>Tu Maung Nyo – Who is going to win in next election …

>

ဘယ်သူတွေပြိုင်လို့ ဘယ်သူတွေနိုင်မှာပါလိမ့်
တူမောင်ညို ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ၁ ရက်
“ကြားဖြတ်ရွေးကောက်ပွဲ” နဲ့ပတ်သက်ပြီး ဆက်ပြောရအုံးမယ်။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ “ကြားဖြတ်ရွေးကောက်ပွဲ”ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင် ကထုတ်ပြန်ကြေညာလိုက်ပါပြီ။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် တွေမှာသက်ဆိုင်ရာလွှတ်တော်အလိုက်လစ်လပ်နေတဲ့ မဲဆန္ဒနယ် (၄၈) နေရာကို ထုတ်ပြန်ကြေညာထားပါပြီ။
လစ်လပ်နေတဲ့နေရာ (၄၈) နေရာကိုလေ့လာစိစစ်ကြည့်တဲ့အခါပထမအချက်အနေနဲ့ လစ်လပ်သွားတဲ့ နေရာအားလုံးဟာ ကြံ့ဖွံ့ပါတီ (USDP) က အနိုင်ရထားခဲ့တဲ့နေရာတွေဖြစ်တယ်။
 ဒုတိယအချက်ကအဲဒီနေရာ(၄၈)နေရာက ရွေးချယ်ခံရသူ(၄၈)ဦး အနက်(၃၅) ဦးဟာ လက်ရှိအစိုးရ အုပ်ချုပ်ရေးယန္တယားထဲက အဓိကနေရာတွေကို ရယူထားကြသူတွေဖြစ်ပါတယ်။
သမ္မတ ၁ ဦး နဲ့ ဒုတိယသမ္မတ ၂ ဦး၊ ပြည်ထောင်စုဝန်ကြီး၂၂ ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ၁ ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ၁ဦး နဲ့ ဒုတိယဝန်ကြီး ၈ ဦး အဖြစ် အုပ်ချုပ်ရေးယန္တယားထဲမှာ ပါဝင်နေကြပါတယ်။
တတိယအချက်က ကြံ့ဖွံ့ပါတီ(USDP)က လစ်လပ်သွားတဲ့ သူ့ရဲ့နေရာအားလုံးမှာပါဝင်ယှဉ်ပြိုင်မှာလား/မယှဉ်ပြိုင်ဘူးလား ဆိုတာကလည်း အခုအချိန်အထိ ပြောသံဆိုသံမကြားရသေးဘူး။ဒီတိုင်းတော့ လက်ပိုက်ကြည့်နေမယ်မထင်ပါဘူး။  
သမ္မတဦးသိန်းစိန်ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးရဲ့မဲဆန္ဒ နယ်ဖြစ်တဲ့၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်/ဆည်ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ရဲ့နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင်ရဲ့နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွေမှာဘယ်ပါတီက၊ ဘယ်သူတွေဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြ မလဲ။
ဝန်ကြီးဌာန၂ခုစီကို ကိုင်တွယ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းရဲ့ပုလဲမြို့နယ်မဲဆန္ဒနယ်နဲ့  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ရဲ့မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် တွေမှာ ဘယ်ပါတီတွေက၊ ဘယ်သူတွေဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမလဲ။
ဒီတော့ ရှေ့လျှောက် (၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မတိုင်ခင်အထိ)  ဘယ်ပါတီတွေက ဘယ်လိုနေရာတွေမှာ ဘယ်လိုအရေအတွက်နဲ့ဘယ်သူတွေဝင်ရောက်ယှဉ်ပြိုင်ကြမလဲဆိုတာတွေကြားရသိရတော့မှာပါ။
ကုန်ကျစရိတ် ရှုဒေါင့်ကနေကြည့်ရင်ပဲ၊  (၄၈) နေရာလုံးဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုရင်ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကြေး က ချည်း၊ ကိုယ်စားလှယ်လောင်းတစ်ဦးကျပ် ၅ သိန်းနှုန်းနဲ့သိန်းပေါင်း (၂၄၀) ကုန်ကျမှာပါ။
အဲဒီ ကျပ် ၅ သိန်းက ရွေးကောက်ပွဲမှာ နိုင်-နိုင်/ရှုံး-ရှုံး ပြန်ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် ခရီးစရိတ်အပါအဝင် အခြားသော မဲဆွယ်ရေးဆိုင်ရာ ကုန်ကျစရိတ်တွေမပါသေးပါဘူး။
 ကြံ့ဖွံ့ပါတီနဲ့(တစည)တို့ကလွဲရင် အခြားပါတီတွေအတွက်ငွေရေးကြေးရေးဆိုတာ  ကြီးမားလှတဲ့အခက်အခဲတွေထဲက တစ်ခု ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ (တစည)တို့သာ(အဆောက်အအုံ၊ ငွေကြေးစတဲ့) တိုင်းပြည်ပိုင်ပစ္စည်းတွေကို စာရင်းမရှင်းပဲ မောင်ပိုင်စီးခဲ့ကြတာလည်းဖြစ်တယ်။
ကြံ့ဖွံ့ပါတီဟာ စစ်အုပ်စု/စစ်အစိုးရထိပ်သီးတွေခေါင်းဆောင်ပြီး၁၉၉၃ ခုနှစ်ကတည်း “အသင်း” ဆိုတဲ့ အမည်နဲ့ လူစုခဲ့တာဖြစ် ပါတယ်။ ဒါကြောင့် ငွေကြေးဘက်ကရော၊စည်းရုံးဖွဲ့စည်းမှုဖက်ကရော “ရှင်ဘုရင့်ပုဆိုး ပိုးချည်း” ဖြစ်နေတဲ့ ကြံ့ဖွံ့ပါတီ တဖြစ်လဲအသင်း ဖြစ်ပါတယ်။
အခုမှစတင်ဖွဲ့စည်းကြရတဲ့နိုင်ငံရေးပါတီများအတွက်တော့နိုင်ငံရေးပါတီတစ်ခုအဖြစ် “တရားဝင်”ရပ်တည်နိုင်ဖို့ “တည်ထောင် ခွင့်”၊ “မှတ်ပုံတင်ခွင့်”စတဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အဆင့်အမျိုးမျိုးသော အခက်အခဲ၊ရွေးကောက်ပွဲဝင်ပြန်တော့လည်းကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး၊အထွေအထွေမဲဆွယ်စရိတ်စတဲ့ ငွေကြေး ဆိုင်ရာအခက်အခဲ၊မဲဆန္ဒရှင်ပြည်သူလူထုကို အိမ်တိုင်ရာရောက်သွားရောက် စည်းရုံးရာမှာကြုံတွေ့ကြရတဲ့ ပိတ်ပင်ကန့်သတ်မှုအခက် အခဲ စတဲ့အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ 
ဒါ့ကြောင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းမယ့်“ကြားဖြတ်ရွေးကောက်ပွဲ” ဟာ  “၂၀၁၀ နိုဝင်ဘာ၇ ရွေးကောက်ပွဲ” မှာ ပါတီငယ်တွေ ခါးသီးစွာကြုံတွေ့ခဲ့ကြရတဲ့ “ညနိုင်/မနက်ရှုံး” ဖြစ်ရတဲ့“ကြိုတင်မဲ” မသမာမှုတွေ ကင်းရှင်းပါ့မလား။
“ရွေးကောက်ပွဲ” မှန်သမျှ ( ပုံမှန် ၅ နှစ် ၁ ကြိမ်ရွေးကောက်ပွဲ/ကြားဖြတ်ရွေးကောက်ပွဲ) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လက်ထဲမှာဖြစ်ပါတယ်။ဦးတင်အေး ဟာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ကရွေးချယ်ခံရတဲ့ ကြံ့ဖွံ့ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။
ယခင် (နအဖ)စစ်ကောင်စီဝင်တစ်ဦးဖြစ်ပြီး၊ ဒုတိယဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်တယ်ဆိုတာကိုလည်းသတိပြုကြရပါမယ်။
 “ပါတီစွဲ”ကင်းရမယ်လို့ တဖောင်ဖောင်ပြောနေပေမယ့် “အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးကဏ္ဍတွေ”ထဲက သော့ချက်ကျတဲ့နေရာ မှန်သမျှကို ကြံ့ဖွံ့ပါတီဝင် လွှတ်တော်အမတ်မင်းများကသာ ချုပ်ကိုင်ရယူထားပါတယ်။
၂၀၁၂ ခုနှစ်၊ ဧပြီလ “ကြားဖြတ်ရွေးကောက်ပွဲ” မှာ ဘယ်သူတွေပြိုင်လို့ဘယ်သူတွေနိုင်မှာပါလိမ့်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts