>Kyaw Thu – FFSS Yangon Activity,

>

လွတ်အဓိဋ္ဌာန်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၁၄၊ ၂၀၁၂


၁၂.၁.၂၀၁၂ ကြာသာပတေးနေ့ နံနက် (၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူတို့အား ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်များအား ကူညီ ထောက်ပံ့လှူဒါန်းမှုများပြုရန်အတွက် သွားရောက်ပို့ဆောင်ခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အလုပ်များ မအား လပ်သည့်ကြားမှ အဓိဋ္ဌာန်ခရီးထွက်လိုပါသဖြင့် ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော်ကြီးထံ အသင်းသား (၃) ဦးနှင့်အတူ ခရီးထွက်ခဲ့ပါသည်။

၁၃.၁.၂၀၁၂ သောကြာနေ့ နံနက် (၅) နာရီအချိန်တွင် ဆရာတော်ကြီးနှင့်အတူ သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အဓိဋ္ဌာန်တင်ခြင်းတို့ကို မြတ်စွာဘုရားထံ လျှောက်ထားပြီးနောက် ပြည်မြို့ သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးရှေးဟောင်းဘုရားထံသွားရောက်၍ အဓိ ဋ္ဌာန်ပုတီး (၁၀၈) ပတ်စိတ်ပြီးသည့်နောက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးနီးပါး လွှတ် ပေးလိုက်သည်ဟု မင်္ဂလာသတင်းကောင်းကို ကြားသိခဲ့ရသည်။ မိမိ၏ အဓိဌာန်အတိုင်း နေ့လည်ပိုင်းတွင် ပြည်မြို့ဝန်ချတောင်ဘုရားတွင် အဓိဋ္ဌာန်ကျင့်စဉ် ပုတီး (၁၀၈) ပတ်အား သွားရောက်၍ကျင့်ခဲ့သည်။ ညနေပိုင်း (၅း၀၀) နာရီခန့်တွင် သရက်အကျဉ်းထောင်မှ လွတ်မြောက် လာသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တစ်ယောက် အောင်လံမြို့သို့ရောက်နေကြောင်း၊ မကြာမီအချိန်အတွင်း ပြည်မြို့၊ ရွှေ ပေါက်ပင်ကျောင်းရှိ ကျွန်တော့်ထံသို့ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ည (၈း၀၀) နာရီအချိန်တွင် တတိယအကြိမ် အဓိဋ္ဌာန်ကျင့်စဉ်အား ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းရှိ ရွှေရန်ပြေ မြတ်စွာ ဘုရားရှေ့မှောက်တွင် ကျင့်ကြံအားထုတ်၍ ပုတီး (၁၀၈) ပတ်ပြီးစီးသည်နှင့် (၉း၀၀) နာရီအချိန်တိတိတွင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ကိုမင်းကိုနိုင်အား ပြည်မြို့မှ လူမှုကူညီရေးအဖွဲ့များ၊ အကျဉ်းသားဟောင်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များဖြင့် စည်ကားစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။ ကိုမင်းကိုနိုင်အား ဦးကျော်သူမှ အဓိဌာန်ဝင်စဉ် ၀တ်ဆင်ထား သော အတွင်းတီရှပ်အားဖွင့်လှစ်ပြရာ “လွှတ် … ယုံကြည်ချက် အကျဉ်းသား” တီရှပ်အကျီအား “လွှတ်” ဟူသောစာသားမှ ဟတ်ထိုးအက္ခ ရာအား ဆေးဖြူပိတ်ထား၍ “လွတ်” ဟူသော စာသားဖြစ်နေ၍ အားလုံးမှ ၀မ်းသာအားရစွာဖြင့် သြဘာပေးခဲ့ကြသည်။ ထို့နောက် ရွှေ ပေါက်ပင်ဆရာတော်ကြီးအား ဦးကျော်သူနှင့်အတူ သွားရောက်ဖူးမြော်ကြပြီး ဆရာတော်ကြီးမှ ငါ့လောဘ၊ ငါ့မောဟ၊ ငါ့ဒေါသ၊ ငါ့မာန ငါ့ကိုပြန်၍ နှိပ်စက်တတ်သည်” ဟူ၍ သုံးကြိမ်သုံးခါ ရွတ်ဆို၍ ဆုံးမသြ၀ါဒစကား ပြောကြားခဲ့သည်။ ကိုမင်းကိုနိုင်တို့အဖွဲ့အား “ကျန်းမာပါစေ .. ချမ်းသာပါစေ” ဟူသော အားပေးကြွေးကြော်သံတို့သည် ပြည်မြို့တခွင် ညဦးယံအား ထိုးခွဲ၍ ပဲ့တင်ထပ်သွားတော့သည်။

ထိုညတွင် ကိုမင်းကိုနိုင်တို့အဖွဲ့တို့သည် ဦးကျော်သူတို့နှင့်အတူ ရွှေပေါက်ပင်ကျောင်းတိုက်တွင် အိပ်စက်အနားယူကာ ၁၄.၁.၂၀၁၂ စနေနေ့ နံနက် (၆း၀၀) နာရီအချိန်တွင် ရန်ကုန်သို့ ခရီးဆက်ကြမည် ဖြစ်ကြသော်လည်း ဦးကျော်သူသည်ကား အဓိဋ္ဌာန်ကျင့်စဉ် (၃)ရက်ပြည့်သည်အထိ ပြည်မြို့၊ ရွှေပေါက်ပင် ကျောင်းတိုက်တွင် ဆက်လက်၍ ကျင့်ကြံအားထုတ်သွားမည် ဖြစ်သည်။

အချုပ်ဆိုရသော် သည်တစ်ချိန် သည်တစ်ခါ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံအားထုတ်သော ဦးကျော်သူ၏ အဓိဋ္ဌာန်ကျင့်စဉ်အား “လွတ်” အဓိဋ္ဌာန်ကျင့်စဉ်ဟု အမည်နာမတပ်လိုက်ချင်တော့သည်။










သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts