>Ashin Awwthda – Articles

>

December မှာ လာမှာလား၊ August မှာ လာမှာလား
အရှင်သြသဓ (ဟပ်မွန်းဘေး)
ဇန်န၀ါရီ ၁၊ ၂၀၁၂


ကျောင်းသားလူငယ်ဆိုတာ အပျော်အပါးကြိုက်သည်။ လွတ်လပ်မှုကို ကြိုက်သည်။ အထူးသဖြင့် ကျောင်းပိတ်ချိန်ဆိုလျှင် ကျောင်းတွင် ပင်ပန်းခဲ့သမျှတွေကို အတိုးချကာ သူတို့လွတ်လပ်ပေါ့ပါးစွာ အနားယူနေလိုသည်။ ဘာအလုပ်မှ မလုပ်ချင်။ မိဘတွေလည်း အလိုက်သိပြီး “နေပါစေ”ဟု လွှတ်ထားရသည်။ တချို့ကတော့ မွမ်းကြပ်ခဲ့သမျှတွေ ဖွင့်ထုတ်ပစ်လိုက်သည့်အနေဖြင့် အပန်းဖြေခရီးထွက်ကြသည်။ တချို့က အိမ်မှာတင် ပျော်ပျော်ပါးပါး ဂိန်းကစား၊ ရုပ်ရှင်ကြည့်၊ သူငယ်ချင်းတွေနဲ့ chatting လုပ်၊ ဒီလိုနေတတ်ကြသည်။ အဝတ်အစား အလှအပကြိုက်သူများကတော့ ခရစ္စမတ်ရာသီ လျှော့ဈေးရောင်းသမျှတွေကို လိုက်တိုး၍ သူ့ထက်ငါ သွားဝယ်တတ်ကြသည်။ တချို့က မိတ်ဆွေသူငယ်ချင်းများအိမ်က ပါတီပွဲတကာ လိုက်တက်နေတတ်ကြသည်။ ဒါပေမဲ့ တချို့ကျောင်းသားလူငယ်လေးတွေ ခုချိန်မှာ အဲဒါ တွေ ဘာမှမလုပ်ဘဲ “ဘုန်းကြီးကျောင်းမှာလာပြီး ဘာသာရေးလေ့လာရင်း တရားထိုင်ကြတယ်”ဟု ပြောလိုက်လျှင် လူငယ်သဘာဝနှင့် တရားထိုင်ရသည့်အလုပ် ဒီနှစ်ခုဟာ ဆန့်ကျင်ဘက်ပေမို့ ယုံချင်မှတောင် ယုံပေမည်။


ဟုတ်ပေသည်။ လူငယ်သဘာဝက ပျော်ပျော်နေရမှ၊ ဆူညံ့အော်ဟစ် ခုန်ပေါက်နေရမှ၊ လွတ်လွတ်လပ်လပ်နေရမှ သူ့အလိုကျမည်။ နေလို့ပျော်မည်။ တရားထိုင်တယ်ဆိုတာက မြန်ဆန်သည့် လှုပ်ရှားမှုတွေလျှော့ချကာ အသံဆို တိတ်၊ ပျော်ပါးစရာဆို ပိတ်၊ ကြည့်စရာဆို မှိတ်၊ ဒီလိုလုပ်မှ တရားအာရုံရပေမည်။ လူတွေဟာ လောကီအာရုံတွေကိုခံစားနေရရင်လဲ ပျော်တတ်ကြသည်။ တရားအာရုံတွေထဲ နှစ်မြုပ် သွားရင်လဲ အေးချမ်းမှုပီတိဖြင့် ကြည်နူးနေတတ်ကြသည်။ ပထမအပျော်ကတော့ ငရုပ်သီးစပ်စပ်နဲ့ ရှောက်သီးသုပ်စားရသလို ပျော်နေရ တုန်းကောင်းသလိုရှိပေမဲ့ အဆုံးမှာတော့ လူကို အပူတွေနဲ့ဒုက္ခကောင်းကောင်းပေးတတ်သည်။ ဒုတိယအပျော်ကတော့ ပင်ပန်းမောဟိုက် နေတုန်းမှာ ရေအေးအေးလေးတစ်ခွက်သောက်လိုက်ရသလို လေ့လာအားထုတ်နေရတုန်းမှာလည်း မသိသေးတာတွေ သိ၊ မကျင့် ဖူးသေး တာတွေ ကျင့်လိုက်ရ၍ ပျော်၊ နောင်ကာလတွေမှာလည်း စဉ်းစားမိလိုက်တိုင်း ပြန်ပြီးဝမ်းသာရလို့ ပျော်။ ဒီလို အကျိုးတရားများက ကွာခြား လှပေသည်။ ဒီလူငယ်လေးများကတော့ ဓမ္မရသပီတိကို ကောင်းကောင်းသိနေလို့ ထင်ပါရဲ့။ ဒုတိယအပျော်ကိုရွေးကာ ကျောင်းမှာလာပြီး ရှာဖွေဆည်းပူးကြလေရဲ့။

ဓမ္မာနန္ဒဝိဟာရကျောင်းတိုက်တွင် ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေမှ ၂၄ ရက် နေ့လည်ပိုင်းအထိ (၃) ရက် လူငယ်လေးများအတွက် သီးသန့် ဆောင်းရာသီတရားစခန်း ဖွင့်လှစ်ပေးခဲ့ပေသည်။ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်ပေသည်။ ဒီတရားစခန်းကို လူငယ်လေး များ၏အကြံပြုချက်ကြောင့်ပင် ဖွင့်ခဲ့ရသည်ဟု ဆိုရလျှင် မှားလိမ့်မည် မထင်ပေ။ အစ ပထမပိုင်းတွင် ကျေးဇူးတော်ရှင် ဓမ္မာနန္ဒဝိဟာရကျောင်း ဆရာတော်ဘုရားကြီး ဦးသီလာနန္ဒ၏သြဝါဒအတိုင်း နွေရာသီကျောင်းပိတ်ချိန်တွင်သာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်ပေးခဲ့ ပေသည်။ ထိုသင်တန်းကို ယခုအခါ အခြေခံမှစ၍ အဆင့်မြင့်တန်းအထိ ၆ ဆင့်ခွဲကာ သင်ကြားနေပေသည်။ ထိုသင်တန်းပြီးသွားသော ကလေးများမှာ တက်စရာသင်တန်းမရှိတော့သဖြင့် ကျောင်းနှင့်ဝေးသွားတော့၏။ ကိုယ်က သင်ပေးလိုက်သော်လည်း ကျောင်းနှင့် ဝေးသွား လျှင် မီးဝေးသည့်ချိတ်လို အေးခဲမာတောင့်သွားတော့သည်သာ။ ကိုယ်ကသင်ကြားပေးလိုက်သော်လည်း ယဉ်ကျေးသည့် အမူအရာများ ကြာတော့ ပျောက်ကုန်၏။ အတွေးအခေါ်များလဲ ပြောင်းကုန်၏။ ဘာသာရေးအမြင်အရ သူတို့မိဘများနှင့်လည်း သဘောထားမကိုက်ချင် တော့ပေ။ ဒါကြောင့် သူတို့၏ နူးညံ့ပျော့ပျောင်းလှသည့် ယဉ်ကျေးမှုလေးများလည်း ပျောက်မသွားရလေအောင်၊ ဘာသာရေးနဲ့ ဆန့်ကျင် သည့် အတွေးအခေါ်ရိုင်းများလည်း သန့်ရှင်း၍ အပြစ်ကင်းစင်သည့် သူတို့နှလုံးသားပြင်တွင် အခြေချခွင့်မရအောင် ဘာသာရေးလုပ်ငန်း လေးတွေမှာ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်လာအောင် ဆွဲဆောင်မှဖြစ်တော့မည်ဟု စာရေးသူစဉ်းစားမိခဲ့ပေသည်။

ဤစီမံချက်မှာ အဆင့်မြင့်တန်းပြီးသွားသော လူငယ်လေးများကို ကျောင်းတွင်လာ၍ စာပြန်သင်ပေးရန် လုပ်အားပေးခေါ်ခဲ့ပေသည်။ ဤသို့ ခေါ်လိုက်ခြင်းအားဖြင့် မိမိအတွက်လည်း အတန်းများတိုးချဲ့နိုင်၍ အကျိုးရှိ၏။ သူတို့လဲ စာတွေပြန်ဖတ်ရ၍ ပိုပြီးလေ့လာဖြစ်သဖြင့် အကျိုး ရှိ၏။ သူတို့ကိုယ်တိုင် ဆရာလုပ်၍ စာသင်လာရသောအခါ “သူတို့သိတာလေးက ဘာမှမရှိသေးဘူး၊ သူများကိုသင်ဖို့ဆို ဒိထက် ဘာသာ ရေးဗဟုသုတတွေ အများကြီးလိုသေးတယ်”ဟု သိမြင်လာကြ၏။ ထို့ကြောင့် သူတို့အတွက် သီးသန့်ထေရဝါဒဗုဒ္ဓသာသာအကြောင်း၊ ဝိပ ဿနာအကြောင်းသင်ကြားပေးရန် တောင်းဆိုလာကြပေသည်။ စာရေးသူအနေဖြင့် သူတို့ စာပေလေ့လာရုံသက်သက်ဖြင့် ဗုဒ္ဓဘာသာနှင့် ဝိပဿနာ အကြောင်းကို သေချာဂနသိပြီဟုမဆိုနိုင်။ အားထုတ်မှုနှင့်တွဲ၍ သင်ယူမှ ထိုက်သင့်သလောက် နားလည်ပေမည်။ သဘောပေါက် ပေမည်။ ထို့ကြောင့် သင်ရမည့်ဘာသာရပ်များကို ဆရာတော်များထံတင်ပြကာ ဆရာများနှင့်ညှိနှိုင်း၍ သင်ရိုးဆွဲခဲ့ပေသည်။ ဆရာများ ဘက်ကလည်း သင့်တော်သည်များကို သူတို့အတွေ့အကြုံများနှင့်တွဲကာ အတတ်နိုင်ဆုံး သူတို့ စိတ်ဝင်စားအောင် သင်ကြားပေးကြသည်။


ပထမပိုင်းတွင် ဗုဒ္ဓဝင်နှင့် ယနေ့ကမ္ဘာတွင်ရှိသော ဗုဒ္ဓဘာသာဂိုဏ်းကွဲများအကြောင်း အကျဉ်းလေ့လာရသည်။ ၎င်းနောက် တရားအားထုတ် ခြင်းရည်ရွယ်ချက်အမျိုးမျိုးနှင့် အကျိုးတရားများကို ရှင်းပြပေးသည်။ ထို့နောက် ထေရဝါဒဗုဒ္ဓဘာသာ၌ကျင့်သုံးနေသော ကမ္မဋ္ဌာန်း ၂ မျိုးတွင် သမထကမ္မဋ္ဌာန်းအကြောင်းပါသည့် ထိုထိုသုတ္တန်များ၊ အဘိဓမ္မာများမှ ကောက်နှုတ်ချက်များကို လေ့လာရသည်။ ထို့ပြင် ယနေ့ နာမည်ကြီးနေသည့် ထိုထိုဆရာတော်များ၏ နည်းလမ်းများကိုလည်းထည့်သွင်း၍ ရှင်းပြသွားပေသည်။ ၎င်းနောက် လက်တွေ့ အားထုတ် ပုံကို ပြသပေး၏။ ထိုညွန်ကြားချက်အတိုင်း လူငယ်လေးများ လိုက်၍အားထုတ်ကြရ၏။

နောက်တရက်တွင် ဝိပဿနာကမ္မဋ္ဌာန်းအကြောင်း သင်ကြားပေးသည်။ ဤသို့သင်ပြရခြင်းမှာ လူတော်တော်များများသည် သမထကမ္မဋ္ဌာန်း နှင့် ဝိပဿနာကမ္မဋ္ဌာန်းနှစ်ခုကို ကွဲကွဲပြားပြား မသိကြပေ။ နောက်ပြီး စာပေကျမ်းဂန်နှင့်မကိုက်ညီသော နည်းလမ်းများကိုလည်း အမှန်ဟု ထင်တတ်ကြသည်။ မှန်နေသည်ပင်ဖြစ်စေ၊ ကိုယ်နှင့်မတူလျှင်လည်း မှားသည်ဟုထင်တတ်ကြပေ၏။ ထို့ကြောင့် မည်သည့်ကမ္မဋ္ဌာန်းကို အားထုတ်သည်ဖြစ်စေ၊ နည်းမှန်လမ်းမှန်ဖြင့် အားထုတ်တတ်စေရန် နှစ်မျိုးလုံးသင်ပေးခြင်းဖြစ်ပေသည်။ သင်ကြားပေးသည့်အတိုင်း အား ထုတ်ကြရ၏။ တချို့ အစိမ်းသက်သက်လေးများဖြစ်သဖြင့် ထိုင်ချိန်ကိုတော့ နည်းနည်းခြင်းစီ တိုးတိုးသွားရ၏။ တခါတည်း ၁ နာရီအပြည့် တန်းထိုင်ခိုင်း၍ မဖြစ်နိုင်။

လူငယ်လေးများဖြစ်သော်လည်း သူတို့တတ်နိုင်သရွေ့ ကြိုးစားကြ၏။ ကျောင်းသားတစ်ယောက်က စိတ်ဟာ အင်မတန်ပြေးကြောင်း၊ ထိန်းလို့ မရကြောင်း၊ သတိထားနေတာတောင်မှ အာရုံပေါ်မှာ ခဏသာနေကြောင်း၊ ပြီးတော့ ပြန်ထွက်သွားကြောင်း ဆရာကိုပြောပြ၏။ နောက်တစ်ယောက်ကတော့ စကားမပြောဘဲ နေရတာ၊ ပြောရင်လဲ တိုးတိုး ပြောရတာ၊ ဘာလုပ်လုပ် ဖြေးဖြေးလေး အမှတ်နဲ့လုပ်ရတာ သူတို့အတွက် အင်မတန်ခက်ခဲ ကျဉ်းကြပ်လှကြောင်း၊ နောက်မှ စိတ်ကိုထိန်းပြီးလုပ်တော့ တဖြေးဖြေးလုပ်တတ်လာကြောင်း ပြောသွား၏။ နောက်တစ်ယောက်ကတော့ တရားထိုင်ရင် အိပ်ငိုက်တာများကြောင်း၊ ထိုင်စမရှိ၍ နာကျင်မှုဝေဒနာလည်း များလှကြောင်း၊ ဒါတွေကို အစ ပိုင်းမှာ မရှုမှတ်နိုင်ကြောင်း၊ နောက်တော့ “ခန္ဓာရှိရင် ဒီဝေဒနာရှိမှာဘဲ၊ ဒီဝေဒနာဟာ ခန္ဓာကြီးရဲ့ အစိတ်အပိုင်းတစ်ခုဘဲ၊ ငါထိန်းချုပ်လို့ ရတဲ့အရာမျိုး မဟုတ်ဘူး၊ သူ့ဘာသာသူဖြစ်နေတာကို ပစ်တာထားလိုက်” ဆိုပြီး စိတ်ကိုပြောင်းရှုလိုက်တော့ ဝေဒနာဟာ ဒုက္ခမပေးတော့ ကြောင်း သူ့အတွေ့အကြုံကို ပြောပြပေသည်။ နောက်တစ်ယောက်ကတော့ “တရားအားထုတ်တယ် ဆိုတာ မိမိအတွင်းဘက်မှာ ဖြစ်ပျက် နေတာတွေကို သိအောင်လုပ်ရသည့် အလုပ်ဟုမြင်ကြောင်း၊ အထူးသဖြင့် မိမိစိတ်ကို သိအောင်လုပ်ရကြောင်း၊ နောက်တော့ ပြေးတတ် သည့်စိတ်ဟာ တဖြေးဖြေးငြိမ်လာကြောင်း၊ သတိဟာ အာရုံမှာ ပိုကပ်လာကြောင်း၊ နောက်တော့ စူးစိုက်မှုလေးပိုရလာပြီး အားထုတ်လို့ နည်းနည်း ပိုကောင်းလာကြောင်း၊ နောင်နှစ်တွေမှာ ရက်တိုးပြီးအားထုတ်ရလျှင် ပိုကောင်းမည်ထင်ပါသည်”ဟု သူ့အကြံဉာဏ်လေးပါ ထည့်၍ ပြောသွားပေသည်။

တရားအားထုတ်ပြီး နောက်ဆုံးနေ့တွင် ကျောင်းသားဆရာ စုပေါင်း ဆွေးနွေးပွဲ ပြုလုပ်ကြ၏။ (၁) ဒီတရား စခန်းက ဘာတွေလေ့လာမိပါသလဲ။ (၂) ယခုအတွေ့အကြုံတွေကို မိမိရဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးပြုမလဲ။ (၃) ဒါတွေကို အများတကာအတွက် ဘယ်လိုအကျိုးကျေးဇူး ပြုနိုင်မလဲ။ ဒီခေါင်းစဉ်သုံးခုဖြင့် အုပ်စု (၄) စုခွဲပြီး ဆွေးနွေးကြရပေသည်။ သူတို့ ထင်မြင်ချက်များကို အခြားအဖွဲ့များသိအောင် တစ်အုပ်စု ချင်း ပြန်လည်ရှင်းပြရ၏။ ရီစရာလေးတွေလည်းပါ၏။ သူတို့ တောင်းဆိုချက်လေးများလည်း ပါ၏။ အကြံဉာဏ်ပေးတာလည်း ပါ၏။ အကျိုး တရားများရတတ်ပုံ ပြောသွားတာလေးတွေလည်း ပါ၏။ ကျန်းမာရေးအတွက် ကောင်းကျိုးများလည်းပါ၏။ အကောင်းဆုံးကုသိုလ်တရား များ ဆည်းပူးလိုက်ရပုံလေးများလည်း ထည့်ပြောသွား၏။

တက္ကသိုလ်ရောက်စ ကျာင်းသားတစ်ယောက်၏ ပြောပြချက်မှာ မှတ်သားစရာ ကောင်းလှပေသည်။ သူတို့မှာ စာတွေ အများကြီး ကျက်မှတ် ရကြောင်း၊ စာများပြီး ခက်လာသည်နှင့်အမျှ စိတ်တွေပင်ပန်းမှု များလာကြောင်း၊ အဲဒိအခါ စိတ်ပူပန်ဖိစီးမှုတွေများလာကြောင်း၊ အရာရာ ဘာလုပ်လုပ် စိတ်တိုတတ်ကြောင်း၊ နောက်ပိုင်း စိတ်တင်းကြပ်မှုများလာသဖြင့် ဖြေလျှော့ဖို့အတွက် သူသိသလောက် တရားထိုင်စမ်း ကြည့်ကြောင်း၊ အဲဒိအခါ စိတ်ပေါ့ပါးလာပြီး ခန္ဓာကိုယ်လည်း အရင်ကထက် ပေါ့ပါးသလိုခံစားမိကြောင်း၊ ပတ်ဝန်းကျင်လူတွေနဲ့ ဆက်ဆံရေး လဲ ပိုပြေလည်လာကြောင်း၊ ဒါကြောင့် တရားထိုင်တာဟာ စိတ်ကိုလည်းကြည်လင်စေ၊ ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေ၊ ပတ်ဝန်းကျင်ကို လည်း အေးချမ်းစေ၊ ကုသိုလ်ကိုလဲရစေတဲ့ အလုပ်တစ်ခုဖြစ်လို့ မိမိတို့လိုလူငယ်များ လုပ်သင့်လှပါကြောင်း ထည့်သွင်းပြီး ဆွေးနွေးတင်ပြ သွားပေသည်။ ကြားရသည်မှာ နားဝင်ပီတိ ဂွမ်းဆီထိသလို ခံစားလိုက်မိပါ၏။

သူတို့အားလုံး ဆွေးနွေးတင်ပြလို့ ပြီးသွားတဲ့အခါမှာတော့ စာရေးသူက “ဒီသင်တန်းဟာ ကျောင်းသားများ စာတွေ့ရော လက်တွေ့ရော နှစ်မျိုးလုံး အဆင့်မြင့်မြင့် လေ့လာနိုင်အောင် နွေရာသီဗုဒ္ဓဘာသာသင်တန်း ပြီးဆုံးသူများသာ လက်ခံတာဖြစ်ကြောင်း၊ ဒီတရားစခန်းနှင့် သင်တန်းမှာတက်ပြီးသူများသာ နွေရာသီ August လမှာ ဆရာအဖြစ်နဲ့ လုပ်အားပေးလို့ရမှာဖြစ်ကြောင်း၊ တကယ်လို့ နွေရာသီ လုပ်အားမပေးနိုင်သော်လည်း တရားအားထုတ်တာကို စိတ်ဝင် စားသူများအနေဖြင့် December တရားစခန်းမှာ အမြဲလာရောက်အား ထုတ်နိုင်ကြောင်း၊ ဒါကြောင့် လာမည့် ၂၀၁၂ ခုနှစ် နွေရာသီအတွက် လုပ်အားပေးဆရာ လုပ်လိုသူများ အခုကထဲက စာရင်းသွင်းနိုင်ကြောင်း” ပြောပြီး သူတို့ကို စာရွက်ကလေးချပေးလိုက်၏။ သေချာပေါက်လုပ်အားပေးနိုင်မည့် ကျောင်းသား (၁၅) ယောက်က တခါထဲ စာရင်းပေး ကြ၏။ သူတို့အချိန်ဇယားမသေချာသေး၍ လောလောဆယ် စာရင်းမသွင်းနိုင်သူများကလဲ အခြေအနေပေးရင် လာချင်ကြောင်း ပြောကြ၏။

ဒီတော့ စာရင်းပေးသူများက “တပည့်တော်တို့ စာသင်လာဖို့ သေချာပြီလား”ဟု မေးကြ၏။ စာရင်းမပါသူများကလဲ “အဆင်ပြေလို့ လုပ်အား ပေးလာရင် ရမလား”ဟု မေးပြန်၏။ ဒီတော့ စာရေးသူက “အရည်အချင်းနှင့် ကျွမ်းကျင်သူများကို စိစစ်ရွေးချယ်ရဦးမည်။ နောက်မှ ဘယ်သူတွေကို ရွေးချယ်ကြောင်း အကြောင်းပြန်မည်”ဟု ပြောလိုက်၏။ ဒီတော့ သူတို့အားလုံး တစ်ယောက်တစ်ပေါက်နဲ့ …

“ဘုန်းဘုန်း တပည့်တော်က သြဂတ်စ်မှာလာရမှာလား၊ ဒီဇင်ဘာမှာလာရမှာလား၊ ဘယ်လမှာလာရမှာလဲ၊ သြဂတ်စ်လား……ဒီဇင်ဘာ လား….. ဒီဇင်ဘာလား….. သြဂတ်စ်လား……” ဟု အနည်းငယ် ဆူဆူညံညံ ဖြစ်သွား၏။ ဒါနဲ့ သူတို့ ကျေနပ်အောင် ထပ်ရှင်းပြလိုက်ရသည်။

နောက်ဆုံး သူတို့ တရားခန်းမထဲကနေ ထွက်ခွါသွားချိန်မှာတော့ “မင်းတို့တတွေ အော်ကြီးဟစ်ကျယ်နဲ့ မေးကြမြန်းကြတာဟာ တကယ် တော့ ဆရာကို မလေးစားလို့မဟုတ်ပါဘူး။ စာတွေသင် တရားတွေထိုင်ပြီး ကုသိုလ်တွေ အများကြီးလုပ်ခွင့်ရလိုက်တာကြောင့် နှလုံးဘဝင် ပြုံးရွှင်ပေါ့ပါးပြီး ထွက်လာတဲ့ ပီတိသောမနဿအသံတွေမှန်း ငါသိနေပါတယ်။ မင်းတို့တတွေ ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အလုပ်လုပ်ခွင့် ရချင်လွန်းလို့ အော်ပြီးပျော်နေကြတာပါ။ တကယ်တမ်းပြောရရင် ဘုန်းဘုန်းက မင်းတို့အားလုံး သြဂတ်စ်မှာရော၊ ဒီဇင်ဘာ မှာရော လာစေချင်တာပါ” လို့သူတို့ကို ကြည့်ပြီး အကျွန်ုပ်စိတ်ထဲမှာ စကားတွေအများကြီးပြောရင်း ကျန်ရစ်နေခဲ့တော့၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts