောင်နဲ့နှမ မိသားစုတွေ ပြန်လည်ဆုံတွေ့ကြရပြီ။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ ပုဒ်မခွဲ (၁)အရ “ပြန်ထုတ်ပေး”လိုက်တဲ့ “အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦး ” ထဲမှာ ထင်ရှားကျော်ကြားသူတွေအားလုံးနီးပါးပါဝင်ပါတယ်။
သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ(သမ္မတ+အကလ)က “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုင်းဘုတ်နဲ့ အကျဉ်းသားတွေ လွှတ်ပေး တာ ၃ ကြိမ်ရှိပါပြီ။
ပထမအကြိမ်နဲ့ဒုတိယအကြိမ်ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် (၄၉/၂၀၁၁) နဲ့ ဇန်နဝါရီ လ ၂ ရက်က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ်(၁/၂၀၁၂) တို့ဟာ “(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ပုဒ်မ ၂၀၄(ခ)” အရ ဖြစ်တယ်။ တတိယအကြိမ်ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့  “ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)” အရ ဖြစ်တယ်။ ၃ ကြိမ်စလုံး (သမ္မတ+အကလ) ကလွှတ်ပေးတာဖြစ်တယ်။
 လူတစ်ဦးချင်းစီနဲ့စနစ်ကို ကြည့်မြင်သုံးသပ်ကြရာမှာ ကိုယ့်ဆန္ဒစွဲပေါ်အခြေခံပြီး ခွဲခြားကြည့်မြင်လို့မဖြစ်နိုင်ပါဘူး။
 လူတစ်ဦးချင်းစီဟာစနစ်ကိုဘယ်လို ချမှတ်၊ လိုက်နာ၊ ကျင့်သုံး၊ အကောင်အထည်ဖေါ်နေကြသလဲဆိုတဲ့ ရှုဒေါင့်ကနေကြည့် သင့်ပါတယ်။
ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့က ပျော့ပျောင်းတယ်/ခေါင်းမာတယ်စသဖြင့်တစ်ဖက်သတ်ကြည့်မြင်လို့မဖြစ်ပါဘူး။ သူတို့အားလုံး (အကလ) အဖွဲ့ဝင်တွေဖြစ်ပါတယ်။ သူတို့ကြားမှာသဘာဝကျကျပဲ တစ်ဦးနဲ့တစ်ဦး အမြင်ကွဲလွဲတာလေးတွေရှိမှာပါ။
၃ ကြိမ် စလုံးမှာ “ပြစ်ဒဏ်ကျ အကျဉ်းသား၊အကျဉ်းသူ”လို့ပဲသုံးတယ်။ “နိုင်ငံရေးအကျဉ်းသား” ဆိုတဲ့ စကားလုံးကို လုံးဝ မသုံးဘူး၊မဖေါ်ပြဘူး။ ဒီအချက်ဟာ သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ (သမ္မတ+အကလ) ရဲ့ သဘောထားဖြစ်တယ်။ရပ်တည် ချက်ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ (သမ္မတ+အကလ) ရဲ့ မလိုက်လျောနိုင်တဲ့/အလျော့မပေးနိုင်တဲ့ သဘောထားနဲ့ တင်းမာတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွှတ်ပေးတာကို လေ့လာစိစစ်ကြည့်တဲ့အခါ  အောက်ပါအချက်တွေ အထင်အရှားတွေ့ရတယ်။
ပြည်တွင်း/ပြည်ပက တောင်းဆိုနေတဲ့ ထင်ရှားကျော်ကြားသူတွေအားလုံးနီးပါးပါဝင်တယ်။
အဆစ်အနေနဲ့နာမည်ဆိုးနဲ့ လူသိများခဲ့တဲ့ ဗိုလ်ခင်ညွန့်နဲ့သူရဲ့မိုက်ဖော်ဆိုးဖက် တပည့်တပန်းအချို့ရယ်၊ သွားလေသူ စစ်အာ ဏာရှင် ဗိုလ်နေဝင်းရဲ့သားသမက်နဲ့ မြေး ပါလာတယ်။
လွတ်လာသူတွေထဲမှာ အများစုက နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်။ဒါပေမယ့် အခုလို နိုင်ငံရေးအကျဉ်းသားအများစု ပါဝင်တဲ့လွှတ်ပေးမှုက ပြည်တွင်းပြည်ပကတောင်းဆိုနေတဲ့“အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်” (General Amnesty) ကြေညာပြီး လွှတ် ပေးတာမျိုးမဟုတ်ဘူးဆိုတဲ့အချက်ဖြစ်တယ်။
 နိုင်ငံရေးအကျဉ်းသားတွေအပေါ်သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ (သမ္မတ+အကလ)က “ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်”မပေးလိုဘူးဆိုတဲ့ အချက် ပေါ်လွင်ထင်ရှားနေပါတယ်။
“အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်”ဆိုတာ စွဲဆိုချမှတ်ထားတဲ့ပြစ်မှုပြစ်ဒဏ်အားလုံးကနေ မည့်သည့်ခြွင်းချက်/ စည်းကမ်းချက် မျှ မထားရှိဘဲ၊ လုံးဝလွတ်လပ်ခွင့်ပေးတာဖြစ်ပါတယ်။
 ဒီလိုစိတ်ကောင်းစေတနာသမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ(သမ္မတ+အကလ)မှာ မရှိဘူးဆိုတာလည်း ဖေါ်ပြနေပါတယ်။
အကျဉ်းသား/သူ (၆၅၁)ဦး ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွှတ်ပေးတယ်ဆိုတာ ပြစ်မှုအကြွေး ချန်ပြီး“ပြန်ထုတ်”ပေးလိုက်တာဖြစ်တယ်။သဘောက နောင်မှာ လှုပ်ရှားတစ်စုံတစ်ရာမှာပါဝင်ဆောင်ရွက်လို့ရှိရင် မည်သည့် ဝရမ်းမျှ မလိုဘဲဖမ်းနိုင်ခွင့်ရှိပြီး၊ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့အခါမှာလည်း ယခင်ကကြွေးချန်ထားတဲ့ ပြစ်ဒဏ်ကိုပါ ပေါင်းထည့်ပြီးကျခံစေရမှာ ဖြစ်ပါ တယ်။
 ဒါကြောင့်၈၈မျိုးဆက်များကိုပဲ ဥပမာထားပြောရရင် နောင်မှာလှုပ်ရှားမှုလုပ်လို့၊ လှုပ်ရှားမှုမှာပါဝင်ဆောင်ရွက်လို့သူတို့ ဖမ်းဆီးခံရပြီ၊ ပြစ်ဒဏ်ချမှတ်ခံရပြီ ဆိုရင် (လက်ရှိပြစ်ဒဏ်+ ယခင်ကြွေးကျန်ပြစ်ဒဏ်)ပေါင်းပြီး အနည်းဆုံး ထောင်ဒဏ် နှစ် ၅၀ ခန့်ချ မှတ်ခံရမှာဖြစ်ပါတယ်။
ဒီလို ပြစ်မှုကြွေးချန်၊ နှောင်ကြိုးတည်းပြီး ပြန်ထုတ်ပေးတာကိုကသမ္မတဦးသိန်းစိန်စစ်တစ်ပိုင်း အစိုးရ (သမ္မတ+အကလ)ရဲ့ အခဲမကျေမှုကို အထင်အရှား ဖေါ်ပြနေတာဖြစ်ပါတယ်။
အခဲမကျေမှုကို ပုံစံ ၂ မျိုးနဲ့တွေ့ရတယ်။
ပထမတစ်ခုက မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ စတဲ့၈၈မျိုးဆက်နဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ ဆန့်ကျင်တော်လှန်မှုကို အခဲမကျေမှုဖြစ်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်မပေးနိုင်တဲ့အခဲမကျေမှုဖြစ်တယ်။ ဒါကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)နဲ့နှောင်ကြိုးတည်းလိုက်တာဖြစ်တယ်။
ဒုတိယတစ်ခုက စစ်အာဏာရှင်စနစ်ကို စားခွက်လု ခွာရာတိုင်းကြတဲ့ဗိုလ်ခင်ညွန့်နဲ့ သူရဲ့မိုက်ဖော်ဆိုးဖက်တပည့်တပန်းများနဲ့ ဗိုလ်နေဝင်းရဲ့သားသမက်နဲ့မြေးတွေအပေါ်အခဲမကျေမှုဖြစ်ပါတယ်။ဒါကလည်း လွတ်ငြိမ်းချမ်းသာခွင့်မပေးနိုင်တဲ့ အခဲမကျေမှုဖြစ်တယ်။
လူထုအုံကြွမှုနည်းလမ်းနဲ့ တော်လှန်ဆန့်ကျင်သူပဲဖြစ်ဖြစ်၊အာဏာရှင်စနစ် အတွင်းစည်းထဲကနေ ဗိုလ်လုတဲ့ သူကိုပဲဖြစ်ဖြစ်  “ ရန်- ငါ ” စည်း ပြတ်တယ်ဆိုတာ ဖေါ်ပြတာဖြစ်တယ်။
ဒီလိုသဘောထားရပ်တည်ချက်နဲ့ဒီလို အခဲမကျေမှုတွေဟာ စစ်အာဏာရှင်စနစ်ကိုကိုယ်စားပြုနေတဲ့အချက်တွေပဲ ဖြစ်တယ်။ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ လူတိုင်းရဲ့နှစ်သက်ရာယုံကြည်မှုနဲ့မတူညီတဲ့သဘောထားအမြင်တွေကိုလက်ခံတည်ရှိခွင့်နဲ့စည်းရုံးလှုပ်ရှား ဆောင်ရွက်ခွင့်ပေးရမှာဖြစ်တယ်။
ပြည်တွင်းပြည်ပက တစ်လျှောက်လုံး တောင်းဆိုခဲ့ကြတာက“နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေး ရေး” ဖြစ်ပါတယ်။
“နိုင်ငံရေးအကျဉ်းသား” လို့လည်း လုံးဝ အသိအမှတ်မပြုဘူး။“ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး” ကို အချိန်ဆွဲခဲ့ပြီး  ပြစ်မှု ကြွေးကျန်အဖြစ် ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “ပြန်ထုတ်ပေး” ပေးတယ်။ အားလုံးလွှတ်မပေးဘူး။ အကျဉ်းထောင်တွေထဲမှာ ကျန်နေရစ် သူတွေလည်း တစ်ပုံကြီးရှိသေးတယ်။
  သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ (သမ္မတ+အကလ) ရဲ့ ပျော့ပျောင်းမှုမရှိချက်ကတော့ကမ်းကုန်ပါတယ်။ အားနာပါးနာ နဲ့ “ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ” လို့တောင် မသုံးနှုန်းပါ။
အခဲမကျေမှု၊ ပြစ်မှုကြွေးချန်ထားမှုဆိုတာ မယုံကြည်မှုဖြစ်တယ်၊ကြောက်ရွံ့မှုဖြစ်တယ်၊ လူထုအုံကြွမှုကို ထိပ်လန့်ကြောက်ရွံ့ နေတာဖြစ်တယ်။
သမ္မတဦးသိန်းစိန် စစ်တစ်ပိုင်း အစိုးရ (သမ္မတ+အကလ)ရဲ့မယုံကြည်မှုကို အဘယ်သူတစ်ဦးတစ်ယောက်ကမှ ကြားဝင်ပြီး အာမခံချက်ပေးလို့ မရနိုင်ပါဘူး၊
ပြည်သူတွေနဲ့ကျောင်းသားတွေကလည်း စစ်အာဏာရှင်စနစ်၊ စစ်တစ်ပိုင်းအာဏာရှင်စနစ်၊အခြေခံဥပဒေနဲ့ ဖုံးကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ကမ္ဘာမကြေပါဘူး။ မယုံကြည်ပါဘူး။ တော်လှန်ဆန့်ကျင်ဖြိုဖျက်သွားရမှာပဲဖြစ်တယ်။
 ဒါဟာ“၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး” ရဲ့ စွဲမြဲခိုင်မာတဲ့ သံန္နိဋ္ဌာန်ဖြစ်ပါတယ်။

ကိုးကား

ပုဒ်မ၄၀၁ (၁) နှင့် ဆက်စပ်ပုဒ်မများ – ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ စာမျက်နှာ ၁၄၆  (The Code of Criminal Procedure . p 146)  
Photo – 7 Day News Journal