>Cho Tu Zaw – My 2 pen

>

အစက်ကလေး ချ ပါရစေ. . .

ချိုတူးဇော်၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၁
ပြိုင်ပွဲဆိုမှတော့ပြိုင်ပွဲလုပ်တဲ့သူတွေက သူတို့စိတ်ကြိုက်စည်းမျည်း၊ စည်းကမ်းတွေကို ထုတ်မှာ ဓမ္မတာပါပဲ။ အဲဒီပြိုင်ပွဲကိုဝင်ရမှဖြစ်မယ် ၀င်ကိုဝင်ချင်တယ်ဆိုရင် အဲဒီစည်းမျည်းစည်းကမ်းတွေ ကို လိုက်ကိုလိုက်နာဖို့လိုပါတယ်။
လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲလုပ်မယ်ဆိုတော့ တချို့ပရိတ်သတ်တွေက ကျနော့်ကို စာ တွေရေးပြီး မေးမြန်းကြပါတယ်။“ဆရာချို ၀င်မပြိုင်ဘူးလား” တဲ့။
ကျနော်က“ကျနော်ဘယ်ပြိုင်ပွဲမှာ ၀င်လေ့မရှိပါဘူး ခင်ဗျာ” လို့ပဲ ပြန်ဖြေခဲ့ပါတယ်။
အနုပညာလွတ်လပ်ခွင့်နဲ့ပါတ်သက်ပြီးကျနော့်ယုံကြည်မှု ကို အထူးတလည်ဘာမှမပြောချင်၊ မရေးချင်ပါဘူး။ ကျနော့်ဇာတ်ကားတွေကိုစဉ်ဆက်မပြတ်ကြည့်ခဲ့တဲ့ ပရိတ်သတ်သာဆိုရင် ကျနော်ဘယ်လိုအနုပညာသမား၊ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာ နားလည် လက်ခံပြီးသားဖြစ်မှာပါ။ လွတ်လပ်ခြင်းအနုပညာ ကိုယုံတဲ့ကျနော်ဟာ “အနုပညာ ဆိုတာ ပြိုင်စရာမဟုတ်” လို့လက်ခံယုံကြည်ပါတယ်။
အဲဒါကျနော့်တကိုယ်ရည် ယုံကြည်မှုပါ။ ဘယ်သူ့ကိုမှလည်း မတိုက်ခိုက်လို၊ ကျနော့်လို မယုံကြည်သူများကိုလည်းလွတ်လပ်စွာကွဲလွဲစေ့ချင်ပါတယ်။  လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်ကျင်းပတဲ့ သူတွေဟာ ကျနော်နဲ့ မတည့်တဲ့သူ၊ ရန်သူ၊ ပြိုင်ဘက် တယောက်မှလည်း မပါတဲ့အတွက်ဆန့်ကျင်စရာလည်းမလို၊ တိုက်ခိုက်စရာလည်းမလိုပါဘူး။
ကိုသူရဆိုတာလည်းကိုယ်ချစ်ခင်လေးစားတဲ့ အနုပညာနောင်တော်တဦးဖြစ်သလို၊ ကိုမင်းထင်ကိုကိုကြီးဆိုတာကျနော်နဲ့ညီအကိုလိုရင်းချာတဲ့ မိတ်ဆွေသူငယ်ချင်းပါ။  ၀ိုင်းရဲ့ ကားလေး ပြိုင်ပွဲကနေပယ်တယ်ဆိုတော့ အဲဒီညီအကိုလိုချစ်တဲ့အနုပညာရောင်းရင်းတွေလုပ်တဲ့ပွဲမှာ ညီအကိုလိုချစ်တဲ့ ညီငယ်ဝိုင်းအတွက်ရော၊တခြားမျိုးဆက်သစ်ညီငယ်တွေ၊  အနုပညာသမားလေးတွေအတွက်ရော.. ကျနော့်အမြင်ကလေးတခုကိုပို့စ်လေးတခုအနေနဲ့ ရေးဖြစ်ပါတယ်။
သူတို့အချင်းချင်းရန်တိုက်ပေးစရာလည်းမလိုသလို၊  သူတို့တွေထဲက ဘယ်သူနဲ့မှလည်းကျနော်ရန်ဖြစ်စရာမလိုပါဘူး။ တဆိတ်ကလေးရှိကိုယ့်အမြင်လေးနဲ့မတူရင် ရန်တွေဖြစ်ကြတာ . . .ငြီးငွေ့စရာကောင်းလှပါပြီ။
“အနုပညာပြိုင်စရာမဟုတ်ပါဘူး” ကိုယ့်ခံစားရသလို ကိုယ့်ဖါသာလွတ်လပ်စွာဖန်တီးပြီးကိုယ့်ဖာသာပြလို့ရပါတယ်. .လို့.. ဆိုတာပါ။
ဝိုင်းရဲ့ကားလေးကအင်တာနက်ပေါ်ပြန့်နှံ့သွားတော့ ပရိသတ်တွေလည်းကြည့်ရတယ်၊အားလုံးလည်းနှစ်ချိုက်ကြတယ်။
ဝိုင်းကကျနော့်ညီငယ်လိုဆိုတော့ သူ့ကိုရည်ရွယ်ပြီး ရေးပါတယ်။
ညီလေးရေ.. ဆုတံဆိပ်တွေနောက်ကိုမလိုက်နဲ့၊  အနုပညာဆိုတာလေ..မင်းရိုးသားစွာခံစားဖန်တီးတင်ပြမှုကို ပရိတ်သတ်တွေက အသိအမှတ်ပြုပြီးဆုတွေပေးလိမ့်မယ်။ ပရိတ်သတ်ပေးတဲ့ဆု ကို မင်း ရပြီးသားပါလို့။
“ပရိသတ်ပေးတဲ့ဆု” ဆိုတာလေ..
ရုပ်ရှင်သမိုင်းမှာပထမဆုံး သုံးနှုန်းခဲ့တဲ့သူကတော့ ကွယ်လွန်သူ ဂီတလုလင်ဘဘဦးကိုကို ပါ။
“မှုန်ရွှေရည်”ကားမှာ နောက်ခံဂီတ ကောင်းလွန်းပေမယ့်၊  အဲဒီခေတ်အခါက တေးဂီတအကယ်ဒမီဆိုတာမရှိသေးတော့ မရခဲ့ဘူး။ ဒီတော့ဒီဘက်ခေတ် အကယ်ဒမီရတဲ့အခါ ဘဘဦးကိုကို က ပရိတ်သတ်ပေးတဲ့ ဆု ကို ကျနော် မှုန်ရွှေရည်ကတည်းက ရခဲ့ပြီးသားပါ လို့ စင်ပေးမှာပြောခဲ့ပါတယ်။
အနုပညာသမားတွေဟာပြည်သူအတွက် ရဲရဲရင့်ရင့် လွတ်လပ်စွာဖန်တီးမယ်ဆိုရင် ပြည်သူပေးတဲ့ ပရိတ်သတ်ပေးတဲ့ဆု ကို ရကြစမြဲပါ။ ဒီဘက်ခေတ်မျိုးဆက်သစ်အနုပညာသမားလူငယ်လေးတချို့ဟာ ပြိုင်ပွဲရှိမှ ဖန်တီးကြသလို၊ပြိုင်ပွဲတွေ၊ ဆုတံဆိပ်တွေနောက်ပဲ ကောက်ကောက်ပါအောင်လိုက်နေကြသလိုတချို့ရေလိုက်လွဲနေကြတာတွေ့လို့ “လွတ်လပ်ခြင်းအနုပညာ စိတ်ဓါတ်” ကလေးကိုလည်း ဖြန့်ဝေတဲ့အနေနဲ့“ချီလေတဲ့ချီလေ…ညီလေးရေ” လို့ ပို့စ်ကလေးတခု ရေးမိပါတယ်။
အကြောင်းကြောင်းကြောင့်ပြိုင်ပွဲဆိုတာတွေ မရှိတော့ရင်တောင်…ပြည်ပကနေအကြောင်းကြောင်းကြောင့် ပြိုင်ပွဲတွေမှာပါဝင်ခွင့်မရလို့စိတ်ဓါတ်ကလေးတွေညှိုးနွမ်းကြမယ့် အနုပညာသမားလေးတွေအတွက် လည်း ရည်စူးပါတယ်။ ဟောဒီ လွတ်လပ်သောကောင်းကင်ယူကျုတို့၊ အိုင်ကျုတို့၊ ဖေ့စ်ဘွတ်ခ်တို့မှာ လွတ်လပ်စွာဖန်တီးတဲ့ အနုပညာကြယ်တွေလွတ်လွတ်လပ်လပ် ထွန်းတောက်ကြစေချင်။အစဉ်အမြဲတပွင့်ပြီးတပွင့် သူ့ထက်ငါ အပြိုင်လှစေချင် လို့ရေးပါတယ်။ အနုပညာဆိုတာ ပြိုင်စရာမဟုတ်၊ပြစရာ လို့ ကျနော်က ယုံကြည်တာလေးကိုလည်း တင်ပြရင်း အဲဒီ လို ယူကျုတွေ အိုင်ကျုတွေဖေ့စ်ဘွတ်ခ်တွေပေါ်က လွတ်လပ်စွာဖန်တီးကြတဲ့ မြန်မာအနုပညာသမားလေးတွေရဲ့အနုပညာတွေကိုလည်း  မြန်မာပြည်ရဲ့လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကြီးထဲ ထည့်ပေးကြစေ့ချင် ကြောင်းပါ။
ကျနော်ကတော့စည်းကမ်းတွေမလိုက်နာနိုင်တဲ့အတွက် မပါပါရစေနဲ့ခင်ဗျာ၊ ကျနော့်စည်းကမ်းလေးနဲ့ပဲကျနော်နေပါရစေ။
ကိုချော(မောင်ချောနွယ်)ရဲ့ ငူငှက်ကလေးတွေ သူ့အလိုလိုကြွေကျတဲ့ ညောင်သီးလေးတွေကို စားပါစေ။ကျနော်တို့အနုပညာဆိုတာ.. ကျနော်တို့ဒဏ်ရာတွေကို ကုစားဖို့သက်သက်ပါ။ ကြိုးဝိုင်းထဲ ၀င်ဖို့၊ ပြေးလမ်းပေါ်တက်ဖို့မဟုတ်ပါဘူးဗျာ။ ။
ချစ်ခင်စွာ
ချိုတူးဇော်
(အယ်ဒီတာမှတ်ချက် -ဇန်န၀ါရီလ ၄ ရက် ရန်ကုန်မြို့မှာ ကျင်းပမယ့် ရုပ်ရှင်ပြိုင်ပွဲတခု ၀င်ရန်တင်သွင်းထားတဲ့ ဒါရိုက်တာဝိုင်း ဖန်တီးတဲ့ “အဲဒီအခန်းကို ဖြတ်” ဇာတ်ကားတို အင်တာနက်ပေါ်ရောက်ရှိခဲ့ပြီးနောက်အဆိုပါရုပ်ရှင်ပြိုင်ပွဲတာဝန်ရှိသူဖြစ်တဲ့ ကိုဇာဂနာက ထိုဇာတ်ကားတိုကိုပြိုင်ပွဲဝင်အဆင့်မှ စည်းကမ်းနှင့်အညီ အရေးယူခဲ့တဲ့အပေါ် ဖေ့စ်ဘွတ်ပရိသတ်များရဲ့ တုန့်ပြန်မှုများထဲကဆောင်းပါးတပုဒ်ကို တင်ပြခြင်း ဖြစ်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts