>အယ်ဒီတာ့လက်ရေး ၆ – Maung Yit


>

အယ်ဒီတာ့လက်ရေး၆
(၂၀၁၂နှုတ်ခွန်းဆက်များ)
မောင်ရစ်၊ဇန်န၀ါရီ ၈၊ ၂၀၁၂
ဒီဇင်ဘာလမှာ အယ်ဒီတာ့လက်ရေးတလုံးမှ မရေးလိုက်ရဘူး။ စာမူတွေ၊ သတင်းတွေအတွက် အကြွေးတွေပိနေတော့ အဲဒါတွေဖိပြီးတင်ပေးနေရတယ်။ နောက်ပြီး ၀ိုင်းတော်သားတွေကိုလည်းမင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းလည်း မတောင်းပေးလိုက်ရဘူး။ အခုတခါတည်းတောင်းပေးလိုက်ပါတယ်။ ကမ္ဘာကြီးမြေကြီးပေါ်မှာ မြောက်ကိုရီးယားက အာဏာရှင်ကြီးတဦးလျော့သွားတဲ့အတွက် နှစ်သစ်မှာ မင်္ဂလာတွေ လာလိမ့်မယ် ထင်တယ်။ပိုကောင်းမယ့်မနက်ဖြန်ကို မျှော်လင့်မိတဲ့အတွက် အခုရင်ဆိုင်နေရတဲ့ ယနေ့ပစ္ဈပ္ဗန်မှာကျနော်တို့ နေပျော်ကြတာ ဖြစ်ပါတယ်။ (ချင်းတွင်း၊ ဒီဇင်ဘာ ၂၀၁၁ ထုတ်၊အညိမ်းလေးရေး ပိုကောင်းမယ့်မနက်ဖြန်ဆောင်းပါးက စာအပေါ်ကို ကိုးပြီးရေးတဲ့စာကြောင်း)
နှစ်သစ်ကူးအလှူအချို့
ရှေ့လမှာလွတ်မြောက်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စာရင်းယူထားတဲ့ နိုင်ငံရေးအကျဉ်းသား၅၄ ဦးအတွက် မိတ်ဆွေများရဲ့ အားပေးကူညီမှု ငွေကျပ် ၅ သိန်း ၄ သောင်းကို ဒီလအတွက်လှူပါတယ်။ ၂၀၁၁ ခုနှစ်ဆန်းကတည်းက ဆရာဦးဝင်းတင်နဲ့ ပါတီကနိုင်ကျဉ်းကူညီမှုကွန်ယက်ရဲ့ လှုပ်ရှားမှုကိုဝိုင်းဝန်းတဲ့အနေနဲ့နိုင်ငံရေးအကျဉ်းသားများအတွက် အဝေးရောက်မိတ်ဆွေများရဲ့ အားပေးထောက်ခံမှုတောက်လျောက်ပြုခဲ့ကြတဲ့ အလှူရှင်များကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ဒီကနေမှတ်တမ်းတင်လိုက်ပါတယ်။
၂၀၁၂ နှစ်ဆန်းမှာမိုးမခမိတ်ဆွေများ ဂုဏ်ပြုမှုအဖြစ် မြန်မာပြည်တွင်းကအမျိုးသားရေးနိုးကြားလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ဒေါ်နော်အုန်းလှကိုလည်း ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ ဒေါ်နော်အုန်းလှကလည်း သူ့မှာမိတ်ဆွေတွေတိုးလို့ ၀မ်းသာတယ်ဆိုတဲ့အကြောင်း သပိတ်မှောက်သံဃာတော်တွေထုတ်တဲ့ABMA စာစောင်မှာ ပြောကြားခဲ့တာ ဖတ်ရလို့ ၀မ်းသာမိပါတယ်။
ငွေရေး ကြေးရေးကိစ္စတွေ
မြန်မာပြည်နိုင်ငံရေးမှာငွေရှင်ကြေးရှင်တွေ၊ အစိုးရတွေက နောက်ကွယ်ကနေ ထောက်ပံ့ပြီး ကြိုးကိုင်တယ်၊ချယ်လှယ်တယ်၊ စွက်ဖက်တယ်ဆိုတာကို ခေတ်အဆက်ဆက် ကြားခဲ့ရပြီ၊ ကြားနေရဆဲ။ဟုတ်နေလို့လဲ ဒါတွေက သတင်းတွေ ထွက်ပေါ်လာတာပဲလို့ ပြောချင်ပါတယ်။ ပြီးတော့ငွေကြေးတွေ အထောက်အပံ့ အကူအညီယူသူတွေကိုယ်တိုင်ကလည်း လွဲကြတယ်၊ ကွဲကြတယ်၊ဖြဲကြတယ် … ဆိုတာကလည်း အဆက်ဆက်မှာ ကြားရ၊ မြင်ရ၊ သိနေရတာပါပဲ။
ပြောတဲ့သူတွေကလည်းလက်သီးပုန်းမဟုတ်ဘဲ ကိုယ့်နံမယ်နဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး ပြောကြသလို၊ဖြေရှင်းတဲ့သူတွေကလည်း သူတို့မှာ ရှိတဲ့ စာရင်းနဲ့ အမှတ်အသားနဲ့ ပြန်လည်ထုတ်ဖော်ပြသလာကြတာကိုလည်း တွေ့နေရပါတယ်။ ယခင်တုန်းကထက် ပိုမိုပြီးပြောင်းလဲမှုတွေ ရှိလာတာကြောင့် နောင်တနေ့မှာ စာနဲ့ ပေနဲ့ အမှတ်အသားတွေနဲ့အချိန်တခုခုမှာ ကာယကံရှင်တွေကိုယ်တိုင်ကနေ ထုတ်ဖော်ပြောဆိုတာ၊တာဝန်ယူကြတာတွေ တွေ့ရလိမ့်မယ် မျှော်လင့်မိပါတယ်။
အေဘီ မြောက်ပိုင်း၊ တောင်ပိုင်းလုပ်ကြံမှုများ
အဲသည် အပြစ်မဲ့တဲ့တော်လှန်ရေးကျောင်းသားတွေ မတရားစွဲချက်တွေနဲ့ လုပ်ကြံခြင်းခံရတာ ဆယ်စုနှစ် ၂ ခုလည်တော့မယ်။ အဲသည်အကြောင်းတွေကို ပန်းချီကိုထိန်လင်းကကိုယ်တွေ့မှတ်တမ်းတွေအဖြစ် ကောင်းကင်အင်တာနက်စာမျက်နှာမှာ ရေးနေသလို၊တဆင့်ကြားသိသူ ကိုအောင်မိုးဝင်း (မန္တလေး) ကလည်း ဖေ့စ်ဘွတ်မှာ၊နေ့သစ်အင်တာနက်စာမျက်နှာမှာ အပိုင်းလိုက် ရေးသားနေတယ်။ အေဘီမြောက်ပိုင်းအရေးအခင်းနဲ့ တဆက်တည်းမှာ အေဘီတောင်ပိုင်းမှာလည်း အလားတူဖြစ်ရပ်တွေဖြစ်ပွားခဲ့တာကို ကိုယ်တွေ့ဖမ်းဆီးနှိပ်စက်ညှင်းပန်းခြင်းခံရသူ၊သေကံမပျောက် ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုနေ၀င်းအောင်ရဲ့ လွတ်မြောက်ပြီး ၁၉၉၆အေဘီဗဟိုသို့ ပြန်လည်အစီရင်ခံစာ ပြန်လည် ထွက်ရှိလာတာမှာ ဖတ်ရှုရပါတယ်။
မတရားစွတ်စွဲခံရပြီးလုပ်ကြံခြင်း ခံရသူ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့ အပြစ်မဲ့တဲ့အာဇာနည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တွေအတွက်ကော၊ ထွက်ပြေးလွတ်မြောက်လာသူတွေ၊တော်လှန်ရေးကာလတရပ်မှာ မြိုသိပ်ခဲ့ကြတာတွေအတွက် ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေကိုယ်တိုင်ကပဲ ဂုဏ်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ပြန်ကြားခြင်း လုပ်ကြရလိမ့်မယ် ထင်တာပဲ။ ဒါတွေကို ၈၈ မျိုးဆက်တွေက မလုပ်ရင်ဘယ်သူတွေက ၀င်လုပ်ပေးမှာမို့လဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်မိနေတယ်။
၂၀၁၂ မှာ ပြောစရာရှိတာတွေမိတ်ပျက်စရာမလိုဘဲ ပြောကြရမှာပဲ
၂၀၁၁ မှာတိုင်းမ်မဂ္ဂဇင်းက ဆန္ဒပြသူတွေ (Protesters) တွေကို တနှစ်တာမှတ်တမ်းအဖြစ်သတ်မှတ်လိုက်တယ်။ မြန်မာပြည်မှာလည်း အင်တာနက်ကြီး အပြောင်းအလဲဖြစ်လာတဲ့အတွက်မြန်မာပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ဖေ့စ်ဘွတ်ပေါ်မှာ ကြီးကျယ်ထင်ရှားစွာမြင်တွေ့လိုက်ရပါတယ်။ ၂၀၁၁ မှာ မြန်မာပြည်က အင်တာနက်ပေါ်မှာ လွတ်လပ်စွာပြောဆိုရေးသားခွင့်အရေးကိစ္စအတွက် အဓိကအပြောင်းအလဲ မောင်းနှင်အားက ဖေ့စ်ဘွတ်ပဲဖြစ်ပါတယ်။ ၂၀၀၇ မှာ ဂူးဂဲဘလောဂ့်တွေကနေ မြန်မာပြည်ကြီးရဲ့ အုံကြွမှုကိုမြင်တွေ့ကြရသလိုမျိုး ၂၀၁၁ မှာလည်း ဖေ့စ်ဘွတ်ကနေ မြန်မာပြည်က မျိုးဆက်တွေရဲ့နိုင်ငံရေး၊ လူမှုရေး အုံကြွမှု၊ ဆန္ဒထုတ်ဖော်မှုကို တွေ့ကြရပါတယ်။
       အဲသည်မှာ တဦးနဲ့တဦး နင်ပဲ ငဆ ဆဲရေးတိုင်းထွာ၊ အနိုင်ထက်စီးနင်း အင်တာနက်အကြမ်းဖက်မှုတွေ၊အနိုင်ကျင့်မှုတွေ၊ ရန်လိုမှုတွေ၊ ရန်ပွဲတွေ၊ ရန်ဖြစ်တာတွေ မြင်တွေ့ရသလိုအပြန်အလှန် ဝေဖန် ဆွေးနွေး ငြင်းခုန် ပြောဆို ဖလှယ်မှုတွေ ဆန်းစစ်မှုတွေအများအပြားလဲ တွေ့ခဲ့ကြရပါတယ်။ (အထင်ရှားဆုံး ဥပမာတွေက – ဘီဘီစီ၏ရိုဟင်ဂျာသတင်း၊ အင်န်အယ်ဒီ ကြားဖြတ်ရွေးကောက်ပွဲဆီသို့ ခြေလှမ်းများ၊နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများ၊ ကချင်ပြည်နယ်တွင်းပြည်တွင်းစစ်မီး၊ ဧရာဝတီမြစ်ဆုံ အရေး၊)
         မြန်မာ့ပြည်ရဲ့အရေးကိစ္စများမှာ ရှေးရိုးစွဲပုံစံခွက်တွေဖြစ်တဲ့  ငါနဲ့ မတူ ငါ့ရန်သူ၊ ငါနိုင် နင်ရှုံး နည်းစနစ်တွေနဲ့ရင်ဆိုင်ကြတာတွေကြောင့် မိတ်တွေပျက် ရန်သူတွေ ဖြစ်ကြသလို၊ ကိုယ်နဲ့မတိုက်ဆိုင်တဲ့ ကိစ္စလေးတခုနဲ့တင် လိပ်ခဲတည်းလည်းဖြစ်ပြီး မခေါ်မပြောနိုင်ဖြစ်ကြတာတွေကိုလည်းဖေ့စ်ဘွတ်မှာ တွေ့ကြရပါတယ်။
အဲဒါနဲ့ တဆက်တည်းပဲသဘောထားမတူသူချင်း၊ နောက်ခံမတူသူချင်းတွေက အပြန်အလှန်လေးစားမှုနဲ့ ပြောဆိုရေးသားဝေဖန်မှုတွေကို ထူထောင်လာကြတာကို တွေ့ရတာကြောင့် တချို့ ဖေ့စ်ဘွတ်စာမျက်နှာတွေရဲ့ပို့စ်တွေ၊ ကွန်မင့်တွေဟာ ဖတ်ရှုပြီး စဉ်းစားစရာ စမ်းစစ်စရာတွေ ရရှိပါကြောင်းတင်ပြလိုက်ရပါတယ်။
သည်တော့ ၂၀၁၂ မှာ မတူတာတွေကိုမိတ်ပျက်စရာမလိုပဲ ပြောစရာရှိတာတွေ ပြောကြ ဝေဖန်ကြရမှာပဲ။ သည်လိုမျိုးတွေနဲ့မျိုးဆက်သစ် မျိုးဆက်ဟောင်းတွေရဲ့ ဖေ့စ်ဘွတ်ပေါ်က သဘောထားထုတ်ဖော်မှု၊ အုံကြွမှုတွေဆက်လက်မြင်တွေ့ကြရဦးမှာပဲလို့ ပြောလိုက်ချင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts