>Phoe Htet – Articles

>

ကျနော် ကြည့်ချင်သော ဘောလုံးပွဲတစ်ပွဲ
ဖိုးထက်
ဇန်န၀ါရီ ၃၊ ၂၀၁၂



ခင်ဗျားတို့ ကျနော်တို့ နေတဲ့ကမ္ဘာကြီးမှာ လူတွေ အုံလိုက်၊ ကျင်းလိုက် ၀ိုင်းပြီး ကြည့်ရှုအားပေးကြတဲ့ အားကစားနည်းတွေ ဘယ်ခေတ်အ ခါကတည်းကစပြီး ထွန်းကားလာခဲ့တယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခေါမတွေ (ရောမ) ကောင်းစားစဉ်အခါက နိုင်ငံကြီးက လက်နက်အင်ပါယာကြီး။ ဂရိတွေနဲ့ပတ်သက်တဲ့လူတွေတိုင်း စစ်ပွဲနဲ့ကင်းနိုင်မယ် မထင်ဘူးပေါ့။ ဒါကြောင့် သတ်တဲ့ ဖြတ်တဲ့ အားကစား နည်းတွေ ထင်ရှားခဲ့ပုံရပါတယ်။

ဝေးလ်သရုပ်ဆောင် Andy Whitfield သရုပ်ဆောင်တဲ့ Spartacus ဇာတ်လမ်းတွဲလိုမျိုး၊ Russell Crowe သရုပ်ဆောင်ပြီး ကျနော် အရမ်း ကြိုက်တဲ့ Gladiator ဇာတ်ကားလိုမျိုးတွေသာကြည့်မိရင် အဲဒီခေတ်အခါက လူတွေအချင်းချင်းသတ်တာ၊ ဖြတ်တာကို လူတွေအများကြီး ၀ိုင်းကြည့်ပြီး အားပါးတရအားပေးခဲ့တယ်ဆိုတာ ရှိခဲ့မယ်လို့ ထင်မိမှာပါ။ ဒါပေမယ့် ပိုမိုယဉ်ကျေးတဲ့လူတွေ၊ တရားမျှတမှုတွေက တဖြည်း ဖြည်းနဲ့ အနိုင်ယူခဲ့တော့ အဲဒီလို အသေအကြေသတ်ကြရတဲ့ အားကစားနည်းတွေတော့ ကျန်မနေရစ်ခဲ့တာ ကျေးဇူးတင်ရပါမယ်။ ဒါတောင် အခုခေတ်အထိ ဒိုင်နဲ့စနစ်တကျ ယှဉ်ပြိုင်ရတဲ့လက်ဝှေ့အားကစားနည်းက တရားမျှတတယ် ထားအုံးတော့။ Caged Fight လိုမျိုး ဇွတ်ကော အတင်းကော မတော်တာ မကန်ဖို့နဲ့ မကိုက်ရင်ပြီးရော ကြိုက်သလိုသတ်လို့ရတဲ့ကစားနည်းကျတော့ ကျနော် မကြိုက်ချင်ပြန်ဘူး။ တကယ် လို့များ Gladiator လို ကစားနည်းကျန်နေခဲ့ရင် ကျနော့်ကိုလဲ သတ်ကွင်းထဲ ဇွတ်မောင်းသွင်းပြီး သတ်ခိုင်းနေကြရင်ဖြင့် ဗိုက်စူစူနဲ့ ဘယ် လောက်များ ရှက်စရာကောင်းလိုက်လေမလဲ။

ဒါပေမယ့် ရောမခေတ်ကတည်းက စလာတဲ့ အေသင်အားကစားပွဲတွေကတော့အခုခေတ်အချိန်အခါထိ ပျော်ပျော်ရွှင်ရွှင်နဲ့ ယှဉ်ပြိုင်လာ ကြတာ တစ်ကမ္ဘာလုံး အသိအမှတ်ပြု အားကစားပွဲတော်ကြီးတောင် ဖြစ်ခဲ့ပြီမို့လား။

အခုခေတ် အခါမှာတော့ လူတွေ၊ လူတွေအများကြီး ရူးလောက်အောင် အားပေးကြတဲ့အားကစားနည်းကတော့ ဘောလုံးအားကစားနည်း ဆိုတာ ငြင်းနိုင်မယ်မထင်ဘူး။ ဘောလုံးအားကစားနည်းကို အင်္ဂလန်ကစတယ်လို့ ကျနော် ငယ်ငယ်က အမှတ်မှားဘူးတယ်။ တကယ်တော့နှစ်ရာစု၊ သုံးရာစုလောက်ကတည်းက Cuju လို့ခေါ်တဲ့ ဘောလုံးကစားနည်းနဲ့ ခပ်ဆင်ဆင်တူတဲ့ကစားနည်းကို တရုတ်တွေက စတင်ခဲ့ တယ်လို့ ကြီးမှသိခဲ့ပါတယ်။ အဲဒီကစားနည်းကို နာမည်ကြီး ဒါရိုက်တာ John Woo ဖန်တီးတဲ့ Red Cliff ဆိုတဲ့ဇာတ်ကားထဲမှာ လှပသေ သပ်စွာ ရိုက်ပြထားတာ ကြည့်ဘူးပါရဲ့။

ထားပါတော့လေ။ သူ့ဘာသာ ဘယ်သူက စခဲ့ စခဲ့။ ဘယ်သူက အစဦးတီထွင်ခဲ့ တီထွင်ခဲ့။ ကျနော်ကတော့ ဘောလုံးအားကစားနည်းကို ရိုးတွင်းချဉ်ဆီထဲကကို သဘောကျနှစ်ခြိုက်တယ်။ ရူပဗေဒအား သဘောတရားတွေ၊ ပရိယာယ်တွေ၊ ကစားကွက်တွေ၊ ဗျူဟာတွေ၊ စိတ်ခံ စားမှုတွေနှင့်ပေါင်းစပ်ထားသော ဘောလုံးပွဲကောင်းကောင်းတစ်ပွဲကြည့်ပြီးတိုင်း ကျနော်ကတော့ လန်းဆန်းသွားစမြဲ ဖြစ်သည်။

ဘောလုံးပွဲ အရမ်းကြိုက်လို့များ ဘောလုံးများအဖြစ်ရှိအောင် ကန်တတ်တယ်လို့များထင်ရင် အမှားကြီး မှားပေမည်။ ငယ်ရွယ်စဉ်က ဘော လုံးကန်တာ ၀ါသနာပါလွန်းသဖြင့် ဘောလုံးကွင်းလုပ်ထားသော လယ်ကွက်ကျယ်ကျယ်ထဲ ညနေတိုင်းသွားကာ လက်လုပ်၊ လက်စား တစ်ရက်လုပ်မှ တစ်ရက်စားရသော ရပ်ကွက်ထဲမှ ကစားဖော်များကို စောင့်ရင်း ရွက်ပုန်းသီးဘ၀ကနေ ပိန်လိန်ခြောက်သွေ့သွားသော အသီးကြီး ဖြစ်သွားသည်။

ဘောလုံးကောင်းကောင်းကန်တတ်မှ ဘောလုံးဝါသနာပါရမယ်လို့ သတ်မှတ်ချက်လဲ ရှိမနေဘူးဆိုတော့ ကျနော် ဘောလုံးအရမ်းဝါသနာပါ သည်ဆိုသောစကားသည် ကြောင်းကျိုးဆီလျော်ဖို့မလိုဟုထင်သည်။ ကျနော်သာ အမှတ်မမှားရင် နာမည်ကြီး နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် ကစားသမားဘ၀ လောက်လောက်လားလားရှိသူမဟုတ်။ ထို့အတူ မော်ရင်ဟိုသည်လည်း ကာယနည်းပြဆရာဆိုလား။

“အလုံးလေး တလုံးကို လူနှစ်ဆယ့်နှစ်ယောက် ၀ိုင်းလုနေတယ်။ တစ်ယောက်တလုံး ပေးထားလိုက်အေးရော” ဆိုသည့်ဟာသကို လူတိုင်း ကြားဖူးပါလိမ့်မည်။ တကယ်တော့ ဘောလုံးသမားတွေအားလုံးက တလုံးထဲသော ဘောလုံးအပေါ်မှာ အာရုံစူးစိုက်ပြီး ကိုယ့်အသင်း ရည် မှန်းချက် Goal အဖြစ်ပြောင်းလဲဖို့ ကြိုးစားရတာကိုက ချစ်စရာအားကစားနည်း တခုဘဲမို့လား။ ကစားကွင်းထဲမှာ ၂၂ လုံးသော ဘောလုံးတွေ အများကြီးနဲ့သာဆို ယနေ့အချိန် လူတွေ ညနက်သန်းခေါင် အိပ်ရေးပျက်ခံ ထကြည့်နေကြမည်ဟု မထင်။

သို့သော် ဘောလုံးကန်ကောင်းသော ဘောလုံးသမားများ၊ ခြေရည်တူသောဘောလုံးအသင်းများ ပြိုင်မည်ဆိုသဖြင့် အထင်တကြီးနှင့် အလုပ်ပျက်ခံ၊ အိပ်ရေးပျက်ခံ ကြည့်ပြီးမှ မှန်းချက်နှင့်နှမ်းထွက် မကိုက်သောဘောလုံးပွဲတွေ တွေ့ဘူးပါလိမ့်မည်။ ဥပမာ ခြေသာနေပေမယ့် လူအသာရဖို့ ဒိုင်ကိုလှည့်စားကာ ကိုယ်ကျင့်တရားအောက်ကျနောက်ကျအဖြစ်ခံကာ ဟန်ဆောင်လှဲချခြင်းများ။ တစ်ဖက်ပြိုင်ဘက်ကို ဘ ၀ဆုံးသွားအောင် ရည်ရွယ်ချက်ရှိရှိ ဥပဒေပြင်ပ ကန်ချောက်ခြင်းများပါဝင်သော စိတ်ညစ်စရာဘောလုံးပွဲတွေ ကြည့်ပြီးရင်တော့ ကျနော့် မှာ “သြော် လူတွေ၊ လူတွေ .. ငါလဲ လူပါလား” လို့ တဖွဖွ ပြောနေမိတတ်သည်။

ပြီးခဲ့သော World Cup တုံးက ဥရုဂွေးနိုင်ငံအသင်းမှ ခြေစွမ်းအလွန်ကောင်းသော လူးဝစ်ဆွာရက်စ်က ဂိုးဝင်တော့မည့် ဘောလုံးကို ဂိုး စည်းပေါ်မှလက်ဖြင့်ပုတ်ထုတ်ကာ အနီကဒ်ခံယူခဲ့တာ ဘောလုံးပွဲကြိုက်သူတိုင်း အငြင်းပွားစရာဖြစ်သွားခဲ့သည်။ တချို့က သူ့နိုင်ငံအတွက် သူလုပ်တာမှန်တယ်။ တချို့က ဒါမလုပ်သင့်တဲ့ကိစ္စ။ ၀ိဝါဒတွေကွဲကုန်ကြသည်။ မာရာဒိုနာက ဘုရားပေးသောလက်ဆိုပြီး အင်္ဂလန်အသင်း ဖက်ကို လက်ဖြင့်ပုတ်သွင်းပြီး ဂုဏ်ယူနေတာကိုဖြင့် ကျနော်အားမပေးလိုပါ။ လူးဝစ်ဆွာရက်စ်နှင့် မာရာဒိုနာတို့ ဘောလုံးအားကစားနည်းကို နတ်ဘုရားတစ်ပါးလို ကျွမ်းကျင်လိမ္မာပါးနပ်စွာ ကစားနိုင်ပေမယ့် သူတို့ကို ပါဆယ်နယ်လ် သိပ်မကောင်းတဲ့ ဘဲကြီးတွေဘဲလို့ ကျနော်က ကိုယ့်ထမင်း ကိုယ်ရှာစားကာ မှတ်ချက်တွေ ချထားမိတတ်သည်။

တစ်ခါတစ်ရံ ဘောလုံးပွဲက ကောင်းနေပေမယ့် ဘောလုံးပွဲကို ကြီးကြပ်ရသော ဒိုင်လူကြီး၏မောဟအမှား၊ ဒေါသအမှားတွေကြောင့် အရုပ်ဆိုး အကျဉ်းတန်နေရင်တော့ကျနော့်ပါးစပ်က ဖရုသ၀ါစာတွေ ထွက်လာတတ်သည်။ “ ဒိုင်လူကြီးဆိုတာ ဘောလုံးပွဲ တစ်ပွဲ လှပဖို့၊ တရားမျှတမှုရှိဖို့ တာဝန်အရှိဆုံးလူတစ်ယောက်။ သူကစပြီးအမှားတွေလုပ်နေရင် ခွီးတဲ့မှဘဲ” ဆိုပြီး ဘေးကဘောလုံးပွဲ အတူတူကြည့်သော သူ နားထောင်ထောင်၊ နားမထောင်ထောင် ကျနော် ပွစိပွစိ ပြောနေတတ်သည်။

နောက် ကျနော်က ဘောလုံးပွဲလောင်းတာလဲ ၀ါသနာပါသည်။ မန်ယူကို ကြိုက်သော၊ အားပေးသော ပရိတ်သတ်ဖြစ်ပေမယ့် ငွေရေး၊ ကြေးရေး ယှဉ်လာရင်တော့ လောကနိယာမနဲ့ချိန်ထိုးကာ လောင်းသည်။ လောကကြီးမှာအမြဲတမ်း ရှုံးမနေနိုင်သလို၊ အမြဲတမ်း နိုင်မနေနိုင် တာ လောကနိယာမကြီးဘဲလို့ ကိုယ့်ဘာသာ ခံယူချက်ထားသည်။ အသင်းတသင်း အရမ်းကြီးဆက်တိုက်နိုင်နေလျှင် တစ်ချိန်ချိန်တော့ ရှုံးရမယ်ဟု တွက်ခါ ပိုက်ဆံကို ချိန်ဆကာ ဘယ်လောက်ကြိုက်နေပစေ ဆန့်ကျင်ဘက်က ကျနော် လောင်းသည်။ ကျနော့်ကံတရားကဘဲ ကောင်းလွန်းသလား၊ စီးပွားဖြစ်အလောင်းအစား မလုပ်မိသောကြောင့်လားမသိ။ ကျနောရှုံးရင်တောင် ပက်ပက်စက်စက်မရှုံး။ အချိုးချ ကြည့်လျှင် လောင်းကစားပီပီ အမြတ်အများကြီး မကျန်ပေမယ့်နိုင်သည် ဆိုသည့်ကောက်ချက် ချနိုင်လောက်အောင် ၅၀ လို ၁၀၀ လိုမျိုး ကွမ်းတောင် ၀အောင် ၀ယ်စားလို့မရသည့် စာရင်းထဲက အမြတ်ကျန်သည်။

ဘောလုံးပွဲကို လူတွေအများစုစိတ်ဝင်တစားရှိသည်မှာ တရားမျှတမှုတွေ ရာခိုင်နှုန်းအတော်များများတွေ မြက်ခင်းစိမ်းစိမ်း ဘောလုံးကွင်း တွေထဲမှာ ရှိနေသေးလို့ဘဲဟု ထင်သည်။ တရားမမျှတသော ဒိုင်ညစ်ပတ်ကြီးတွေ၊ ကိုယ်အနိုင်ရဖို့ ဘာလုပ်ရလုပ်ရ ကျင့်ဝတ်တွေ၊ နီတိ တွေ ဂရုမစိုက်သော၊ အားကစားစိတ်ဓာတ်နုံချာသော ဘောလုံးသမားတွေများလာရင်ဖြင့် ဘောလုံးပွဲကို လူတွေဒီလောက် အရူးအမူးအား ပေးမည်မထင်။

ကျနော်က ရွှေနိုင်ငံကြီးကို ချစ်သောသူပီပီ (ကိုယ့်ဘာသာ ခံယူပါသည်။) ဘောလုံးပွဲတွေကို မြန်မာ့နိုင်ငံရေးနဲ့ ချိန်ထိုး နှိုင်းယှဉ်ကြည့်သည်။ အများစုသော ပြည်သူပြည်သားတွေက တဖက်၊ ကိုယ့်ကျင့်တရားပျက်ပျားကာ အနိုင်ရဖို့၊ ပိုင်ဆိုင်ဖို့ ဘာမဆိုလုပ်နိုင်သော လူကြီးတွေက တစ်ဖက်၊ တန်ခိုး အာဏာရှိသော စစ်တပ်က ဒိုင်လူကြီး။

ဒိုင်သာ ထပ်ပြီး ဘက်မလိုက်ခဲ့ရင်ဖြင့် ပြည်သူပြည်သားများအသင်းက ရှုံးနေခဲ့ပေမယ့် တဖက်က လူညစ်ကြီးများအသင်းကို ကောင်းကောင်း မွန်မွန်ကန်ဖို့ ဖျောင်းဖျပြီး တပွဲတလမ်းလောက် အကဲစမ်းလိုက်ချင်သည်။ ဒါပေမယ့် ဒိုင်လက်ထဲမှာ အမှားလုပ်သူကို အရေးယူဖို့ အ၀ါနဲ့ အနီကို အသင့်ဆောင်ထားစေချင်သည်။

ကျနော်ကတော့ဘေးကနေ ပွဲကြည့်ပရိတ်သတ်အဖြစ် လောင်းကြေးလေးထပ်ချင်သည်။ လောကနိယာမတရားအတိုင်း အမြဲတမ်းမရှုံး၊ အ မြဲတမ်းမနိုင် တရားကိုလိုက်ကာ မြန်မာ့နိုင်ငံရေးကို လောင်းကစားခဲ့ပါက ဒီစာရေးနေချိန်မှာ မနက်ဖြန်အတွက် ထမင်းစားရဖို့ ပူပန်နေရ လောက်ပေပြီ။

ဘာဘဲဖြစ်ဖြစ် လက်ကျန်မျှော်လင့်ချက်လေးနဲ့ အဲဒီပွဲကို လောင်းပစ်လိုက်ချင်သည်။ ဒိုင်ညစ်လို့ ထပ်ရှုံးခဲ့ရင်တော့ဒိုင်ကိုလဲ ဆင်းမရိုက်ရဲ။ ရေဗူးနဲ့လဲ လှမ်းမထုရဲ။ ဘောလုံးပွဲတွေကို အပြီးတိုင် မုန်းပြစ်လိုက်တာဘဲ ကောင်းမည်ထင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts