>Ashin Pyin Nyar Nanda – အညတရအကျဉ်းသားရဟန်းတော်များ ၁၁ – ဆရာတော်အရှင်ဇနိတာဘိဝံသ

>

အညတရအကျဉ်းသားရဟန်းတော်များ ၁၁ -ဆရာတော်အရှင်ဇနိတာဘိဝံသ
အရှင်ပညာနန္ဒ
ဇန်န၀ါရီ ၂၊ ၂၀၁၁
၂၀၀၃ ခုနစ် အောက်တိုဘာလအတွင်းမြန်မာပြည်အထက်ပိုင်းက မြို့လေးတစ်မြို့ဖြစ်တဲ့ ကျောက်ဆည်မြို့မှာဘာသာရေးအဓိကရုဏ်းတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အဓိကရုဏ်းလေးကနေ  အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံကိုမကျေနပ်တာကြောင့် လူထုဆန္ဒပြပွဲအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒေသခံ အာဏာပိုင်တွေကကျောက်ဆည်မြို့ ၊မင်းကုန်ပရိယတ္တိစာသင်တိုက်ကကျောင်းထိုင်ဆရာတော်ကြီးဘဒ္ဒန္တဇနိတာဘိဝံသ နဲ့ ဆရာတော် ၅ ပါးကို ပင့်ဖိတ်ပြီး အဓိကရုဏ်း ပြေငြိမ်းအောင်အခြေအနေတွေကို ဆွေးနွေးဖို့အတွက်ပင့်ဖိတ်ခဲ့ပါတယ်
ဆရာတော်တွေရောက်တာနဲ့ သူတို့ပြောတဲ့အတိုင်းအဓိကရုဏ်းကို ပြေငြိမ်းသွားအောင် မလုပ်နိုင်လို့ ဆိုပြီး ဆရာတော်ကြီးအပါအ၀င်ဆရာတော်များဖြစ်တဲ့ ဦးသီလ၀ံသ၊ ဦးသီဟ၊ ဦးစန္ဒိမာ၊ ဦးခေမာစာရတို့ကိုလူသတ်မှုနဲ့  မတရားစွပ်စွဲပြီးဘုန်းကြီးငါးပါးလုံးကို ထောင်ဒဏ် ၂၅ နှစ် အသီးသီး ချမှတ်ခဲ့ပါတယ်။
သာသနာ့သမိုင်းမှာ တကယ့်ကို အရုပ်ဆိုးအကျည်းတန်လှသလို စစ်အာဏာရှင်တွေရဲ့ ဘာသာရေးစော်ကားမှုလည်း ဖြစ်ပါတယ်။ လူသတ်မှုနဲ့စွပ်စွဲပြီး ထောင်ချခဲ့တဲ့ ဆရာတော်ကြီးဘဒ္ဒန္တဇနိတာဘိဝံသနဲ့ ရဟန်းတော်တွေဟာ မီးရှို့ဖျက်ဆီးရာမှာမပါဝင်ဘဲနဲ့ ကို အဖမ်းဆီး ခံရတာပါ။ ခုချိန်ထိ ထောင်ထဲမှာ သီတင်းသုံးနေရဆဲပါ။
အဓိကရုဏ်းဖြစ်ပုံက ဒီလိုပါ။
၂၀၀၃ခုနှစ်၊ အောက်တိုဘာ၊ ၁၉ရက်နေ့ ဘုရားသူခိုးလို့မသင်္ကာသူ ဟိန္ဒူအဘိုးကြီးတယောက်နဲ့ အစ္စလာမ်ဘာသာဝင်တယောက်တို့ကို ဖမ်းဆီးပြီး သံဃာ၁၀ပါး လောက်က ရဲစခန်းကို သွားအပ်ပါတယ်။ အဲဒီအချိန်မှာ ဘယ်သူက ဘယ်လိုစလိုက်တယ် မသိ။ကျောက်ဆည်မြို့ အတွင်းမှာရှိတဲ့ ဗလီနှစ်လုံးနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေဈေးဆိုင်တွေကို မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင် ၁၀ ဦး သေဆုံးပြီး၊ပစ္စည်း ကာလတန်ဘိုး သိန်းလေးထောင်ကျော် လောက် ဆုံးရှုံးတယ်လို့ ဆိုပါတယ်။ တကယ်တော့ဒီဘာသာရေးအဓိကရုဏ်းဟာ စနစ်တကျနဲ့ ဖန်တီးထားတဲ့ နအဖစစ်အုပ်စုနဲ့ ပတ်သက်နေတယ်လို့လူအများစုက သံသယရှိကြပါတယ်။
တိုင်းပြည်ဆင်းရဲမွဲတေမှုတွေ ဖြစ်တိုင်း၊နိုင်ငံမငြိမ်သက်မှုတွေ ဖြစ်တိုင်း ပြည်သူတွေ အာရုံပြောင်းသွားအောင် အစိုးရကဘာသာရေးအဓိကရုဏ်းတွေကို  စနစ်တကျဖန်တီးနေသူတွေ မဟုတ်ပါလား။
ခုအဖမ်းခံရပြီး ထောင်ကျခံနေရတဲ့ ဆရာတော်တွေဟာအဓိကရုဏ်းဖြစ်နေချိန်က ဘုရားဝတ်ပြုအပြီး သံဃာတွေကို သြ၀ါဒပေးဖို့ပြင်ဆင်နေချိန်ပါ။ အဲဒီအချိန်မှာပဲ ကျောက်ဆည်ရဲစခန်းက ဒုရဲအုပ် သိန်းဇော်၊ကျောက်ဆည်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူးဗိုလ်မှူးစိုးမြင့်၊ ကျောက်ဆည်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးတင်ဝင်းဦးတို့ရဲ့ ပင့်လျောက်ချက်အရ မီးလောင်ရာနေရာတွေကို သွားရောက်ပြီးအဓိကရုဏ်းမှာ ပါဝင်နေတဲ့သံဃာများနဲ့  လူအုပ်ကြီးကို အသံချဲ့စက်နဲ့ တားမြစ်ပေးဖို့ဆရာတော်ကြီးကို ပင့်သွားတာပါ။ သူတို့ပြောတဲ့အတိုင်း သွားရောက် တားမြစ်ခဲ့ပြီးထိန်းသိမ်းလို့ မရတဲ့အဆုံး ခရိုင်ဥက္ကဋ္ဌကားနဲ့ ကျောင်းကိုပြန်ကြွခဲ့တာပါ။
အဲဒီလို အာဏာပိုင်များနဲ့အတူ ဘာသာရေးအဓိကရုဏ်းငြိမ်းအောင်ဆောင်ရွက်ခဲ့ပေမယ့် ဆရာတော်ကြီးကို လူသတ်မှုနဲ့ မတရားစွပ်စွဲပြီးဥပဒေမဲ့ထောင်ချခဲ့တာပါ။ ဆရာတော်ကြီး လူသတ်တယ်၊ မသတ်ဘူးဆိုတာ ဒေသခံအာဏာပိုင်တွေအသိဆုံးပါ။
ဆရာတော်ကြီးရဲ့အဖြစ်ဟာ တကယ့်ကို ၀မ်းနည်းကြေကွဲစရာကောင်းလှပါတယ်။
ဆရာတော်ကြီးဟာ အစိုးရဓမ္မာစရိယဘွဲ့၊ရဟန်းတော်တိုင်းအောင်နိုင်ခဲတဲ့ သကျသီဟဓမ္မာစရိယဘွဲ့တွေကို ရရှိထားတဲ့အပြင်၊မြိုနယ်သံဃနာယက၊ မြို့နယ်ဝိနည်းဓိုရ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးတပါးပါ။
ဆရာတော်ကြီးကျောင်းမှာ စာသင်သံဃာ (၂၀၀) လောက်ရှိပါတယ်။ တဘက်က စာသင် စာချ လုပ်နေသလို ကျောက်ဆည်မြို့မှာ စာသင်သံဃာတော်တွေဆွမ်းအခက်အခဲမရှိအောင် ဆွမ်းလောင်းအသင်းများ တည်ထောင်ပေးခြင်း၊ စာကြည့်တိုက်များတည်ထောင်ပေးခြင်း၊ ခလေးသူငယ်များအား ဗုဒ္ဒဘာသာယဉ်ကျေးမှု သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ဟောင်နွမ်းနေတဲ့ ဘာသာရေး အဆောက်အအုံများကို ပြင်ဆင်ခြင်း၊နာရေးကူညီမှုအသင်းများ တည်ထောင်ပေးခြင်း စတဲ့ လုပ်ငန်းတွေကို တဘက်တလမ်းကနေဆောင်ရွက်နေတဲ့ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့အမှုတွဲကို သေချာဖတ်ကြည့်တဲ့အခါတရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေကလည်း ဘာမှ ခိုင်လုံမှုမရှိတာကို တွေ့ရပါတယ်။အမှုစွဲဆိုတဲ့ အစိုးရအရာရှိတချို့ဟာ အခင်းဖြစ်ပွားချိန်က ခွင့်ယူထားပြီး တချို့တာဝန်ရှိသူတွေကခရီးလွန်နေကြပါတယ်။ တာဝန်ရှိတဲ့လူတချို့ ကလည်း မီးလောင်ရာကို သွားကြည့်ပြီးရဲစခန်းကိုပြန်လာကြကြောင်း၊ မည်သူမည်ဝါ ပြစ်မှုကျူးလွန်တယ်လို့ထွက်ဆိုထားတာကိုလည်း မတွေ့ ရပါပဲလျက် ဆရာတော်တွေကို အတိအကျ လူသတ်မှုနဲ့စွပ်စွဲထားတာကို တွေ့ရပါတယ်။ ဘယ်သူဘယ်ဝါ ပြစ်မှုကျူးလွန်တယ်ဆိုတာကို သိသူမြင်သူများလည်း မဟုတ်ပါ။ ဒါပေမဲ့လည်း ဗမာပြည်ထောက်လှမ်းရေးလေ၊ သိတယ်မဟုတ်လား၊ CIAကတောင်အဖေခေါ်သွားရမယ်။ အပြစ်ရှိသူတယောက် လွတ်ချင် လွတ်ပါစေ၊ အပြစ်မဲ့သူတွေဘယ်နှစ်ယောက် ခံရ ခံရဆိုတဲ့ အဖွဲ့ကြီး မဟုတ်လား။
အခင်းဖြစ်ပွားချိန်က ညအချိန်ဖြစ်ခြင်း၊လူအင်အားများခြင်း၊ ပြစ်မှုကျူးလွန်သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှားမသိဘဲ တွေ့ရာလူ ဖမ်းပြီး ထောက်လှမ်းရေးက စစ်ပါတယ်။ ထောက်လှမ်းရေးစစ်ဆေးလို့ရတဲ့ထွက်ဆိုချက်တွေရယ်၊ အာဏာပိုင်တွေ စုံစမ်းသိရှိရတဲ့အချက်တွေရယ် အပေါ်မှာမူတည်ပြီးတရားခံရှာကာ အမှုကို တည်ဆောက်ထားတာ တွေ့ ရပါတယ်။
ဆရာတော်ကြီးနဲ့ သံဃာတွေဟာ လူသတ်မှုကျူးလွန်ကြောင်းလုပ်ကြံစွပ်စွဲထားတာဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။ တချို့သံဃာငယ်တွေဟာမီးလောင်ရာကို သွားရောက်ကြည့်ရှုပြီး အပြန်လမ်းမှာ ဖမ်းဆီးခံရတာ ဖြစ်သလို၊အချို့လူတွေဟာ လမ်းသွားရင် လမ်းမှာ ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ အဖမ်းခံထားရသူတွေရဲ့ထွက်ဆိုချက်တွေက သက်သေပြနေပါတယ်။ ဥပဒေဆိုတာ သံသယရဲ့အကျိုးကိုလူတိုင်းခံစားခွင့်ရှိပါတယ်။
အခုကိစ္စမှာတော့ သီလ၊ သမာဓိ၊ ပညာကြီးတော်မူတဲ့ဆရာတော်ကြီးများတောင် ခံစားခွင့်မရှိပါလားလို့ ခံစားမိပါတယ်။တကယ်ပြစ်မှုကျုးလွန်သူတွေကို မိအောင်မဖမ်းနိုင်ဘဲ အပြစ်မရှိသူတွေ အဖမ်းခံရ၊အနှိပ်စက်ခံရတာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ဆရာတော်ကြီးရဲ့ ရှေ့နေတင်ပြတဲ့အချက်အလက်တွေကိုတော့ ခိုင်လုံပါလျက်နဲ့ ပယ်ချပစ်ခဲ့ပါတယ်။ မတရားစွဲချက်တွေနဲ့မတရားတဲ့ အဓမ္မမှု တခုပါ။ မစိုးရိမ်က ဦးဝေရသူရဲ့ ဆရာဖြစ်လို့ အငြိုးနဲ့များလုပ်ရက်လေသလား။
သီလရှိသူကို ပြစ်မှားလို့ အပြစ်ရှစ်ပါး ဒဏ်ဆယ်ပါးကျရောက်မှာကို မကြောက်တောင် တရားဥပဒေအရ တချိန်မှာ ပေးဆပ်ကြရမယ် ဆိုတာကိုတော့သဘောပေါက်ကြစေချင်ပါတယ်။ တဆင့်ကြားရတဲ့ သတင်းစကားတခုကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ဘုန်းကြီးတွေကို ဖမ်းစေလို့ ညွန်ကြားတဲ့ တချက်လွှတ်အမိန့်ကြောင့်ဒေသခံအာဏာပိုင်တွေလည်း ဘာမှမတတ်နိုင်ဘဲ အမိန့်အတိုင်း လုပ်ရကြောင်း သိရပါတယ်။ကျောက်ဆည်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မွေးရပ်ဇာတိမဟုတ်ပါလား။
ဆရာတော်ကြီးဟာ သက်တော် ခုနှစ်ဆယ် ကျော် နေပါပြီ။မြင်းခြံထောင်မှာ ဆင်းဆင်းရဲရဲနဲ့ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအောက်မှာအကျဉ်းသားဘ၀နဲ့ သီတင်းသုံးနေရဆဲပါ။ ဒီလိုစွမ်းစွမ်းတမံနဲ့ သာသနာတော်ရဲ့အကျိုးကိုဆောင်ရွက်ခဲ့တဲ့ဆရာတော်ကြီး၊ နိုင်ငံတော်ဗဟိုသံဃ၀န်ဆောင် ဆရာတော်ကြီးတပါးကိုစစ်အာဏာရှင်တွေက မတရားဖိနှပ်တာကို ခံနေရနေပေမယ့်လည်း မိခင်သံဃမဟာနာယကအဖွဲ့ ကဆရာတော်တွေက ရေငုံနှုတ်ပိတ်နေတာကတော့ တကယ့်ကိုအံ့သြစရာပါ။
သံဃာအချင်းချင်း ဖိနှိပ်တဲ့အာဏာရှင်တွေအလိုကျဆောင်ရွက်နေတဲ့ အာဏာပိုင် သံဃမဟာနာယကအဖွဲ့အစည်း အမြန်ကျဆုံးပါစေ။ သံဃာတွေကိုကိုယ်စားပြုတဲ့ စစ်မှန်တဲ့ သံဃာ့အဖွဲ့အစည်း အမြန်ပေါ်ပေါက်ပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts