>Kamar Pale – Poem

>

သွေးရိုး သားရိုး ပြောတဲ့စကား
ကမာပုလဲ
ဇန်န၀ါရီ ၃၊ ၂၀၁၂


ငှက်ကလေးတွေ
သူတို့မွေးဖွားရာ
သိုက်မြုံကို စွန့်ခွာပျံသန်းသွားသလိုမျိုး …
မိုးကောင်းကင်ကြီးက
လွတ်လပ်ကျယ်ပြောတယ်။

လှေကလေး တစင်းလို
ကမ်းကခွာတဲ့အခါ
ပင်လယ်ဆီပဲ သွားသွား
ဦးတည်ရာအတိုင်းပဲ မျောမျော
ဘ၀သမုဒ္ဒရာရဲ့ နက်ရှိုင်းမှုအဆုံးမှာ
အရိုးရှင်းဆုံး အမည်နာမကို
ရှာဖွေတွေ့ရှိနိုင်လိမ့်မယ် …။

ဝေဒနာ မျက်လုံးနဲ့
လောကကြီးကို
စာနာ ကြည့်မြင်တတ်တဲ့အခါ
ပန်းပွင့်ကလေးတွေက မီးလျှံတွေဖြစ်
ရေပြင်လွှာက
သောက အပူလှိုင်းကို တံလှပ်ထင်တယ် … ။

ဒီအတိုင်းပဲ ထားလိုက်မယ်ဆို
တခါကဆိုတဲ့စကားဟာ
အပြင်းစားအဆိပ်ထက် ပိုလို့ပြင်း
လူသူ မယုံကြည်တော့တဲ့ ယာဇ်ပလ္လင်ထက်မှာ
ကြေကြေကွဲကွဲ အသက်ငင်နေပါလိမ့်မယ် … ။

ကိုယ်က ပိုးမယ်ဆိုပြီး
ဒီတံပိုးကို ကိုယ်တိုင်တင်ခဲ့တာ
ကိုယ်ပေးခဲ့တဲ့ အိပ်မက်တွေအပေါ်
ကိုယ်ကိုယ်တိုင် မယုံကြည် စွန့်ခွာရဲခဲ့ရင်
သေချာပါတယ်
ညတာဟာ ဆက်ပြီးရှည်
နံနက်ခင်းဟာ
အလင်းလည်း မသစ်
အမိုက်တိုက်တွေက
ပိုလို့ သည်းထန် ရှင်သန်နေ … ။

ခေတ်က
ဘူတာရုံကလေးလို
ထိုင်စောင့်နေမှာ မဟုတ်ဘူး
တောင်ပြိုသလို
တိုက်စားသွားတော့မှာ …
မယုံရင်
သတ္တိရှိရှိ လွမ်းကြည့်လိုက် ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts