>Arkar Htet – Essay

>

ဒီမိုကရေစီ သမတနှင့် ဖိုးတွမ်တီး အစိုးရ
အာကာထက်
ဇန်န၀ါရီ ၁၂၊ ၂၀၁၂


မြန်မာနိုင်ငံတွင် အပြောင်းအလဲများ (သို့) အရွေ့များ၊ ဖြစ်ထွန်းတိုးတက်မှုများ၊ အရှိကိုအရှိအတိုင်း မြင်ရမည်ဆိုသည်များ စသည့်ဝေါဟာရ စကားများသည် ၂၀၀၈ နာဂစ်ဖွ့စည်းပုံအပြီးတွင် တက်ရောက်လာသည့် စစ်ဘောင်းဘီချွတ် အရပ်သားဟုခေါ်သော အစိုးရလက်ထက်တွင် တွင်တွင်ကြီး ကြားမိနေရပေသည်။ တက်လာသည့်သမတမှလည်း မိန့်ခွန်းကြီးသုံးရပ်ကို မနားမနေ ကြိုးစားပြီးပြောခဲ့ရာတွင် နိုင်ငံရေးတွင် ဘယ်လိုပြောင်းမည်၊ စီးပွားရေးတွင် ဘယ်လိုပြောင်းမည် ဘာတွေလုပ်မည်၊ တရားဥပဒေစိုးမိုးရေးသာအဓိက၊ လာဘ်စားမှုတွေကို ဘယ်လို တိုက်ဖျက်မည် ကောင်းတဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ရမည် စသည်ဖြင့် လေထဲတိုက်အိမ်ဆောက်မည့်စီမံကိန်းများ ချမှတ်ခဲ့ပေသည်။

တဖက်တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြင့် တွေ့ဆုံမှုပြုလုပ်ပြသလို လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည်များကိုလည်း အကြိမ်ကြိမ်ကြေငြာပေးခဲ့သည်။ တဆက်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှတောင်းဆိုခဲ့သည့် ရွေးကောက်ပွဲဥပဒေကိုလည်း မဆိုင်းမတွ ပြုပြင်ပေးလိုက်ခြင်း၊ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီးကိုလည်း တရုတ်လက်မှ (၅) နှစ်တာ ကယ် တင်လိုက်ခဲ့သည်။ ထိုသို့သောလုပ်ဆောင်မှုများကြောင့် နှစ်ပေါင်း (၅၀) ကျော် တိုင်းပြည်တွင် မမြင်တွေ့ ခဲ့ရသည်များ၊ မကြားရသည်များကို ပြည်သူများအနေဖြင့် ကြားလိုက်သိလိုက်သည့်အတွက် သမတနှင့်အစိုးရအဖွဲ့ အား လွန်စွာထောက်ခံမှုပြုခဲ့ပေသည်။ ထို့အပြင် နိုင်ငံတ ကာမှလည်း ၀င်လာမစဲ တသဲသဲဖြင့် ရွေလမ်း ငွေလမ်းဖောက်ရန် ပြင်ဆင်ခဲ့ကြပေသည်။


အမေရိကန်လိုနိုင်ငံကပင် မနေနိုင်အောင်ဖြစ်ခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုကိုတောင် အချိန်တန်ရင် ပြန်စဉ်းစားမဲ့အဆင့်ကို ရောက်ခဲ့ပေသည်။ထိုထိုသောအချက်များကိုကြည့်ရှု၍ အာစီယံအကြီးအကဲအဖြစ်ပင် နိုင်ငံတကာမှ ပေးအပ်ခဲ့ပေသည်။ နိုင်ငံတကာသည် ရိုးသားပါသည်။ မြန်မာနိုင်ငံကို ပြောင်းလဲစေချင်ကြပါသည်။ အာစီယံအိမ်နီးချင်းတိုင်းပြည်များတွင် အောက်တန်းရောက်နေသည့်မြန်မာကို သူတို့မထားခဲ့ ချင်ပါ။ ထို့ကြောင့် မြန်မာကို နိုင်ငံတကာနှင့် ပိုမိုရင်းနှီးအောင် ဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော် နိုင်ငံတကာမှ အလိုချင်ဆုံးဆုကိုတော့ သမတဦးသိန်းစိန်အစိုးရမှ အာစီယံအကြီးအကဲစတင်ဖြစ်သည့်နေ့တွင်ပင် မျက်ကွယ်ပြုလိုက်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်း သား ဆိုတာမရှိဘူး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ်ဆိုတာလည်းမရှိဘူး။ အားလုံးဟာ ပြစ်မှုတခုခုကို ကျူးလွန်သည်ဟုပြော လိုက်ခြင်းပင်ဖြစ်ပါသည်။ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင်များ ကုန်ဈေးနှုန်းကျဆင်းရေးလုပ်ဆောင်သူများ ၂၀၀၇ ရွှေဝါရောင်လှုပ် ရှားသူများသည် ရာဇ၀တ်သားများမဟုတ်သည်ကို သမတနှင့်အစိုးရအဖွဲ့ဝင်များ၊ မြန်မာပြည်သူများ၊ နိုင်ငံတကာခေါင်းဆောင်များ သိကြ ပါသည်။ ဘာကြောင့်များလှည့်ဖျားနေရသည်ကိုတော့ သမတကိုယ်တိုင်ပင်သိပါလိမ့်မည်။ မည်သူတွေကိုများ သမတက ကြောက်နေရသ နည်း။ မြန်မာပြည်တွင် မည်သူတွေက သမတအထက်တွင်ရှိနေသည်ကိုတော့ မြန်မာပြည်သူများအနေဖြင့် နားမလည်နိုင်အောင် ဖြစ်နေ ရပေသည်။ မိမိ စတင်တက်လာချိန်တွင်ပြောသည့်မိန့်ခွန်းများ၊ လုပ်ဆောင်ချက်များကို ထိုစကားတခွန်းနှင့်ပင် အပြီးတိုင် ချေဖျက်လိုက်ပေ သည်။ ပြည်သူများယုံကြည်မှုနည်းခဲ့ရသလို သံသယစိတ်တွေကတော့ အရင်လူတွေအတိုင်းလား၊ မျက်နှာဖုံးခွာလိုက်တာလား၊ စသည်ဖြင့် တွေးတောမိလာခဲ့ပေသည်။

အထိုထိုသော နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးလိုက်ချင်းအားဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ထောက်ခံမှုကို ပိုမိုရလာမည်ဆိုသည် ကိုသိလျှက်နှင့် မည်သည့်အတွက်ကြောင့် မလွှတ်ပဲနေသည်ကို အားလုံးက နားမလည်နိုင်တော့ပါ။ သို့သော် မြန်မာပြည်သူနှင့် နိုင်ငံတ ကာက နားလည်မှုပေးပါသည်။ ဆက်လက်ပြီးလွှတ်ပေးမည်ဟု မျှော်လင့်ခဲ့ပါသေးသည်။ သမတအကြံပေးများ၊ လွှတ်တော်ဥက္ကဌများ တိုင်းရင်းသားတွေနှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင်များကလည်း လွှတ်ပါမည်။ မကြာတော့ပါ။ စောင့်ကြည့်ပါဆိုသည့်စကားများ ကိုလည်း အကြိမ်များစွာပြောခဲ့ပါသည်။ အားလုံးကလည်း ကြိုဆိုနေသည့်အချိန်ပင်ဖြစ်ပါသည်။ တကယ်လွှတ်မယ်ဟုလည်း ယုံကြည်ပါနေ ပါသည်။ ဟီလာရီကလင်တန်လာတုန်းကပင် လွှတ်ပေးမည်ဟု ကတိပေးလိုက်ပါသေးသည်။ သို့သော် မြန်မာပြည်သူများ၏ မျှော်လင့် ချက် များသည်လွတ်လပ်ရေးနေ့ လွှတ်ငြိမ်းချမ်းသာခွင့်ဟုခေါ်သည့်ကြေငြာချက်ကြောင့် လေထဲတွင်ပျောက်ကွယ်သွားသည့် မီးခိုးငွေ့ပမာဖြစ်ခဲ့ ရပေသည်။

နိုင်ငံကိုကိုယ်စားပြုသည့်လွှတ်တော်မှ အမြင့်ဆုံးတာဝန်ရှိသူများ၏ပြောစကားများကိုလည်း လွန်စွာမှ မထေမဲ့မြင်နိုင်သည့် လုပ်ရပ်ဖြစ်နေ ပေသည်။ ဟီလာရီကလင်တန်သတ်မှတ်ချက်တွင် ဦးသိန်းစိန်အစိုးရအတွင်းတွင် သုံးမျိုးရှိနေပါသည်။ ပြုပြင်ပြောင်းလဲလိုသူ၊ မပြောင်းလဲ လိုသူ၊ ကြားနေသူဟု ဆိုခဲ့ပေသည်။ အထက်ပါလုပ်ရပ်များကိုကြည့်လျှင် သမတကိုယ်တိုင်ပင် ကြားနေသူလား၊ ပြုပြင်ပြောင်းလဲရေးကို အပြောသက်သက်သာ လုပ်ဆောင်သူလားဆိုတာ ဝေခွဲမရနိုင်တော့ပေ။ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ဖို့အတွက် မည်သည့်အရာ ကိုများ သမတနှင့် အစိုးရအဖွဲ့ကကြောက်နေရသနည်း။ ခေါင်းဆောင်ကောင်းဆိုသည်မှာ ပြည်သူလူထုလိုအင်ဆန္ဒကို လိုက်လျောပေးသူ ကိုခေါ်ပါသည်။ ပြည်သူ့ဆန္ဒကိုဆန့်ကျင်သူကို ခေါင်းဆောင်ကောင်း၊ အစိုးကောင်းဟု မည်သည့်တိုင်းပြည်ကမှ သတ်မှတ်မည်မဟုတ်ပါ။


ကျောင်းသားခေါင်းဆောင်များသည် အလကားနေရင်း ဆူပူနေသူများမဟုတ်ပါ။ ပြည်သူဖက်ကနေရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သူများဖြစ်ပါ သည်။ သူတို့မှာ အတွေးအခေါ်များ အလွန်ထက်မြက်ပါသည်။ တိုင်းပြည်ကို ကောင်းစားစေချင်သည့်စိတ်ထားများ အလွန်မြင့်မားပါသည်။ ထိုသူများသည် အသက်အရွယ်အားဖြင့် ငယ်တော့သည့်များမဟုတ်သလို နိုင်ငံတည်ဆောက်မှုတွင် ရာနှုန်းပြည့်ပါဝင်တည်ဆောက်မည့်သူများဖြစ်ပါသည်။ အလကားနေရင်းလမ်းပေါ်တက်ပြီး သပိတ်မှောက်မည့်သူများဆိုပြီး ကြောက်နေစရာမလိုပါ။ အစိုးရအနေဖြင့် ထိုသူများ နှင့်ညှိနိုင်းပြီး တိုင်းပြည်အတွက် လုပ်ဆောင်ရန်သာလိုပါသည်။ ဘာကြောင့်များ စစ်အစိုးရအဆက်ဆက် အငြိုးထားနေကြပါသနည်း။ နှစ် ပေါင်း (၆၀) ကျော် သူသေကိုယ်သေ တိုက်ခိုက်နေသည့်သူများနှင့်ပင် တွေ့ဆုံဆွေးနွေးနိုင်သေးရင် ယခုလို ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် တိုင်းပြည်တည်ဆောက်ရေးအတွက် ဘာကြောင့်များ မဆွေးနွေးနိုင်ရသည်ကို နားမလည်အောင်ဖြစ်ရပါသည်၊ ထို သူများသည် ထောင်သွင်းအကျဉ်းချထားရမည့်သူများ မဟုတ်ပါ။ တိုင်းပြည်အတွက် လွန်စွာအဖိုးတန်သည့် ရတနာမျိုးဆက်များ ဖြစ်ပါ သည်။ ယနေ့အချိန်တွင် အစိုးရအနေဖြင့် နောက်မကျသေးပါ။ ချွင်းချက်မရှိ လွှတ်ပေးလိုက်ချင်းဖြင့် အနာဂတ်တိုင်းပြည်အတွက် လှပမည့် အချိန်တခု ဖြစ်လာပါပေမည်။ လက်ရှိအစိုးရလဲ ပြည်သူနှင့် နိုင်ငံတကာမှထောက်ခံမှုကို ပိုမိုရရှိလာပေမည်။ အပြောနှင့်အလုပ် မညီ ညွတ်ပါက မည်သည့်အစိုးရပဲတက်တက် ဖိုးတွမ်တီးအစိုးရဟု ပြည်သူနှင့် နိုင်ငံတကာက သတ်မှတ်ခြင်းကို ခံရဖွယ်သာရှိပေသည်။

နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts